ယူကရိန်းထဲက အမေရိကန်နိုင်ငံသားတွေ ထွက်သွားကြဖို့ ဂျိုးဘိုင်ဒန်ပြော

ရုရှား ကျူးကျော်လာမှာကို စိုးရိမ်မှုတွေ ရှိနေသလို ယူကရိန်းတပ်ဖွဲ့ဝင်တွေလည်း စစ်ရေး လေ့ကျင့်နေကြ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ရုရှား ကျူးကျော်လာမှာကို စိုးရိမ်မှုတွေ ရှိနေသလို ယူကရိန်းတပ်ဖွဲ့ဝင်တွေလည်း စစ်ရေး လေ့ကျင့်နေကြ

ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ယူကရိန်းထဲက အမေရိကန်နိုင်ငံသားတွေ ချင်းခြင်း ထွက်ခွာကြဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်လာရင် အမေရိကန်တွေကို ကယ်ထုတ်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ကြောင်းလည်း မစ္စတာဘိုင်ဒန်က ပြောပါတယ်။

ဒေသတွင်းမှာ အခြေအနေတွေဟာ ရုတ်ချည်းပြောင်းလဲသွားနိုင်ကြောင်းလည်း သူက သတိပေးထားပါတယ်။

ရုရှားက ယူကရိန်းနဲ့ နယ်စပ်မှာ တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ကျော်ကို တပ်ချထားပေမယ့် ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဥ်မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

ဒါပေမယ့် မကြာသေးခင်ကပဲ အိမ်နီးချင်း ဘယ်လာရုစ်နဲ့ အတူ အင်အားကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုတွေ စတင်နေပြီ ဖြစ်ပြီး ယူကရိန်းဘက်ကလည်း ရုရှားဟာ သူတို့ပင်လယ်ထွက်ပေါက်ကို ပိတ်ထားတယ်လို့ စွပ်စွဲပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းအရေး သံတမန်ရေးကြိုးပမ်းမှုတွေရှိနေ

ရုရှားက သူတို့ရဲ့ အရင် ဆိုဗီယက်နိုင်ငံဟောင်း ဖြစ်တဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံ နေတိုး အဖွဲ့ကို မဝင်ဖို့ကို ကန့်သတ်ချက်တွေ ထားချင်ကြောင်း ပြောထားပါတယ်။

ယူကေ ဝန်ကြီးချုပ် ဘောရစ္စဂျွန်ဆင်က ဒီတင်းမာမှုတွေကြောင့် ဥရောပမှာ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း ယူကရိန်းထဲက အမေရိကန်တွေ ချက်ချင်း ထွက်ခွာကြဖို့ အတွက် တိုက်တွန်းထားပါတယ်။ မစ္စတာ ဘိုင်ဒန်က အမေရိကန် နိုင်ငံသားတွေ အခုကို ထွက်ခွာသင့်နေပြီ ဖြစ်တယ်လို့ NBC News ကို ပြောခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာ့အင်အားအကောင်းဆုံး စစ်တပ်တခုနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်၊ ဒါကြောင့် အခြေအနေတွေက တခဏအတွင်း ဆိုးဆိုးရွားရွားတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

တကယ်လို့ အခြေအနေတွေအရ အမေရိကန်တွေကို ကယ်ထုတ်ဖို့ တပ်ဖွဲ့ဝင် စေလွှတ်မလား ဆိုတဲ့ အခါမှာတော့ မဖြစ်နိုင်ဘူး၊ အမေရိကန်နဲ့ ရုရှားအကြား တိုက်ကြပြီ ဆိုတာနဲ့ ကမ္ဘာစစ်ဖြစ်ပြီ၊ ကမ္ဘာကြီးဟာ အရင်ကနဲ့ မတူတော့ဘူးလို့ ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်း အရေး တင်းမာမှုတွေကို လျှော့ချနိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ သံတမန်ရေး နည်းလမ်းတွေနဲ့ အသည်းအသန် ကြိုးပမ်းနေကြပါတယ်။

ယူကရိန်း အရှေ့ဖျားက ခွဲထွက်ရေး သမားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ပြင်သစ်နဲ့ ဂျာမနီက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြရာမှာလည်း ဘာသဘောတူညီမှုမှ မရခဲ့ဘူးလို့ ယူကရိန်းရော ရုရှားရောက ကြာသပတေးနေ့ အနှောင်းပိုင်းက ကြေညာခဲ့ကြပါတယ်။

