အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်အတွက် အစိုးရိမ်မလွန်ဖို့ WHO ပြော

WHO's top scientist Soumya Swaminathan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လက်ရှိ အနေအထားက ယခင်နှစ် ကိုဗစ်အခြေအနေနဲ့ မတူတော့တဲ့အတွက် သတိထားပြင်ဆင်တာမျိုးပဲ ဖြစ်သင့်ပြီး အစိုးရိမ်မလွန်သင့်ဘူးလို့ WHO သိပ္ပံပညာရှင်ပြော

ကမ္ဘာကြီးအနေနဲ့ အိုမီခရွန် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အတွက် ပြင်ဆင်မှုတွေ လုပ်ထားသင့်ပေမယ့် အစိုးရိမ်မလွန်သင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

လက်ရှိ ရရှိထားတဲ့ သတင်းပေးပို့ချက်တွေအရ အိုမီခရွန်ကိုဗစ် ကူးစက်မှု တွေ့ရှိထားတဲ့ နိုင်ငံ ၄၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။

မူလ ကိုဗစ်ကနေ အတော်များများ ဗီဇပြောင်းလဲမှုရှိတဲ့ အဲဒီ အိုမီခရွန်ကိုဗစ်ဟာ ပိုပြီး ကူးစက်နိုင်မှု မြင့်မားသလား ဒါမှမဟုတ် ကာကွယ်ဆေး ထိုးထားတဲ့ကြားက ကူးစက်ဖြစ်ပွားနိုင်သလား စတဲ့ အချက်အလက်တွေ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံက သိပ္ပံပညာရှင်တွေရဲ့ အစောပိုင်း ရရှိတဲ့ အချက်အလက်တွေအရကတော့ အဲဒီ မူကွဲကိုဗစ်ဟာ ယခင်ကိုဗစ်သက်သာထားပြီး ကိုယ်ခံအားရှိထားတဲ့ လူတွေမှာပါ ထပ်မံ ဖြစ်ပွားနိုင်စရာ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်တွေကတော့ အဲဒီလေ့လာသုံးသပ်ချက်ကို သတိထားသင့်ပြီး လုံးဝသေသေချာချာ ပြောနိုင်တဲ့ လေ့လာချက်မဟုတ်သေးဘူးလို့ ဆိုပါတယ်။

WHO သိပ္ပံပညာရှင် ဒေါက်တာ ဆူမြာ ဆွာမီနသန် ကတော့ အိုမီခရွန်ကိုဗစ်ဟာ တောင်အာဖရိက ကရတဲ့ အချက်အလက်တွေအရ ကူးစက်မှုမြင့်တဲ့ ကိုဗစ်တမျိုးလို့ ဆိုနိုင်ပြီး တကမ္ဘာလုံးမှာ ရောက်ရှိသွားနိုင်တဲ့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

အမှန်တကယ် အခုလို တကယ်ဖြစ်လာ မလားဆိုတာကတော့ ခန့်မှန်းရခက်ခဲတယ်၊ တကမ္ဘာလုံးရဲ့ လက်ရှိအနေအထားကတော့ ဒယ်လ်တာ အမျိုးအစား ကိုဗစ်က လွှမ်းမိုးနေပြီး ဖြစ်ပွားမှုရဲ့ ၉၉ ရာခိုင်နှုန်းလောက်အထိက အဲဒီ ဗီဇမျိုးကွဲကိုဗစ် ဖြစ်တယ်လို့ ဒေါက်တာ ဆွာမိနသန် က Reuters Next ညီလာခံမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အနေအထားက ယခင်နှစ် ကိုဗစ်အခြေအနေနဲ့ မတူတော့တဲ့အတွက် သတိထားပြင်ဆင်တာမျိုးပဲ ဖြစ်သင့်ပြီး အစိုးရိမ်မလွန်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

WHO ရဲ့ အရေးပေါ်ဆိုင်ရာ ဒါရိုက်တာ မိုက်ရိုင်ယန်ကလည်း အခုအချိန်က ထိရောက်မှု မြင့်မားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရှိနေပြီ ဖြစ်တဲ့အတွက် ဒီကာကွယ်ဆေးတွေကို ထိထိရောက်ရောက် ဖြန့်ဖြူးရေးကို ပိုပြီး အာရုံထားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ အနေအထားမှာ ရှိပြီးသား ကိုဗစ်ကာကွယ်ဆေးတွေကို အဲဒီ ကိုဗစ်မျိုးကွဲသစ်အတွက် ထိရောက်အောင် ပုံစံပြောင်းလဲစရာ လိုတယ် ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိသေးဘူးလို့ သူက ဆိုပါတယ်။

Virus

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုမီခရွန်ကိုဗစ်ဟာ တွေ့ရှိပြီးသား ဗီဇမျိုးကွဲ ကိုဗစ်တွေထဲမှာ ဗီဇပြောင်းလဲမှု အများဆုံးရှိတဲ့ အမျိုးအစားဖြစ်

