ရေဘေးဒဏ် ကာကွယ်ဖို့ ရေစုပ်တဲ့မြို့တွေ ဖန်တီးတဲ့သူ

ဓာတ်ပုံ ရင်းမြစ်, Turenscape
- ရေးသားသူ, တက်ဆာ ဝမ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း
ချောင်းထဲမှာ သေမယ့်ဘေးကြုံခဲ့ရတဲ့နေ့ကို ယု ကောင်ကျန်း တယောက် မမေ့နိုင်ပါဘူး။
မိုးကြီးတာကြောင့် သဲဖြူချောင်း ရေလျှံကျလာပြီး ယုတို့ရဲ့ ဘုံရွာပိုင် စပါးကျီတွေထဲ ရေတွေရောက်လာခဲ့ပါတယ်။ အဲဒီတုန်းက အသက် ၁၀ နှစ်အရွယ် ယုဟာ စိတ်လှုပ်ရှားပြီး ချောင်းကမ်းစပ်အထိ အပြေးသွားကြည့်မိပါတယ်။
သူ့ခြေထောက်အောက်က မြေသားတွေက ချက်ချင်းလို ပြိုကျသွားပြီး ရေကြီးနေတဲ့ ချောင်းထဲ သူကျသွားတဲ့အချိန်က သိပ်ကို ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ်းနားမှာ ပေါက်နေတဲ့ မိုးမခပင်တွေ၊ ကျူပင်တွေက ချောင်းရေစီးအားကို ပျော့သွားစေတာကြောင့် ကံကောင်းသွားတဲ့ ယုဟာ အဲဒီအပင်တွေကို လက်နဲ့ဆွဲပြီး ကမ်းပေါ်ပြန်တက် လာနိုင်ခဲ့ ပါတယ်။
"တကယ်လို့သာ အခုခေတ်မှာ တွေ့နေကြသလို မြစ်ဘေးမှာ ရေဆင်းကောင်းအောင် ကွန်ကရစ်တွေနဲ့ နံရံတွေ လုပ်ထားကြရင်တော့ သေချာတယ်၊ ကျွန်တော် ချောင်းထဲမှာ ရေနစ်သွားမှာပဲ"လို့ ဘီဘီစီကို သူက ပြောပြပါတယ်။
ချောင်းထဲ သူမျောပါကျသွားတဲ့ အဲဒီအဖြစ်က သူ့ဘဝအတွက်ရော၊ တရုတ်နိုင်ငံတလွှား အတွက်ပါ အကျိုးသက်ရောက်တာတွေ ဖြစ်လာပါတယ်။
တရုတ်ရဲ့ အကျော်ကြားဆုံးမြို့ပြပုံဖော်မှုဆိုင်ရာ ပညာရှင်တွေထဲက တယောက်လည်းဖြစ်၊ ဂုဏ်ရည်ကျော် ပီကင်း တက္ကသိုလ်ရဲ့ တောတောင်ရေမြေရှုခင်းဆိုင်ရာ ဗိသုကာ ကောလိပ်က ပါမောက္ခတယောက်လည်းဖြစ်တဲ့ ယု ကောင်ကျန်းဟာ ရေကြီးတာကို စီမံထိန်းသိမ်းနိုင်တဲ့ ရေစုပ်ယူတဲ့မြို့ (sponge city) အတွေးအမြင်ကို စတင်ခဲ့သူပါ။ အဲဒီသူ့ အတွေးအမြင်ဟာ တရုတ်နိုင်ငံတလွှားက မြို့အတော်များများဆီကို ပျံ့နှံ့သွားခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွှယ်ပြီး အခုကြုံနေရတာထက် ပိုဆိုးဝါးတဲ့ ရေကြီးတာတွေကို ဒီ ရေစုပ်တဲ့မြို့ နည်းနာက ကျော်လွှားနိုင်ပါ့မလားလို့ အမေးထုတ်ကြတာတွေ ရှိပေမယ့် ယုကတော့ သူ့ရဲ့ ဒီအမြင်ဟာ တရုတ်မှာတင်မဟုတ်ပဲ တခြားအရပ်ဒေသတွေမှာလည်း အလုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yu Kongjian
"ရေကို ရင်ဆိုင် မတိုက်ခိုက်နဲ့"
ရေကြီးတာကို ကြောက်ရွံ့မယ့်အစား အလိုက်သင့်နေဖို့ စဉ်းစားကြည့်ရအောင်။
