ရိုမန်အေဘရာမိုဗစ်ချ် - မိဘမဲ့ဘဝကကနေ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ သူဌေးကြီးဘဝ ခရီးလမ်း

အေဘရာမိုဗစ်ချ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အေဘရာမိုဗစ်ချ်ဟာ သုံး နှစ်သားအရွယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပေမဲ့ ကမ္ဘာ့အချမ်းသာဆုံး လူတွေထဲကတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာ သူနဲ့ ဗလာဒီမာပူတင်တို့ ကြားက ပတ်သက်မှုတွေကြောင့် သူ့စီးပွားရေးလုပ်ငန်းတွေ ထိန်းချုပ်ခံရတာတွေနဲ့ သူ့ဂုဏ်သိက္ခာ ထိခိုက်တာတွေနဲ့ ရင်ဆိုင်နေရပါပြီ။

"လူတွေက ကျွန်တော့်ကို သုံးလေးရက်လောက် အာရုံစိုက်ကြမှာ သေချာပေမဲ့ ခဏနေရင်တော့ ပြီးသွားမှာပါ။ အဲ့ဒီကျရင် ကျွန်တော်ဘယ်သူလဲဆိုတာကိုတောင် သူတို့ မေ့သွားကြမှာပါ။ အဲ့ဒါမျိုးကို ကျွန်တော် သဘောကျတယ်" လို့ ၂၀၀၃ခုနှစ် သူ ချဲလ်ဆီးဘောလုံးအသင်းကို ဝယ်ယူခဲ့တုန်းက ရုရှားဘီလျံနာသူဌေးကြီး အေဘရာမိုဗစ်ချ်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကတော့ သူဘယ်သူလဲ ဆိုတာ မေ့ပျောက်သွားဖို့ မလွယ်တဲ့ကိစ္စတွေပါ။

အေဘရာမိုဗစ်ချ် ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပိုစိစစ်ဖို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီး တဲ့နောက် သူ့အိမ်တွေ၊ သူစုဆောင်းထားတဲ့ အနုပညာလက်ရာတွေနဲ့ ချဲလ်ဆီး ဘောလုံး အသင်း အပါအဝင် ယူကေက သူ့ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်တဲ့အပြင် ခရီးသွားလာခွင့်ကိုပါ ယူကေအစိုးရက ပိတ်ပင်လိုက်ပါတယ်။

ပြီးတော့ သူ့ကို ယူကရိန်းနိုင်ငံကို ကျူးကျော်သိမ်းပိုက်မှုမှာ ပူတင်နဲ့ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ စွပ်စွဲ ထားပါတယ်။

ဗြိတိန်ဘောလုံးလောကကို လွှမ်းမိုးထားတဲ့ သူတစ်ယောက် အခုလိုပြိုလဲသွားတဲ့အပေါ် အားကစားဝါသနာရှင်တွေအတွက် အမြင်အမျိုးမျိုးရှိကြမှာပါ။ ဒါပေမဲ့ သူဟာ ငယ်ဘဝကစပြီး ကြီးမားတဲ့ စိန်ခေါ်မှုတွေက ကျော်ဖြတ်လာခဲ့တဲ့ သူတစ်ယောက်ပါ။

မိဘမဲ့ကနေ ခေတ်ပျက်သူဌေးကြီးဖြစ်လာသူ

ရိုမန်အေဘရာမိုဗစ်ချ်ကို ယူကရိန်းနယ်စပ်နဲ့ မိုင်ရာချီဝေးတဲ့ ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဆာရာတော့ဗ်မြို့မှာ ၁၉၆၆ ခုနှစ်က မွေးဖွားခဲ့တာပါ။ သူ့ အမေ အီရီနာ သူအသက်တစ်နှစ်မှာ သွေးအဆိပ်သင့်ပြီး သေဆုံးခဲ့ရသလို ဖခင်ဖြစ်သူလည်း နှစ်နှစ်အကြာမှာ ဆောက်လုပ် ရေးလုပ်ငန်းခွင်တွင်း ကရိန်းမတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။

