ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်တွေအတွက် လက်ရှိကာကွယ်ဆေးတွေက ထိရောက်မှာလား
- ရေးသားသူ, မီရှဲလ်ရောဘတ်
- ရာထူးတာဝန်, ကျန်းမာရေးသတင်းအယ်ဒီတာ၊ ဘီဘီစီအွန်လိုင်း
အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်း ပုံစံတစ်ခုဖြစ်တဲ့ အိုမီခရွန်ကိုဗစ်မျိုးကွဲဟာ အဆင့်ပေါင်းများစွာပုံစံပြောင်းလာခဲ့တဲ့ ပိုးမျိုးကွဲတစ်ခု ဖြစ်နေတာကြောင့် ပညာရှင်တွေက စိုးရိမ်စိတ်ပူစွာစောင့်ကြည့်နေကြပါတယ်။ အများကြားရှိနေတဲ့ မေးခွန်းကတော့ လက်ရှိကာကွယ်ဆေးတွေဟာ ဒီပိုမျိုးကွဲကို ထိရောက်စွာတိုက်ထုတ်နိုင်မှာလားဆိုတာပါပဲ။
အခုနောက်ဆုံးတွေ့ရတဲ့ ပိုးမျိုးကွဲက ဘယ်လိုဟာမျိုးပါလဲ။
ကိုရိုနာဗိုင်းရပ်စ်စပေါ်လာကတည်းက မျိုးကွဲပေါင်းထောင်သောင်းချီပြီးလည်း ပေါ်လာခဲ့၊ ကမ္ဘာမှာ ပျံ့နေခဲ့ပြီးပါပြီ။ ဗိုင်းရပ်စ်ပိုးရဲ့ သဘာဝကိုက ဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းလဲတတ်တာမျိုးမို့ ဒါကတော့ သိပ်မထူးဆန်းပါဘူး၊ မျှော်လင့်ထားပြီးသားပါ။
ဒါပေမဲ့ အခုနောက်ဆုံးတွေ့ရတဲ့ သိပ္ပံအခေါ် B.1.1.529 အမည်အားဖြင့် အိုမီခရွန်လို့ပေးထားတဲ့ မျိုးကွဲကတော့ ပညာရှင်တွေကို စိတ်ပူစေခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ ကိုဗစ်ရောဂါဖြစ်စေတဲ့ မူလမူရင်း ပိုးနဲ့ အများကြီးကွာခြားနေလို့ပါပဲ။ အခုလက်ရှိထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေက အဲဒီမူလပိုးကို တိုက်ဖျက်နိုင်ဖို့ ပြင်ဆင်ပြီး ထုတ်ထားကြတာပါ။
အခုမျိုးသစ်မှာ မျိုးဗီဇပြောင်းလဲသွားမှု အခု ၅၀ အထိ တွေ့ရပါတယ်။ အဲဒီအထဲမှာ ၃၂ ခုက ပိုးမှာပါတဲ့ ပရိုတိန်းအတက်လေးတွေမှာပါ၊ ကာကွယ်ဆေးတွေက အဲဒီအတက်လေးတွေကို အဓိကဦးတည်ပြီး တိုက်ခိုက်ကြတာဖြစ်ပါတယ်။
တစ်ဖက်မှာတော့လည်း ဒီ ပိုးမျိုးကွဲအသစ်က ဘာတွေ ဘယ်လောက်အန္တရာယ်ပေးနိုင်မယ်ဆိုတာကို တိတိကျကျ သိကြရသေးတာတော့ မဟုတ်ပါဘူး။
လက်ရှိ ကာကွယ်ဆေးတွေက တိုက်ထုတ်နိုင်မှာလား
အခုလက်ရှိထုတ်လုပ်ပြီးသား အသုံးပြုနေကြပြီဖြစ်တဲ့ ကာကွယ်ဆေးတွေက ဒီနောက်ဆုံးထွက်ပေါ်လာတဲ့ ပိုးမျိုးကွဲနဲ့ တိုက်ရိုက်မချိတ်ဆက်တဲ့အတွက် ဒီမျိုးကွဲကို တိုက်ထုတ်ရာမှာ အရင်မျိုးကွဲတွေကို နိုင်နင်းသလောက် ထိရောက်မှုရှိချင်မှ ရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးတွေက ဒီမျိုးကွဲရန်ကနေ လုံးလုံးအကာအကွယ်မပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။
