ရာ့ဖ် ရန်းနစ်ခ် သြစတြီးယား မန်နေဂျာလုပ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရာ့ဖ် ရန်းနစ်ခ်ဟာ သြစတြီးယား လက်ရွေးစင်အသင်းအတွက် နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းခံထားရတာကို လက်ခံလိုက်ပါတယ်။
တကယ်လို့ လက်ခံခဲ့ရင်လည်း နောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကြံပေး အဖြစ် သူ ထမ်းဆောင်ဖို့ ရှိတဲ့ တာဝန်တွေအပေါ် ထိခိုက်မှာ မဟုတ်ဘူးလို့လည်း သူက အစောပိုင်းက ပြောဆိုထားပါတယ်။
အသက် ၆၃ နှစ် ရှိပြီ ဖြစ်တဲ့ ရန်းနစ်ခ်ဟာ မန်ချက်စတာ ယူနိုက်တက် ယာယီမန်နေဂျာအဖြစ် ၃ ပွဲသာ ဆက်ကိုင်ဖို့ ကျန်ပါတော့တယ်။ ဒါပေမယ့် သူဟာ ဒီရာသီ ကုန်ပြီးနောက်မှာ အသင်းအတွက် အကြံပေး နေရာကနေ တလကို ၆ ရက် တာဝန် ထမ်းဆောင်ပေးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။
သူဟာ ဒီတာဝန်ကို ကျေကျေနပ်နပ်ကြီး လက်ခံထားတာ ဖြစ်ပြီး တဖက်မှာလည်း နိုင်ငံတကာ ဘောလုံးပွဲတွေဘက်ကို စိတ်ဝင်စားနေပါတယ်။
ရန်းနစ်ခ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ယာယီနည်းပြ အဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ခြေစွမ်းယိုင်နေတဲ့ အသင်းကို ပဲ့ကိုင်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ထင်သလောက် ခရီးမရောက်ခဲ့ဘဲ ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ဖို့တောင် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေတာကို သူကိုယ်တိုင် လက်ခံထားရပြီ ဖြစ်ပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းက ကစားခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ရန်းနစ်ခ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်တာပဲ ပြောချင်တယ်၊ နောက်ရာသီမှာ အသင်းအကြံပေး အဖြစ် ဆက်ရှိနေမှာ သေချာပါတယ်လို့ ပြောခဲ့ပါတယ်။
သူနဲ့ နောက်ရာသီမှာ အသင်းကို ကိုင်တွယ်မယ့် မန်နေဂျာသစ် အဲရစ် တဲန်ဟဂ်တို့ လူချင်း စကားမပြောရသေးပေမယ့် သူ့ဘက်က အသင်းပိုကောင်းလာစေဖို့ အတွက် လိုလိုလားလားနဲ့ ကူညီသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် တခြားတခု လုပ်ဖို့ အချိန်ရလာမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်း ဒီလိုပဲ သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်လို့ ရန်းနစ်ခ်က ပြောပါတယ်။
သူ့အတွက် ဒီရာသီ ကုန်ပြီးနောက်မှာ ၂ နှစ်တာ အကြံပေး တာဝန် ဆက်ယူပေးဖို့ ဆွေးနွေးကြစဥ်က ရန်းနစ်ခ်က သူ တခြားတခုခု လုပ်ချင်လည်း လွတ်လွတ်လပ်လပ် ဖြစ်နေစေလိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါတယ်။
တကယ်လို့ တခြား ကလပ်အသင်းတခုမှာ တာဝန်ယူမယ်ဆိုရင်တော့ အခက်အခဲ ရှိကောင်း ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသင်းကို တာဝန်ယူမယ်ဆိုရင်တော့ တာဝန်တွေက မတူတော့ပါဘူး။ နောက်ပြီး သြစတြီးယား လက်ရွေးစင် အသင်းမှာက သူတည်ဆောက်ပေးခဲ့တဲ့ ရက်ဒ်ဘူးလ် အသင်းက ဘောလုံးသမားတွေ အများအပြား ရှိနေတာ့ ဒီတာဝန်ကို သူတော်တော်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒီလို စိတ်ဝင်စားနေပေမယ့် အခုသီတင်းပတ် အစောပိုင်းကပဲ ရန်းနစ်ခ်က သူဟာ မန်ချက်စတာ ယူနိုက်တက် ပြန်လည်တည်ဆောက်ရေးမှာ စိတ်နှစ်ထားဆဲ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
တကယ်လို့ အသင်းဘက်ကလည်း သူ့ဆန္ဒတွေကို လိုက်လိုက်လျောလျောနဲ့ ခွင့်ပြုမယ်ဆိုရင် ယူနိုက်တက်ဟာ အသင်းတည်ဆောက်ရာမှာ ကျွမ်းကျင်တဲ့ ရန်းနစ်ခ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အကြံဥာဏ်တွေ ဆက်လက်ရရှိနေဦးမှာ ဖြစ်ပါတယ်။