အဲဒီနောက် အေဘရာမိုဗစ်ချ်ဟာ ဆွေမျိုးတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ငွေကြေးကြပ်တည်း၊ အအေးပြင်းထန်တဲ့ ရုရှားအနောက်မြောက်ပိုင်း ကိုမီဒေသမှာ ကြီးပြင်း ခဲ့ရပါတယ်။

Saratov city square

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အေဘရာမိုဗစ်ချ်မွေးဖွားခဲ့တဲ့မြို့ကို ၁၉၆၀ ဝန်းကျင်မှာ တွေ့ရစဥ်

"အမှန်အတိုင်းပြောရရင် ကျွန်တော့်ငယ်ဘဝက ဆိုးလှတယ်လို့တော့ မပြောနိုင်ပါဘူး။ ခင်ဗျား ငယ်ဘဝတုန်းက ကြုံခဲ့ရာတွေနဲ့လဲ နှိုင်းယှဥ်ပြောလို့မရပါဘူး။ တယောက်က မုန်လာဥနီစားတယ်၊ တစ်ယောက်က သကြားလုံးစားတယ်၊ နှစ်ခုလုံးက အရသာရှိတာပဲလေ ။ ကလေးဆိုတော့ ကွာခြားချက်တွေကို မသိနိုင်ပါဘူး" လို့ ဂါးဒီးယန်းသတင်းစာ နဲ့ လုပ်တဲ့ ရှားရှားပါးပါး အင်တာဗျူးတစ်ခုမှာ သူက ပြောခဲ့ပါတယ်။

အသက်၁၆ နှစ်မှာ ကျောင်းကထွက် စက်ပြင်ဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး မော်စကိုမြို့ မှာ ပလတ်စတစ် အရုပ်တွေ မရောင်းခင်တုန်းက ရုရှား တပ်နီတော်ထဲဝင် အမှုထမ်းခဲ့ဖူးပါသေးတယ်။ ဆိုဗီယက်ခေါင်းဆောင် မစ်ခေးဂေါ်ဘာချော့ဗ် လက်ထက်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လုပ်ပိုင်ခွင့်တွေ ပိုဖွင့် ပေးလာတာကြောင့် ရေမွှေးနဲ့ ချွေးနံ့ပျောက်ဆေးလုပ်ငန်းတွေဘက်ကို ကူးပြောင်းခဲ့ပြီး သူ့ချမ်း သာကြွယ်ဝမှု လမ်းကြောင်းကို စလျှောက်ခဲ့ပါတယ်။

ငယ်ရွယ်စဥ် စစ်မှုထမ်းခဲ့တုန်းက

ဓာတ်ပုံ ရင်းမြစ်, east2west news

ဓာတ်ပုံ ပုံစာ, ငယ်ရွယ်စဥ် စစ်မှုထမ်းခဲ့တုန်းက

တွင်းထွက်တွေနဲ့ ချမ်းသာလာတဲ့သူ

ဆိုဗီယက်ယူနီယံပြိုကွဲတဲ့အချိန် အစိုးရထိန်းချုပ်ထားတဲ့ ဓာတ်သတ္တုပိုင်ဆိုင်မှုတွေက သူတို့အတွက် အခွင့်အလမ်းတွေ ပိုမိုရရှိစေခဲ့ပြီး သူအသက် ၂၀ ပြည့်ပြီးနှစ်တွေမှာ ထီပေါက်သလို နောက်ထပ် ကံကောင်းမှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်မှာ ရုရှားအစိုးရထံကနေ ဆစ်ဘ်နက် ရေနံကုမ္ပဏီကို ဒေါ်လာသန်း ၂၅၀ ပတ်ဝန်းကျင် နဲ့ သူလေလံဆွဲ ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကုမ္ပဏီကို ၂၀၀၅ ခုနှစ်မှာ ရုရှားအစိုးရကို ပြန်ရောင်းတော့ ဒေါ်လာ ၁၃ ဘီလျံတောင် ရခဲ့ပါတယ်။