ကာကွယ်ဆေးတွေဟာ အရင်ပေါ်ထွက်ပြီးသား ဒယ်လတာ၊ အယ်လဖာ၊ ဘီတာနဲ့ ဂမ်မာမျိုးကွဲတွေ ကူးစက်ခံရရင် ဆိုးဆိုးဝါးဝါးနာမကျန်းမှုတွေ မဖြစ်အောင်၊ အသက်ဆုံးရမယ့်ဘေး လျော့နည်းအောင် တားဆီးကာကွယ်ပေးရာမှာ ထိရောက်တယ်ဆိုတာကိုတော့ တွေ့ခဲ့ကြရပြီးပါပြီ။
လက်ရှိပေါ်ထွက်ပြီးသား ပိုးမျိုးကွဲတွေဖြစ်ဖြစ်၊ နောင်ပေါ်လာနိုင်ဦးမယ့် မျိုးကွဲတွေဖြစ်ဖြစ် သူတို့ရဲ့ရန်က အမြင့်ဆုံး ကာကွယ်မှုရနိုင်ဖို့ဆို ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ပြည့်မီအောင် ထိုးနှံထားကြဖို့လိုတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ယူကေမှာဆို booster dose လို့ခေါ်တဲ့ အားဖြည့်ထိုးဆေးတွေကို အသက် ၄၀ ကျော်သူတွေ၊ ကျန်းမာရေးနဲ့ လူမှုကူညီကယ်ဆယ်ရေးဝန်ထမ်းတွေ၊ သက်ကြီးစောင့်ရှောက်မှုဂေဟာတွေမှာ ရှိကြတဲ့ လူကြီးတွေ၊ အသက် ၁၆ ကနေ ၄၉ နှစ်အတွင်းရှိပြီး နဂိုအခံကျန်းမာရေးပြဿနာရှိသူ၊ ကိုဗစ်ကူးစက် ခံရရင် ထိခိုက်ခံရဖို့ ပိုအလားအလာများသူတွေနဲ့ အဲဒီလိုလူတွေနဲ့ တစ်အိမ်ထဲ အတူနေကြရသူတွေကို ထိုးပေးနေပါတယ်။
ယူကေမှာလည်း ကိုဗစ်ကူးစက်မှုတွေ ပြန်တက်လာနေပေမဲ့ ဆေးရုံတက်ရသူတွေ၊ သေဆုံးသူတွေအရေ အတွက်ကတော့ အရင်အခေါက်တွေတုန်းကထက် အများကြီး နည်းပါတယ်။ ဒါကလည်း ကာကွယ်ဆေးထိုးပေးထားနိုင်တဲ့ အတွက်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အခုနောက်ဆုံးပေါ်လာတဲ့ အိုမီခရွန်ပိုးမျိုးကွဲကို လက်ရှိကာကွယ်ဆေးတွေက တိုက်ထုတ်နိုင်မလား ဆိုတာကို ပညာရှင်တွေက စမ်းသပ်မှု အမျိုးမျိုး အကြိမ်ကြိမ် လုပ်ကြမှာပါ။
အခုကတော့ အစပိုင်းပဲ ရှိပါသေးတယ်။ အဲဒီလို စမ်းသပ်ကြရာမှာ အရင်မျိုးကွဲတွေတုန်းက လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး ပိုးမျိုးသစ်ရဲ့ ဗီဇပြောင်းလာပုံမှာ ကူးစက်မှုပိုမြန်စေမယ့် ပြောင်းလဲမှုမျိုးတွေ့ရလား၊ ကာကွယ်ဆေးတွေက ပေးထားနိုင်တဲ့ အကာအကွယ်ကို ကျော်လွှား ရှောင်လွှဲနိုင်မှာလားဆိုတာကို အထူးပြု စမ်းသပ်ကြမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဒီမျိုးကွဲက အရင်တွေ့ပြီးသားမျိုးကွဲတွေထက် ကူးစက်ခံရသူကို ပိုပြီး ပြင်းထန်တဲ့ ဝေဒနာတွေဖြစ်စေသလားဆိုတာကိုလည်း လေ့လာကြပါမယ်။
မျိုးကွဲတွေပေါ်ပေါ်လာနေတော့ သူတို့အတွက် ကာကွယ်ဆေးအသစ်တွေရော ဘယ်လောက်မြန်မြန် ရနိုင်မလဲ။
လက်ရှိထုတ်ပြီးသား ကိုဗစ်ကာကွယ်ဆေးတွေကိုပဲ ပြုပြင်မွမ်းမံပြီး ထုတ်လုပ်ဖို့ စမ်းသပ်တာတွေကတော့ မပြတ်လုပ်နေကြပါတယ်။ ဒါကလည်း ကိုဗစ်ပိုးဟာ မျိုးဗီဇကွဲတွေ ပြောင်းလဲပြီး ပေါ်လာတတ်တာကို သိထားလို့ လိုအပ်လာရင် အဆင်သင့်ဖြစ်အောင်ပါ။