map

ယူကရိန်း ကိုယ်စားလှယ် အန်ဒရေ ယာမတ်ခ်ကတော့ သဘောမတူညီမှုတွေ ရှိနေပေမယ့် စေ့စပ်ဆွေးနွေးလိုစိတ်တွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်က ရုရှားက ယူကရိန်း တောင်ပိုင်းက ခရိုင်းမီးယား ကျွန်းစွယ်ကို ဖဲ့ထုတ်သွားခဲ့အပြီး အခုတဖန် တင်းမာမှုတွေ တကြော့ပြန်စလာတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ယူကရိန်း အရှေ့ဖျားက ရုရှားနဲ့ နယ်စပ်မှာလည်း ယူကရိန်း တပ်တွေနဲ့ ရုရှား ထောက်ပံ့ပေးနေတဲ့ ခွဲထွက်ရေး သူပုန်တွေအကြား တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ ယူကေ ဝန်ကြီးချုပ်က သူ့အနေနဲ့ ခိုင်မာတဲ့ အဟန့်အတားနဲ့ စိတ်ရှည်သည်းခံတဲ့ သံတမန်ရေး တွေနဲ့ အခု အကြပ်အတည်းတွေကို ဖြေလျှော့ဖို့ နည်းလမ်း ရှာတွေ့ဖို့ မျှော်လင့်ကြောင်းပြောပါတယ်။ ဒါပေမယ့်လည်း တော်တော်ခက်ခဲတယ်လို့ ဆိုပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နေတိုးနဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဂျွန်ဆင်က သူ့အနေနဲ့ ရုရှားဟာ ယူကရိန်းကို ကျူးကျော်မလား ဆိုတာကို မဆုံးဖြတ်ရသေးဘူး ထင်ကြောင်း ပြောပါတယ်၊ ဒါပေမယ့် ယူကေ ထောက်လှမ်းရေးတွေကတော့ အခြေအနေ မကောင်းဘူးလို့ ယူဆပါတယ်။

ယူကေ နဲ့ ရုရှား (ညာ) နိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကေ နဲ့ ရုရှား (ညာ) နိုင်ငံခြားရေးဝန်ကြီး

ယူကေ ကာကွယ်ရေး ဝန်ကြီး ဘဲန် ဝေါလေ့စ် ဟာလည်း သောကြာနေ့ မှာ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေ ရွှိုင်းဂုနဲ့ မော်စကိုမြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ယူကေ နိုင်ငံခြားရေး ဝန်ကြီး လဇ် ထရပ်စ်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်တို့ အကြား အေးစက်စက် တွေ့ဆုံမှုအပြီး နောက်တရက်အကြာမှာ အခုလို ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

မစ္စတာ လက်ဗရော့ဗ်ကတော့ ယူကေနဲ့ ရုရှားတို့ အကြား ဆက်ဆံရေးက နှစ်အနည်းငယ်အတွင်း အနိမ့်ဆုံးအခြေအနေကို ရောက်နေပြီ ဖြစ်ပြီး အားရစရာ မရှိဘူးလို့ ဆိုပါတယ်။ လဇ် ထရပ်စ်ကလည်း ရုရှားဟာ စစ်အေး တိုက်ပွဲတုန်းက အသုံးအနှုန်းတွေကို သုံးနေတယ်လို့ စွပ်စွဲပါတယ်။

မော်စကို မြို့ကို မထွက်ခွာခင်မှာ မစ္စတာ ဝေါလေ့စ်က ယူကေဘက်က ကျည်ကာအင်္ကျီ၊ ဦးထုပ်တွေနဲ့ စစ်ဖိနပ်တွေလို ကာကွယ်ရေး ဝတ်စုံနဲ့ ပစ္စည်းတွေကို ယူကရိန်း အစိုးရဆီကို ပို့ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နေတိုး နိုင်ငံတွေကို ဒီလို လာခြိမ်းခြောက်လို့ မရဘူးဆိုတာ ပြသဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းက ရုရှားဟာ သူတို့ ပင်လယ်ထွက်ပေါက်တွေကို ပိတ်ထားတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ရုရှား ရေတပ်ဟာ အဲဒီ ရေပြင်မှာ စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ဒီမီထရို ကူလဲဘက အက်ဇော့ဗ် ပင်လယ်ဟာ လုံးဝ အပိတ်ခံထားရသလို ပင်လယ်နက်ဟာ ဆိုရင်လည်း ရုရှားတပ်တွေကြောင့် လုံးဝနီးပါး ပိတ်သွားသလောက် ဖြစ်နေပြီလို့ ပြောပါတယ်။

လာမယ့် သီတင်းပတ်အတွင်းမှာ ရုရှားရေတပ်ဟာ ယူကရိန်း တောင်ပိုင်းမှာ ရှိတဲ့ အဲဒီ ပင်လယ်နက်နဲ့ အက်ဇော့ဗ် ပင်လယ် ၂ စင်းအတွင်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဖို့ စီစဥ်ထားပါတယ်။