ဥပဒေငြိစွန်းမှုတွေကျူးလွန်ပြီး အလွန်များပြားတဲ့ စည်းစိမ်ဥစ္စာတွေရအောင်လုပ်ခဲ့တယ်လို့ သူ့ရှေ့နေတွေ ကလည်း ပြောပါတယ်။ ဆစ်ဘ်နက်ရေနံကုမ္ပဏီကိစ္စမှာလည်း လာဘ်ပေးတာတွေ လုပ်ခဲ့တယ်လို့ ယူကေက တရားရုံးတစ်ခုမှာ ၂၀၁၂ခုနှစ်က သူကိုယ်တိုင် ဝန်ခံထားတာရှိပါတယ်။

လူငယ်ဘဝ မော်စကိုမှာ သူငယ်ချင်းတွေနဲ့ အတူ အေဘရာမိုဗစ်ချ်(ညာအစွန်လူ) ကိုတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, east2west news

ဓာတ်ပုံ ပုံစာ, လူငယ်ဘဝ မော်စကိုမှာ သူငယ်ချင်းတွေနဲ့ အတူ အေဘရာမိုဗစ်ချ်(ညာအစွန်လူ) ကိုတွေ့ရ

ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် ကြွယ်ဝမှုတွေနဲ့ နိုင်ငံရေးအာဏာကို ရယူခဲ့ပြီး ကြီးမားတဲ့ စက်မှုလုပ်ငန်းကြီးကို ထိန်းချုပ်ဖို့လုပ်ခဲ့ကြတဲ့ ခေတ်ပျက်သူဌေးကြီးတွေရဲ့ ၁၉၉၀နှစ် တွေအတွင်းက "အလူမီနီယမ်စစ်ပွဲတွေ " မှာလည်း သူဝင်ပါခဲ့ပါတယ်။

"သုံးရက်မှာ တစ်ယောက်ယောက်ကတော့ အသတ်ခံခဲ့ရတယ်" လို့ အေဘရာမိုဗစ်ချ်က ၂၀၁၁ ခုနှစ်မှာ ပြောခဲ့ပြီး ဒီခြိမ်းခြောက်မှုကြောင့် သူ့ဘေးကင်းလုံခြုံရေးအတွက် အဲ့ဒီကိစ္စတွေမှာ သူသိပ်ဝင်မပါဘဲ နေခဲ့ပါတယ်။

ဒါပေမယ့် အေဘရာမိုဗစ်ချ်ဟာ အဲ့ဒီ မငြိမ်မသက်မှုတွေကြားကပဲ ပေါင်သန်းရာနဲ့ချီ တိုးပွားလာ အောင် လုပ်နိုင်ခဲ့ပါတယ်။

နိုင်ငံရေးလောကထဲကိုလည်းဝင်ခဲ့ဖူး

သူဟာ ရုရှားသမ္မတ ဘောရစ်ယဲ့လ်ဆင်ရဲ့ မဟာမိတ်တစ်ယောက်ဖြစ်ခဲ့ပြီး မော်စကိုရဲ့ ဆိုဗီယက် ခေတ်လွန် နိုင်ငံရေးအခင်းအကျင်း ရုရှားအစိုးရထဲမှာ နေရာတစ်နေရာတောင် ယူခဲ့ပါသေးတယ်။

၁၉၉၉ ခုနှစ် ယဲ့လ်ဆင် ရာထူးက နုတ်ထွက်တော့ အေဘရာမိုဗစ်ချ်ဟာ ၀န်ကြီးချုပ်နဲ့ ကေဂျီဘီ သူလျှိုဟောင်း ဗလာဒီမီယာပူတင်ကို ထောက်ခံသူတွေထဲက တစ်ယောက် အဖြစ်ပါဝင်ခဲ့ပါတယ်။