အဲဒီလို လိုအပ်ချက်ရှိလာပြီဆိုရင်တော့ ကာကွယ်ဆေးအသစ်ကို ရက်သတ္တပတ်ပိုင်းအတွင်းမှာ စပြီး စမ်းသပ်တာတွေလုပ်နိုင်ဖို့ အသင့်ဖြစ်နိုင်ပါတယ်။
ဆေးထုတ်လုပ်သူတွေကလည်း အမြန်ထုတ်နိုင်ဖို့ ပြင်ထားသလို အဲဒီကာကွယ်ဆေး အမျိုးအစားအသစ်ကို စစ်ဆေးအတည်ပြုပြီး ခွင့်ပြုချက်ပေးနိုင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း အမြန်ဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူတွေ ဆွေးနွေးထားကြပါတယ်။
အဆင့်တွေခုန်ပျံကျော်လွှား လုပ်ကြမှာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်လာလိုက်တာနဲ့ ပတ်သက်ပြီး သင်ခန်းစာယူစရာ ပြင်ဆင်စရာတွေကို သိထား လုပ်ထားနိုင်ကြပြီဆိုတော့ ဒီတစ်ကြိမ် ကာကွယ်ဆေးထုတ်ဖို့လိုလာပြီဆိုရင် ဆေးရဲ့ ဖော်မြူလာနဲ့ ပုံစံထုတ်တာရယ်၊ ဖြန့်ချိဖို့ ခွင့်ပြုချက်ရတဲ့အထိ အဆင့်တွေမှာ မူလ ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထုတ်ချိန်ကထက်စာရင် အများကြီး မြန်ဆန်သွားမှာဖြစ်ပါတယ်။
တခြား ကိုဗစ်ပိုး မျိုးကွဲတွေကရော
ဒီမျိုးကွဲတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအရာရှိတွေက စောင့်ကြည့်နေကြပါတယ်။ အန္တရာယ်အရှိနိုင်ဆုံးလို့ သတ်မှတ်ထားတဲ့ ကိုဗစ်ပိုးမျိုးကွဲတွေကတော့ဒယ်လတာ(B.1.617.2) အိန္ဒိယမှာ ပထမဆုံးစတွေ့ရပြီး ကမ္ဘာကို ပြန့်သွားခဲ့၊ ယူကေမှာ အများဆုံးတွေ့ရတဲ့ မျိုးကွဲ၊အယ်လဖာ (B.1.1.7) ယူကေမှာ ပထမဆုံးတွေ့ခဲ့ရပြီး နိုင်ငံ ၅၀ ကျော်ကို ပြန့်သွားခဲ့၊ဘီတာ (B.1.351) တောင်အာဖရိကမှာ ပထမဆုံးတွေ့ခဲ့ရပြီး နောက်ထပ် အနည်းဆုံးနိုင်ငံ ၂၀ ဆီပြန့်ခဲ့၊ဂမ်မာ (P.1) ဘရာဇီးမှာ ပထမဆုံးတွေ့ခဲ့ရပြီး တခြား ၁၀ နိုင်ငံအထိ ပြန့်သွားခဲ့။
ဒယ်လတာကိုမှ နောက်ထပ်ထပ်ဆင့် မျိုးကွဲသွားတဲ့ ဒယ်လတာပလပ်စ် AY.4.2 ဆိုတာ ရှိလာသေးတာမို့ အဲဒီမျိုးကွဲကိုလည်း စောင့်ကြည့်နေကြရပါတယ်။
ဒီမျိုးကွဲတွေက ဘယ်လောက် ကြောက်စရာကောင်းပါသလဲ။
လူအများစုအတွက်တော့ အခုတွေ့ရတဲ့ မျိုးကွဲအသစ်တွေဟာ မူလ ကိုဗစ်ပိုးထက်ပိုပြီး ဆိုးဆိုးဝါးဝါးအန္တရာယ်ပေးနိုင်တယ်ဆိုတာမျိုး အထောက်အထား မတွေ့ရပါဘူး။ မူလဗိုင်းရပ်စ်ပိုးလိုပဲ သူတို့ကလည်း အသက်အရွယ်ကြီးသူတွေ၊ နဂိုရောဂါအခံရှိသူတွေအတွက်တော့ ငယ်ရွယ်သူတွေ၊ ရောဂါကင်းသူတွေထက် ပိုပြီး ပြင်းထန်စွာ ထိခိုက်နိုင်စေပါတယ်။
ဒီလိုရှိပေမဲ့ မျိုးကွဲတစ်ခုက ကူးစက်မှုပိုမြန်တယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးမထားရသေးတဲ့ သူတွေကူးစက်ခံရရင် သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ခြေက ပိုများပါတယ်။
