ယူကရိန်း အရေး - စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုကို ရုရှား ကြုံရပြီ

ဗီဒီယို ပုံစာ, မစ်ဇိုင်းထိမှန်တဲ့အတွက် ခါကိဗ်တက္ကသိုလ်ကို အပေါ်ပိုင်း ပျက်ဆီးသွား
    • ရေးသားသူ, ဘက်ကီ မော်တန်
    • ရာထူးတာဝန်, BBC News

အရပ်သားတွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာပြီးတဲ့နောက ယူကရိန်းမှာ ရုရှားက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ စတင်လိုက်ပါပြီ။

နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး (International Criminal Court-ICC)က အကျိုးဆောင်ရှေ့နေချုပ်က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စတာတွေနဲ့ စွပ်စွဲကြတဲ့အပေါ် အထောက် အထားတွေကို စပြီး စုဆောင်းနေပြီလို့ ပြောပါတယ်။

နိုင်ငံပေါင်း ၃၉ နိုင်ငံက အဲဒီလို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာ ICC ရဲ့ အခုလို ခြေလှမ်းဖြစ်လာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကိယက်ဗ်မြို့တော်၊ ခါကိဗ်မြို့နဲ့ ခါဆွန်မြို့တွေအပါအဝင် ယူကရိန်းက မြို့အတော်များများ ဗုံးဒဏ်ကို အပြင်းအထန်ခံခဲ့ရပါတယ်။

နိုင်ငံမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ခါကိဗ်မှာ ရုရှား ကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရပြီး နောက်ပိုင်းကတည်းက ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက ရုရှားဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီလို့ စွပ်စွဲခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းမှာ ခါဆွန်မြို့ဝန်က ရုရှားတပ်ဖွဲ့တွေဟာ အဓိကကျတဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ သူတို့မြို့ကို သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ရုရှားတို့ ဝင်ကျူးကျော်တဲ့ သီတင်းပတ် ၁ ပတ် ကာလအတွင်း ဒါဟာ ပထမဆုံး သိမ်းယူသွားနိုင်တဲ့ မြို့ကြီးတခုပါ။

ဒီသီတင်းပတ်အစောပိုင်းတုန်းက ICC ရဲ့ အကျိုးဆောင်ရှေ့နေချုပ် ကာရင် ခန်းက ယူကရိန်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်ဖို့ကို "ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်" လုပ်မယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ ယူကေ၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုကြတဲ့နောက် ရှေ့နေချုပ်အနေနဲ့ ICC တရားရေးပိုင်းက အတည်ပြုချက်ကို စောင့်ဆိုင်းစရာ မလိုတော့ပဲ စုံစမ်းစစ်ဆေးမှုကို စတင်လိုက်နိုင်ပါပြီ။

မစ္စတာခန်းက စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အထိ ပြန်သွားကာ အတိတ်တုန်းကနဲ့ အခုလက်ရှိ စွပ်စွဲချက်တွေအပေါ် လေ့လာစုံစမ်းသွားမှာပါ။ ၂၀၁၃ ခုနှစ်ဟာ ရုရှားတို့ ခရိုင်းမီးယားကို ဝင်ကျူးကျော်တဲ့နှစ် မတိုင်မီ တနှစ်ပါ။

နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ကြတဲ့ အဆိုးဆုံးသော ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံတွေအနေနဲ့ သီးခြားတရားမစွဲနိုင်ရင် ဒါမှမဟုတ် စွဲလိုတဲ့ ဆန္ဒမရှိဘူးဆိုရင် ICC က တရားစွဲဆိုအရေးယူလေ့ရှိပါတယ်။

တရားရုံးအနေနဲ့ ကိုယ်ပိုင် ရဲတပ်ဖွဲ့မရှိတဲ့အတွက် သံသယတရားခံကို ဖမ်းဆီးနိုင်ဖို့ နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်မှုကို ရယူပါတယ်။ ICC ကပြစ်ဒဏ်ချမှတ်မှုတွေမှာ ထောင်ဒဏ်တွေလည်းပါသလို၊ ဒဏ်ငွေပေးဆောင်ဖို့တွေလည်း ပါဝင်ပါတယ်။