မစ္စတာပူတင်ဟာ သူ့ကိုယ်သူ ထူထောင်ခဲ့သလို၊ သူဌေးကြီးတွေကိုလည်း လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။ပြီးတော့ သူ့ကို သစ္စာမခံတဲ့သူ တချို့ကိုထောင်ချပြီး တချို့ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

သမ္မတပူတင်ရဲ့ အစောပိုင်းကာလတွေမှာ ချူကိုတာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သမ္မတပူတင်ရဲ့ အစောပိုင်းကာလတွေမှာ ချူကိုတာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့

အေဘရာမိုဗစ်ချ်ကတော့ အဲဒီလို ကံကြမ္မာမျိုးနဲ့ မကြုံခဲ့ရပါဘူး။ ၂၀၀၀ခုနှစ်မှာ ရုရှားနိုင်ငံ အရှေ့မြောက်ဘက်စွန်းက ချူကို့ကာ ဒေသရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တောင် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

သူပိုင်တဲ့ငွေတွေကို လူမှု၀န်ဆောင်မှုကိစ္စတွေမှာ သုံးခဲ့တာကြောင့် နာမည်ကြီးလာခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာ အဲ့ဒီရာထူးက နုတ်ထွက်ခဲ့ပါတယ်။

တချိန်လုံး ပန်းချီ၊ အိမ်၊ ကားတွေ ၀ယ်၊ သူ့ စည်းစိမ်ဥစ္စာ အရှိန်အဝါတွေကိုသုံးပြီး စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်ခဲ့ပါတယ်။

လန်ဒန်က ပိုင်ဆိုင်မှုတွေ

တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ရှက်တတ်တဲ့ သူလို့တောင် ပြောကြတဲ့ အေဘရာမိုဗစ်ချ်ဟာ လူတွေမထင်ထားတဲ့ ခြေလှမ်းတစ်ခုအဖြစ် ၂၀၀၃ ခုနှစ်မှာ လန်ဒန်အနောက်ပိုင်းက အကြီးဆုံး ဘောလုံးအသင်းကို ပေါင်သန်း ၁၄၀ နဲ့ ဝယ်ယူလိုက်တဲ့အတွက် သူ့ကို လူပိုသိများလာခဲ့ ပါတယ်။

"ဘဝနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံယူချက်ကိုပြောရရင် ပရော်ဖက်ရှင်နယ်အသင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ပါ" ချာကိုတာမှာလဲ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်အသင်းတွေရှိတယ်။ ပြီးတော့ ဒီမှာလည်း အဲ့ဒါမျိုးလုပ်ပါမယ်။"

ဟိုဆေးမော်ရင်ညိုနဲ့ အခြားမန်နေဂျာတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ အေဘရာမိုဗစ်ချ်ရဲ့ ကြွယ်ဝမှုနောက်ခံ နဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နှင့် အက်ဖ်အေ ဖလား ၅ ကြိမ်အထိ တောင်ရခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်က ချဲလ်ဆီးအသင်းကို မကြုံစဖူး အောင်မြင်မှုတွေ ယူဆောင်ပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, အေဘရာမိုဗစ်ချ်က ချဲလ်ဆီးအသင်းကို မကြုံစဖူး အောင်မြင်မှုတွေ ယူဆောင်ပေးခဲ့

လတ်တလောနှစ်တွေအတွင်းမှာ အေဘရာမိုဗစ်ချ်ရဲ့ငွေတွေဟာ လန်ဒန်က ပိုင်ဆိုင်မှုတွေအဖြစ် စီးဆင်းပြောင်းလဲခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု အစုစုတွေထဲမှာ လန်ဒန်အနောက်ပိုင်း Kensington Palace Gardensက အိပ်ခန်း ၁၅ ခန်းပါတဲ့ အိမ်ကြီးတအိမ်၊ ချဲလ်ဆီးက တိုက်ခန်းတခန်း ၊ ကော်လိုရာဒိုက မွေးမြူရေးခြံတစ်ခြ၊ ပြင်သစ်ရီဗီယာက အားလပ်ရက်နားနေတဲ့ အိမ်တအိမ်အပါအဝင် စုစုပေါင်း ပေါင်သန်း တစ်ရာ့ငါးဆယ်ကျော် တန်ဖိုးရှိတယ်လို့ သတင်းတွေ က ဆိုပါတယ်။

