ထိုင်းမှာ 'အာဖရိကသားတွေကို တောနင်းရှာ'ဆိုတဲ့ သတင်း ခေါင်းစဥ်ကို ပြောင်းလဲလိုက်ရ

ထိုင်းအာဏာပိုင်တွေက အာဖရိကတိုက်က ရောက်လာတဲ့ ခရီးသွားတွေကို လိုက်လံ ခြေရာကောက်နိုင်ဖို့ ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းအာဏာပိုင်တွေက အာဖရိကတိုက်က ရောက်လာတဲ့ ခရီးသွားတွေကို လိုက်လံ ခြေရာကောက်နိုင်ဖို့ ကြိုးစား

ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ အရေး ကိုင်တွယ်ဆောင်ရွက်ဖို့ ထိုင်းအစိုးရက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းခေါင်းစဥ်နဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

သတင်းစာက အာဖရိကသားတွေကို အစိုးရက "hunt" အမဲလိုက်သလို တောနင်းရှာနေ ဆိုပြီး သတင်းစာ ရှေ့မျက်နှာဖုံးနဲ့ ဝက်ဘ်ဆိုက်မှာပါ သတင်းခေါင်းစဥ်တပ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှာ အာဖရိကနိုင်ငံတွေက ရောက်လာခဲ့တဲ့ ခရီးသည် ၇၈၃ ယောက်ကို ခြေရာကောက်နိုင်ဖို့ အာဏာပိုင်တွေက ကြိုးစားနေကြတာဖြစ်ပါတယ်။

အာရှနိုင်ငံတွေမှာ ခရီးသွားလာမှုတွေကို ကန့်သတ်ထားပေမယ့် နောက်ဆုံး ကိုဗစ် မျိုးကွဲသစ် ဖြစ်တဲ့ အိုမီခရွန် ကို စတင်တွေ့ရှိလာနေရပြီ ဖြစ်ပါတယ်။

ထိုင်း ကိုဗစ် - ၁၉ အခြေအနေ စီမံ ထိန်းချုပ်ရေး စင်တာရဲ့ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးက သတင်းစာရဲ့ သတင်းခေါင်းစဥ်ဟာ ထိုင်းအစိုးရရဲ့ မူဝါဒ၊ ချဥ်းကပ်ဆောင်ရွက်ပုံနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစီမံချက်တွေကို လုံးဝ ထင်ဟပ်မနေဘူး ဆိုတာကို ရှင်းလင်း ပြတ်သားစွာ ပြောကြားလိုတယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒါဟာ စကားအသုံးအနှုန်း မှားနေတဲ့ ကိစ္စဖြစ်ပြီး စာတည်းမှူးတွေအနေနဲ့ အခု ဖြစ်နေတဲ့ ဝေဖန်ပြောဆိုမှုတွေကနေ သင်ခန်းစာ ယူသင့်တယ်လို့ သူက ပြောပါတယ်။

ပြောခွင့်ရ အမျိုးသမီးက ဘယ်သတင်းစာလဲ ဆိုတာ နာမည်နဲ့ တကွမပြောကြားပေမယ့် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာတော့ ဘန်ကောက်ပို့ စ် သတင်းစာရဲ့ ဒီဇင်ဘာ ၂ ရက်နေ့ထုတ် သတင်းစာ မျက်နှာဖုံးရဲ့ ပုံတွေကို တွေ့ရပါတယ်။

Screenshot

ဓာတ်ပုံ ရင်းမြစ်, Bangkok Post/Screenshot

ဓာတ်ပုံ ပုံစာ, "hunted" အစား "searched for" ဆိုပြီး ပြောင်းလိုက်ရ

သတင်းစာတိုက်ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာလည်း ဒီသတင်းဆောင်းပါးကို ဖော်ပြထားပြီး သတင်းခေါင်းစဥ်ကို "hunted" အစား "searched for" ဆိုပြီး စကားလုံး အသုံးအနှုန်း ပြောင်းလဲထားတာကို တွေ့ရပါတယ်။

ကိုဗစ် - ၁၉ ရဲ့ နောက်ဆုံးပေါ် မျိုးကွဲသစ် အိုမီခရွန်ကို တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ က်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ ဒီမျိုးကွဲသစ်မှာ ကူးစက်မှုနှုန်း ပိုမြင့်မားတာကြောင့် ဒီပိုးသစ် သူတို့ မြေပေါ် ရောက်မလာစေရေး အတွက် အာရှနိုင်ငံတွေ အပါအဝင် ကမ္ဘာ့တဝန်းက နိုင်ငံတွေက အာဖရိကနိုင်ငံတွေက လာတဲ့ ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားလိုက်ကြပါတယ်။

တောင်ကိုရီးယားကလည်း နောက်သီတင်းပတ် ၂ ပတ် အတွင်း ပြည်ပက လာရောက်သူတွေကို ၁၀ ရက် ကွာရန်တင်း ဝင်ခိုင်းမှာ ဖြစ်သလို အင်ဒိုနီးရှားကလည်း ကွာရန်တင်း ကာလကို ၇ ရက်ကနေ ၁၀ ရက်အထိ ထပ်တိုးလိုက်ပါတယ်။

ဒီလို အစီအမံတွေနဲ့ တားဆီးနေကြပေမယ့် စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယ တို့လိုအာရှနိုင်ငံတချို့နဲ့ သြစတေးလျတို့မှာ အိုမီခွရန် ကူးစက်မှုတွေကို စတွေ့နေရပြီ ဖြစ်ပါတယ်။