ယူကရိန်းနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့ ရုရှားတို့ကျူးကျော်ခဲ့ချိန်က စပြီး အရပ်သား ၂၀၀၀ ကျော် အသတ်ဖြတ်ခံခဲ့ရပြီလို့ ဆိုပါတယ်။ ဒီအရေအတွက် ပမာဏကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂကော်မရှင်နာမင်းကြီးက လူပေါင်း ၁ သန်းလောက် ယူကရိန်းနိုင်ငံတွင်းကနေ ထွက်ပြေးသွားခဲ့ရပြီ လို့ ပြောပါတယ်။

Map showing areas of Ukraine that are under Russian control
1px transparent line

ဗုဒ္ဓဟူးနေတုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ယူကရိန်း ကျူးကျော်မှုကို ချက်ချင်းအဆုံးသတ်ဖို့ တခဲနက်မဲပေးခဲ့ကြ ပါတယ်။

ဝင်ရောက်ကျူးကျော် သိမ်းပိုက်နေတဲ့ တပ်တွေ ချက်ချင်းရုပ်သိမ်းဖို့ အဲဒီတောင်းဆိုချက် ကို ဘယ်လာရုစ်၊ မြောက်ကိုရီးယား၊ အယ်ရီထရီးယားနဲ့ ဆီးရီးယား ၄ နိုင်ငံတို့သာ ရုရှားနဲ့ ပေါင်းပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး၊ နိုင်ငံပေါင်း ၃၅ နိုင်ငံက မဲမပေးပဲ နေခဲ့ပါတယ်။

အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ စည်းနှောင်မှုမျိုးမရှိပေမယ့် ရုရှားကို သံတမန်ရေးအရ ပိုပြီး အထီးကျန်အောင် လုပ်နိုင်ခဲ့ပါတယ်။

ခါကိဗ်မြို့ဝန်က ဗုဒ္ဓဟူးနေ့တုန်းက ဘီဘီစီကို ပြောရာမှာ အမြောက်တွေနဲ့ ပစ်တာ၊ မစ်ဇိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေက အရပ်သားတွေ နေထိုင်ရာ ဧရိယာတွေကို ထိမှန်ခဲ့ပြီး လူအထိအခိုက် အသေအဆုံးအများအပြားရှိခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတောင်ပိုင်းက မီနီယာပူးလ်မြို့မှာလည်း နာရီပေါင်းများစွာ ဆက်တိုက် အမြောက်နဲ့ပစ်ခဲ့တဲ့အတွက် ရာနဲ့ချီတဲ့လူတွေ သေဆုံးမယ့် အရေးကို စိုးရိမ်နေကြပါတယ်။

ဒီသတင်းတွေကြားမှာပဲ ကိယက်ဗ်ကို ဝိုင်းဖို့ ကြိုးစားနေတဲ့ ရုရှားတပ်တွေ ရှေ့မတိုးနိုင်ဘဲ နှောင့်နှေးနေပါတယ်။ မြို့တော်ကို ရုရှားကလေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်လုပ်နေပေမယ့် မြို့တော်မြောက်ဘက်က ဝင်ဖို့ ကြိုးစားနေတဲ့ ရုရှားတပ်တွေဟာ တနေ့လုံးနေမှ ရှေ့ကို မတိုးနိုင်သလောက်ပဲလို့ အမေရိကန် အရာရှိတယောက်က ပြောပါတယ်။

ကိယက်ဗ်က ရုပ်မြင်သံကြားလွှင့် တာဝါတိုင်တခု အင်္ဂါနေ့က ဗုံးဒဏ်ထိခဲ့လို့ မီဒီယာထုတ်လွှင့်မှုတွေ ပြတ်တောက်ခဲ့ရသလို၊ လူ ၅ ယောက် သေဆုံးခဲ့ရပါတယ်။

ခါကိဗ်မြို့မှာလည်း မြို့ရဲ့ လွတ်လပ်ရေး ရင်ပြင်တဝိုက်က အော်ပရာပြဇာတ်ရုံ၊ ကပွဲခန်းမ နဲ့ အစိုးရ အဆောက်အအုံတွေ ဗုံးဒဏ်သင့် ခဲ့ရပြီး အနည်းဆုး လူ ၁၀ ယောက် သေကြေခဲ့ရပါတယ်။