သူပိုင်တဲ့ ရွက်လှေ Solaris နဲ့ Eclipse တို့ကလည်း ကမ္ဘာပေါ်မှာ အကြီးဆုံး ရွက်လှေတွေ ဖြစ်ပါတယ်။ သုံးကြိမ်တိုင်တိုင် ကွာရှင်းပြတ်စဲမှုတွေလုပ်ခဲ့တဲ့ အေဘရာမိုဗစ်ခ်ျက ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းလည်း ပိုင်တဲ့သူ ဖြစ်ပါတယ်။

အသရေဖျက်မှု

ဂါးဒီးယန်းသတင်းစာကသူ့ကို လူတစ်ယောက်အတွက် ငွေက ဘာတွေလုပ်ပေးနိုင်လဲလို့ ၂၀၀၆ ခုနှစ်တုန်းက မေးတဲ့မေးခွန်းကို "ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်လို့မရဘူး။ ဒါပေမယ့် လွတ်လပ်မှုတချို့တော့ ရပါတယ်"လို့ သူကပြန်ဖြေပါတယ်။

သေချာတာကတော့ သူဟာ ငွေအများကြီး ချမ်းသာကြွယ်ဝတဲ့သူပါ။ ငွေကြေးဆိုင်ရာ မီဒီယာကုမ္ပဏီကြီး ဘလွန်းဘာ့ခ်က အေဘရာမိုဗစ်ရ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၁၃.၇ ဘီလျံရှိ တယ်လို့ ခန့်မှန်းထားပြီး အဲဒီကြွယ်ဝမှုအရ သူ့ကို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် နံပါတ် ၁၂၈ မှာ ထည့်ထားပါတယ်။

ဘလွန်းဘာ့ဂ်နဲ့ပြိုင်ဖက် ဖော့ဘ်စ်ကလည်း သူ့ချမ်းသာကြွယ်ဝမှု ၁၂.၃ ဘီလျံ ရှိတယ်လို့ ဖော်ပြထားပြီး ကမ္ဘာ့အချမ်းသာဆုံးလူ နံပါတ် ၁၄၂ မှာ ထည့်ထားပါတယ်။

အေဘရာမိုဗချ်စ်ပိုင်တဲ့ ဇိမ်ခံ စူပါသင်္ဘောနှစ်စင်းထဲက တစ်စင်းဖြစ်တဲ့ Solarisကို ဘာစီလိုနာမှာတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အေဘရာမိုဗချ်စ်ပိုင်တဲ့ ဇိမ်ခံ စူပါသင်္ဘောနှစ်စင်းထဲက တစ်စင်းဖြစ်တဲ့ Solarisကို ဘာစီလိုနာမှာတွေ့ရ

လတ်တလော သူနဲ့ပတ်သက်ပြီးလူတွေသိချင်နေတဲ့မေးခွန်းက ပူတင်ရဲ့ လွှမ်းမိုးထိန်းချုပ်မှု သူ့အပေါ် ဘယ်လောက်ရှိနေလဲ ဆိုတာပါ။

စာအုပ်ထုတ်ဝေတဲ့ House HarperCollins ကုမ္ပဏီကို အသရေဖျက်မှုနဲ့ ပြီးခဲ့တဲ့နှစ်က အေဘရာမိုဗစ်ချ်က တရားစွဲခဲ့ပါတယ်။ အဲ့ဒီစာအုပ်ထုတ်ဝေရေး ကုမ္ပဏီကထုတ်တဲ့ ကက်သရင်း ဘယ်လ်တန် ရေးတဲ့ "ပူတင်ရဲ့ လူများ"စာအုပ်မှာ ရုရှားသမ္မတ ပူတင်က ချယ်လ်ဆီးကလပ်ကို ဝယ်ဖို့ သူ့ကို အမိန့်ပေးခဲ့တယ်လို့ ရေးထားပါတယ်။