ပင်လယ်နက်ထဲကို ထွက်ခွာလာတဲ့ ရုရှား ရေတပ်သင်္ဘောတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပင်လယ်နက်ထဲကို ထွက်ခွာလာတဲ့ ရုရှား ရေတပ်သင်္ဘောတွေ

ဒါပေမယ့် ယူကရိန်း နယ်ခြားစောင့် တပ်ဖွဲ့ကတော့ ရုရှားက အက်ဇော့ဗ် ပင်လယ်မှာ သူတို့ စစ်ရေး လေ့ကျင့်မှု မလုပ်တော့ဘူးလို့ ပြောကြောင်း သောကြာနေ့က ပြောပါတယ်။ အဲဒီ အက်ဇော့ဗ် ပင်လယ်ဟာ ကုန်းတွင်း ပင်လယ်တခု ဖြစ်ပြီး ရုရှားနဲ့ ယူကရိန်း အကြား နယ်စပ်မှာ ရှိပါတယ်။ ပင်လယ်နက်ထဲမှာတော့ လာမယ့် တနင်္ဂနွေနေ့က စပြီး ဧရိယာ ၂ ခုကို ၆ ရက်ကြာ ပိတ်ထားမှာ ဖြစ်ပါတယ်။

ခရိုင်းမီးယားမှာတော့ သောကြာနေ့ကစပြီး ရုရှားရဲ့ စစ်ရေး လေ့ကျင့်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ ယူကရိန်း မြောက်ပိုင်းက ဘယ်လာရုစ်မှာလည်း ၁၀ ရက်ကြာ စစ်ရေး လေ့ကျင့်မှုတွေ စတင်နေပြီး ဖြစ်ပါတယ်။

ဒီလို စစ်ရေး လေ့ကျင့်မှုတွေကြောင့် ရုရှား စစ်တပ်တွေဟာ ယူကရိန်း မြို့တော် ကိယဗ်နဲ့ အနီးထိ ရောက်လာနိုင်ပြီး တကယ်လို့သာ ကျူးကျော်မယ်ဆိုရင် မြို့တော်ကို တိုက်ခိုက်ဖို့ ပိုမို လွယ်ကူစေမှာ ဖြစ်တယ်ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ရုရှားကတော့ စစ်ရေး လေ့ကျင့်မှုတွေ ပြီးတဲ့အခါ တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းသွားမှာပါလို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်းအရေး ရုရှားရဲ့ တောင်းဆိုချက်ကို အမေရိကန်က ပယ်ချ

ယူကရိန်းဘက်ကလည်း သူတို့ ဘာသာ ၁၀ ရက်ကြာ စစ်ရေး လေ့ကျင့်မှုတွေ စတင်နေပြီ ဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောကြားတာမျိုး သိပ်မရှိပါဘူး။

မော်စကိုက အရင်က ဆိုဗီယက် ပြည်ထောင်စုဝင် ဖြစ်ခဲ့ပြီး ရုရှားနဲ့ လူမှုရေးနဲ့ ယဥ်ကျေးမှုအရ ဆက်နွှယ်မှုတွေ အများကြီး ရှိနေတဲ့ ယူကရိန်းဟာ တနေ့မှာ အနောက် အုပ်စုရဲ့ ကာကွယ်ရေး မဟာမိတ်အဖွဲ့ဖြစ်တဲ့ နေတိုး အဖွဲ့ထဲ ဝင်သွားမှာကို လက်မခံနိုင်ဘူး လို့ ပြောထားပါတယ်။

နောက်ပြီး ရုရှားဟာ ပြီးခဲ့တဲ့ ၂၀၁၄ က စခဲ့ပြီး ယူကရိန်း အရှေ့ဖျား ဒွန်ဘတ်စ် ဒေသထဲက လက်နက်ကိုင် သူပုန်တွေကိုလည်း ထောက်ပံ့ပေးနေခဲ့ပါတယ်။ အဲဒီ ဒေသက တိုက်ပွဲတွေ ကြောင့် အရပ်သားတွေ အပါအဝင် လူပေါင်း ၁၄,၀၀၀ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ဖျားက စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် ဆွေးနွေးသဘောတူထားတဲ့ မင့်စ်ခ် သဘောတူညီချက်တွေကို အခြေခံပြီး လက်ရှိ အကြပ်အတည်းတွေကို ဖြေလျှော့ ပေးနိုင်မလား ဆိုတဲ့ အကြံပြုချက်တွေလည်း ရှိလာနေပါတယ်။

အဲဒီ ၂၀၁၄ - ၂၀၁၅ က ရခဲ့တဲ့ သဘောတူညီချက်တွေကို ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီ တို့က အသိအမှတ်ပြု ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။