ဒါက ပါမောက္ခယုရဲ့ ရေစုပ်တဲ့မြို့ အယူအဆအတွက် အခြေခံအုတ်မြစ်ပါ။
ရေကြီးတာကို စီမံတဲ့ သမားရိုးကျနည်းတွေထဲမှာ တက်လာတဲ့ရေတွေကို ပိုက်လုံးတွေ၊ မြောင်းတွေသုံးပြီး တတ်နိုင်သမျှ ရေဆင်းမြန်အောင်လုပ်လိုက်တဲ့နည်း၊ မြစ်ထဲကရေတွေ လျှံမကျလာအောင် မြစ်ကမ်းတွေကို ခိုင်မာအောင်နဲ့ မြင့်လာအောင် ကွန်ကရစ်တွေ၊ အုတ်တွေနဲ့ နံရံဖို့ကာလိုက်တဲ့နည်း စတဲ့နည်းတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ ရေစုပ်တဲ့မြို့ ဆိုတာက အဲဒီနည်းတွေနဲ့ ဆန့်ကျင်ဘက်ပါ၊။ အဲဒီလိုလုပ်မယ့် အစား မိုးရေကျလာတာကို စုပ်ယူလိုက်မယ်၊ မြေမျက်နှာပြင်မှာ ရေတွေစီးဆင်းတာကိုလည်း ပိုနှေးအောင် လုပ်လိုက်တဲ့နည်းပါ။
နေရာ ၃ မျိုးမှာ အဲဒီစီမံမှုတွေကို လုပ်နိုင်ပါတယ်။ ပထမက ရေစုပ်မယ့် ရေမြှုပ်က အပေါက်လေးတွေလို မြို့တခုမှာ ရေကို လှောင်သိမ်းနိုင်တဲ့ ရေကန်တွေ များဖို့လိုပါတယ်။
နောက်တနေရာကတော့ မြစ်ချောင်းတွေ ရေစီးသွားတာကို ခပ်မြန်မြန်စီးထွက်သွားအောင် မြစ်တွေ ချောင်းတွေ ကို ဖြောင့်တန်းသွားအောင်မစီမံဘဲ ကွေ့ကောက်နေစေတာ၊ ကမ်းနားမှာ အပင်တွေစိုက်တာ၊ စိမ့်မြေတွေထားတာ စတဲ့နည်းတွေနဲ့ ရေစီးအားကို လျော့သွားအောင် လုပ်တာပါ။
အဲဒီလိုလုပ်တဲ့နည်းက စိမ်းလန်းသဘာဝဝန်းကျင်တွေပေါ်လာတာမျိုး၊ အပင်အုပ်စုနဲ့ တောငယ်တွေ ဖြစ်လာတာမျိုး၊ တိရစ္ဆာန်တွေ ပေါက်ပွားရှင်သန်ရာနေရာတွေ ဖြစ်လာတာမျိုးတွေအပြင် မြေပြင်ပေါ်က ညစ်ညမ်းအဆိပ်တွေကို အပင်တွေက ဖယ်ရှားပေးနိုင်တဲ့နောက်ထပ် အကျိုးကျေးဇူးတွေလည်းရပါတယ်။
နောက်တတိယကတော့ မြစ်ထဲ၊ ကန်ထဲ၊ ပင်လယ်ထဲကို ရေဆင်းမယ့်နေရာတွေပါ။ ပါမောက္ခယုက အဲဒီမြေနေရာတွေကို လွှတ်ထားလိုက်ပါ၊ အဲဒီအနိမ့်နေရာမျိုးတွေမှာ ဆောက်လုပ်ရေးတွေလုပ်တာကို ရှောင်ကျဉ်ကြပါလို့ တိုက်တွန်းပါတယ်။ "ရေကို ကျွန်တော်တို့ ရင်ဆိုင်တိုက်ခိုက်လို့ မရပါဘူး၊ သူ့ဘာသာသူသွားအောင် ကျွန်တော်တို့ လုပ်ရမှာပါ။ "

ဓာတ်ပုံ ရင်းမြစ်, Turenscape
အလားတူအမြင်မျိုးတွေ တခြားနေရာတွေမှာရှိပေမယ့် မြို့ရဲ့ ပြဿနာတွေကို သဘာဝဖြစ်စဉ်တွေသုံး ဖြေရှင်းနိုင်တဲ့ ရေစုပ်ယူတဲ့ ဒီမြို့က တကယ့်ကို ထူးခြားပါတယ်လို့ စင်္ကာပူ အမျိုးသားတက္ကသိုလ်က ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ ပညာရှင် ဒေါက်တာ နာမဲလ် ကစ်ရှ်နာနီက ပြောပါတယ်။
"အခုက ကျွန်တော်တို့က တခုနဲ့တခုကို ဆက်စပ်မကြည့်နိုင်သေးဘူး၊ ဒါပေမဲ့ သဘာဝရဲ့ အစိတ်အပိုင်းအဖြစ် ကျွန်တော်တို့ကိုယ်ကိုယ် ကျွန်တော်တို့ ပြန်ကြည့်ကြဖို့ လိုတယ်။"