ရှင်းလင်းဖြေရှင်းချက်တွေလုပ်ပေးဖို့ ထုတ်ဝေသူဘက်က သဘောတူတာကြောင့် တရားရုံးမှာ နှစ်ဖက်ပြေလည်သွားခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာပူတင်နဲ့ အေဘရာမိုဗစ်ချ်ကြားမှာ ဆက်နွှယ်မှုတွေရှိတယ်ဆိုတဲ့ ကိစ္စဟာ အထူးသဖြင့် ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေတပ်စုပြီးတော့ ကျူးကျော်လာတဲ့အချိန်မှာ လူတွေကြားထဲမှာ ပိုပြောလာကြပါတယ်။

အေဘရာမိုဗစ်ချ်နဲ့ အခြားရုရှားသူဌေးကြီး ခြောက်ဦးတို့ရဲ့ ယူကေက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပြီလို့ ထုတ်ပြန်လိုက်တဲ့အချိန်မှာ ယူကေ နိုင်ငံခြားရေးဝန်ကြီး လစ္စထရက်စ် က "ပူတင်နဲ့ သူတို့ရဲ့ နီးစပ်ပတ်သက်မှုတွေကြောင့် သူတို့လဲပူတင်ရဲ့ကြံရာပါတွေဖြစ်နေပြီ။ ယူကရိန်းပြည်သူတွေရဲ့ သွေးတွေ သူတို့လက်မှာ စွန်းထင်းနေပြီ"လို့ ပြောခဲ့ပါတယ်။

ပိတ်ဆို့မှုတွေ မချမှတ်မီ ရှစ်ရက်အလိုမှာ ချယ်လ်ဆီးအသင်းကို ရောင်းမယ်လို့ အေဘရာမိုဗစ်ချ် ကြေညာခဲ့ပါတယ်။ ချဲလ်ဆီး ပရိသတ်တချို့ကြားမှာ အေဘရာမိုဗစ်ချ်ရဲ့ နာမည်ကို ဆက်ရွတ် နေကြပေမယ့် နိုင်ငံရေးသမားအများစုကတော့ သူ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ရုံတင်မက အပြီးသိမ်းလိုက်ဖို့‌တောင် ‌တောင်းဆိုနေကြပါတယ်။

"ခင်ဗျားတို့အားလုံးကို လူချင်းနှုတ်ဆက်ဖို့ နောက်ဆုံးအကြိမ် စတန်းဖို့ဒ်ဘရစ်ခ်ျကို လာလည်ခွင့်ရဦးမယ်လို့ တော့ မျှော်လင့်နေပါတယ်"လို့ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးပရိသတ် တွေကို ပြောပါတယ်။ ဒါပေမယ့် လန်ဒန်အနောက်ပိုင်းကို သူပြန်လာလည်နိုင်ဖို့ဆိုတာကတော့ အချိန်တစ်ခုအထိတော့ မဖြစ်နိုင်သေးပါဘူး။

မတ်လအစောပိုင်းကလုပ်တဲ့ ယူကရိန်း-ဘီလာရုစ်နယ်စပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အေဘရာမိုဗစ်ချ် အဆိပ်မိတယ်ဆိုတဲ့ သံသယရှိတဲ့ လက္ခဏာတွေနဲ့ ဝေဒနာခံစားနေရတ ယ်ဆိုတဲ့သတင်းတွေကလည်း လတ်တလောမှာ ထွက်ခဲ့သေးပေမဲ့ ရုရှားဘက်က ဒါမဟုတ်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။