ကာကွယ်ဆေးတွေက ကိုဗစ် ၁၉ မူလပိုးပဲ ဖြစ်ဖြစ် မျိုးကွဲပဲ ဖြစ်ဖြစ် ကူးစက်ခံရချိန်မှာ ပြင်းထန်စွာ နာမကျန်းမဖြစ်အောင် အတော်ကြီး ခုခံကာကွယ်ပေးနိုင်ပါတယ်။ ဆေးထိုးထားရင် ကူးစက်မှုကိုလည်း အတန်အသင့် တားဆီးပေးနိုင်ပါတယ်။ ကာကွယ်ဆေးက ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်မယ့် အန္တရာယ်အားလုံးကိုတော့ လုံးဝဥဿုံ အကာအကွယ်ပေးတာမျိုးတော့ မလုပ်နိုင်ပါဘူး။
ရောဂါပိုးမကူးစက်ခံရအောင် ကာကွယ်ဖို့ အကြံပြုချက်ကတော့ ပိုးအားလုံးအတွက် အတူတူပါပဲ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ လူအများကြားသွားရရင် နှာခေါင်းစည်းတပ်ပါ၊ အခန်းတွေထဲမှာ လေဝင်လေထွက်ကောင်းအောင် သတိပြုလုပ်ဆောင်ပါ။
မျိုးကွဲအသစ်တွေ ဘာကြောင့်ပေါ်လာနေတာလဲ။
ဗိုင်းရပ်စ်တွေဟာ သူတို့ဟာသူတို့ ပုံတူကူးပြီး မျိုးကွဲတွေအများကြီး ဆင့်ပွားထုတ်လုပ်တတ်ကြ ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့အဆင့်မှာ အမှားတွေဖြစ်ကြပြီး ဗီဇပြောင်းသွားလို့ မူလပုံစံနဲ့မတူတဲ့ မျိုးကွဲအသစ်အလေးတွေ တစ်ပိုင်းတစ်စစီ ဖြစ်လာကြပါတယ်။
အဲဒီမျိုးကွဲအသစ်လေးတွေက ဗိုင်းရပ်စ်ပိုးကို ပိုသက်ဆိုးရှည်စေပြီး သူတို့ကိုယ်တိုင်လည်း သူတို့နည်းသူတို့ဟန်နဲ့ တိုးပွားအားကောင်းလာကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲရောက်သွားပြီး အဲဒီထဲမှာ သူတို့ရဲ့ ပုံတူတွေပွားထုတ်နိုင်ဖို့ အခွင့်အရေးတွေပိုရရင် အဲဒီလိုလုပ်တဲ့အဆင့်မှာ ထပ်ဆင့် အသွင်ပြောင်းပြီး နောက်ထပ် မျိုးကွဲတွေ ပေါ်ပေါ်လာနိုင်ဖို့ အခွင့်အလမ်းလည်း ပိုများလာမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ရောဂါပိုးကူးစက်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချထားနိုင်ဖို့က အရေးကြီးပါတယ်။ ကာကွယ်ဆေးတွေဟာ ရောဂါပိုးကူးစက်ခံရရင် ပြင်းထန်တဲ့ ဝေဒနာတွေမဖြစ်ရအောင် ကာကွယ်ပေးနိုင်သလို ရောဂါပိုးကူးစက်မှုတွေကိုလည်း ဖြတ်တောက်လျှော့ချပေးနိုင်ပါတယ်။
မူရင်းပိုးနဲ့ အများကြီးကွဲလွဲတဲ့ပုံစံမျိုးနဲ့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ အိုမီခရွန်မျိုးကွဲဟာ ကိုဗစ်ပိုးကူးစက်ခံရပြီး အဲဒီပိုးကို လျင်လျင်မြန်မြန်တိုက်ထုတ်မပစ်နိုင်ခဲ့တဲ့ လူနာတစ်ယောက်ကိုယ်ထဲကနေ စတင်ထွက်ပေါ်လာတယ်လို့ ပညာရှင်တွေက ယူဆပါတယ်။ ပိုးဟာ လူ့ခန္ဓာကိုယ်ထဲ အချိန်ကြာကြာနေနိုင်သွားတဲ့အတွက် အထဲမှာ အသွင်အမျိုးမျိုးပြောင်းပြီး ပုံစံသစ်တစ်မျိုးထွက်လာတာ ဖြစ်နိုင်တယ်လို့ ဆိုကြတာဖြစ်ပါတယ်။