အိုမီခရွန်ကိုဗစ်နဲ့ ပတ်သက်တဲ့ တွေ့ရှိမှုနဲ့ ကာကွယ်မှု နိုင်ငံတကာ အခြေအနေ

ကမ္ဘာတလွှားက နိုင်ငံတွေကတော့ အိုမီခရွန်ကိုဗစ်ကို စတင်တွေ့ရှိပြီး နောက်ပိုင်းက စပြီး အာဖရိကတောင်ပိုင်း နိုင်ငံတွေကလာတဲ့ ခရီးသွားတွေကို ပိတ်ပင်ထားကြပါတယ်။

အမေရိကန်နိုင်ငံဆိုရင် ပြည်တွင်းကို ဝင်လာတဲ့ နိုင်ငံတကာ ခရီးသွားများအားလုံးအနေနဲ့ ခရီးထွက်မလာခင် တရက်အလိုမှာ ကိုဗစ်စစ်ထားပြီး ကင်းရှင်းမှသာလျှင် ဝင်ခွင့်ရမယ်ဆိုတဲ့ စည်းကမ်းသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းက အနည်းဆုံး ပြည်နယ် ၆ ခုမှာ အဲဒီ အိုမီခရွန်ကိုဗစ် တွေ့ရှိထားပြီး အဲဒီအထဲက ဟာဝိုင်အီမှာဆိုရင် လတ်တလော ခရီးသွားမှု ဆိုင်ရာ မှတ်တမ်းမဝင်ဘဲ အခုလို တွေ့ရှိရတာလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ပထမဆုံး အိုမီခရွန်ကိုဗစ်ကူးစက်မှု နှစ်ခု တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

အခုလို တွေ့ရှိမှု နှစ်ခုမှာ တဦးက အသက် ၆၆ နှစ်အရွယ် တောင်အာဖရိကက လာသူတဦး ဖြစ်ပြီး အိန္ဒိယကနေ ပြန်လည် ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

နောက်တဦးကတော့ အိန္ဒိယတောင်ပိုင်း ဘန်ဂယ်လူရူးမြို့က အသက် ၄၆ နှစ်အရွယ် ဆရာဝန်တဦးဖြစ်ပြီး သူကတော့ ခရီးသွားထားတာမရှိဘဲ ကူးစက်ခံထားရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဥရောပနိုင်ငံတွေဘက်မှာ ဆိုရင်တော့ တကျော့ပြန် ကိုဗစ်ဖြစ်ပွားမှုတွေ များလာနေတဲ့ အချိန်မှာပဲ အခုလို အိုမီခရွန်ကိုဗစ် ကူးစက်ခံရသူတွေကိုပါ စတင် တွေ့ရှိလာရတာ ဖြစ်ပါတယ်။

ဂျာမနီမှာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကတည်းက စပြီး ကိုဗစ်ကာကွယ်ဆေး ထိုးမထားတဲ့သူတွေကို ကန့်သတ်တဲ့ စည်းကမ်းတွေ စတင် ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီက စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ဆိုင်တွေအများစုမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသားလူ၊ ဒါမှမဟုတ် ကိုဗစ်ဖြစ်ထားပြီး ပြန်လည်ပျောက်ကင်းထားသူတွေကိုသာ ဝင်ခွင့်ပေးမယ် ဆိုတဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလ လောက်က စပြီး ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်နိုင်တယ်လို့လည်း ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကယ်က ပြောပါတယ်။

ဂျာမနီနဲ့ အိမ်နီးချင်း သြစတြီးယားနိုင်ငံကတော့ လာမယ့် ဖေဖော်ဝါရီလ တရက်နေ့ကစပြီး လူတိုင်း ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ ထိုးရမယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဥရောပက ဘယ်လ်ဂျီယံနဲ့ နယ်သာလန်အပါအဝင် နိုင်ငံအများအပြားကလည်း ကိုဗစ်ပြန့်ပွားမှု တိုက်ဖျက်ရေးဆိုင်ရာ စည်းကမ်းတင်းကျပ်မှုတွေကို ပြန်လည် ပြုလုပ်ခဲ့ပါတယ်။

ယူကေနိုင်ငံမှာဆိုရင်လည်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားလူတွေကိုပါ နောက်ထိုး ကိုဗစ်ကာကွယ်ဆေးတလုံး ထပ်ထိုးပေးဖို့ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ယူကေအစိုးရအနေနဲ့ ဖိုင်ဇာနဲ့ မဒါးနား ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၁၄ သန်းကို ထပ်မံ ဝယ်ယူခဲ့ပြီး လာမယ့် ဇန်နဝါရီလမှာ အရွယ်ရောက်ပြီး နိုင်ငံသားအားလုံးကို နောက်တိုး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်အတွက် ကြိုတင်ပြင်ဆင်နေ