ပါမောက္ခယုဟာ သူကြီးပြင်းခဲ့တဲ့ နိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းမှာတည်ရှိတဲ့ ကျော့်ကျန်းခရိုင်က လယ်သမားတွေသုံးကြတဲ့ ရှေးဟောင်း စိုက်ပျိုးနည်းတွေဆီကနေ ဒီအတွေးအမြင်ကို ရလာတဲ့ပုံပါ။ အဲဒီနည်းတွေထဲမှာ သီးနှံစိုက်ဖို့အတွက် မိုးရေကို ကန်တွေနဲ့ လှောင်တာတွေ ပါဝင်ပါတယ်။ ဒီအတွေးအမြင်ကြောင့် ပါမောက္ခယု ရော၊ သူ့ရဲ့ Turenscape ရှုခင်းဗိသုကာကုမ္ပဏီပါ ဆုတံဆိပ်တွေ အတော်များများရခဲ့ပါတယ်။
"ဘယ်သူမှ ရေနစ်တော့မှာ မဟုတ်တော့ဘူး၊ မိုးရာသီမှာတောင် နစ်မှာ မဟုတ်ဘူး၊ ကျွန်တော် တို့ ရေနဲ့နေတတ်ဖို့ပါပဲ၊ ရေကြီးလာတဲ့အခါ ရေကို ယဉ်ပါးသွားအောင် ကျွန်တော်တို့ ပြုပြင် ယူလိုက်မယ်"လို့ သူကပြောပါတယ်။
အသက် ၁၇ နှစ်မှာ သဘာဝရှုခင်းဘာသာရပ်ကို သင်ယူဖို့ သူ ဘေဂျင်းကို လာခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ ရှုခင်းဗိသုကာပညာရပ်ကို ဟားဗတ်တက္ကသိုလ်မှာ ဆည်းပူးခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ သူ့ အမိမြေကို ပြန်လာတော့ တရုတ်နိုင်ငံဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေက မိုးထောင်ထလို့ပါ၊ ဒီနေ့ တွေ့ရတဲ့ပုံမျိုးလိုပေါ့။
"မှုန်မှုန်မှိုင်းမှိုင်းနဲ့ အသက်မဲ့တဲ့ အခြေခံအအောက်အအုံတွေ"လို့ ငြီးတွားရင်း ပါမောက္ခယုဟာ တရုတ်ရိုးရာ အတွေးအမြင်တွေကို အခြေခံထားတဲ့ မြို့ဒီဇိုင်း ဒဿနကို မြှင့်တင် ပါတော့တယ်။
ရေစုပ်တဲ့မြို့တွေအပြင် သူလုပ်တဲ့ဟာတွေထဲက ဥပမာတခုက သဘာဝကျေးလက်ရှုခင်း သူ့အခေါ် "ခြေကြီးမ တော်လှန်ရေး (big feet revolution)"ကို နှိုးဆော်တာပါ၊ ခေတ်ဟောင်းကာလမှာ အမျိုးသမီးတွေရဲ့ ခြေကျင်းဝတ်ကို စည်းနှောင်ပစ်ပြီး ခြေသေးမ တွေဖြစ်အောင်လုပ်ကြတဲ့ ဓလေ့ကို သူက ဆန့်ကျင်ကာ ပန်းခြံအသေးလေးတွေလုပ်တာကိုပစ်ပယ်ပြီး ကျေးလက်တောတောင် သဘာဝရှုခင်းတွေ စီမံပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Turenscape
တရုတ်ရဲ့ ကမ်းရိုးတန်းမြို့တွေနဲ့ တခြားဆင်တူတဲ့ ရာသီဥတုရှိရာ ဒေသတွေမှာ ဒီလို မြို့မျိုးကို တည်ဆောက်ရင် ရေရှည်တည်တံ့တဲ့ မြို့တွေ ဖြစ်လာမယ်လို့ သူက ယုံကြည်ပါတယ်။
"ဥရောပနိုင်ငံတွေမှာ သုံးနေကြတဲ့ နည်းနာမျိုးက (အရှေ့ကမ္ဘာက) မိုးရာသီအတွက် မဆီလျော်ပါဘူး၊ အခြေခံအဆောက်အအုံနဲ့ မြို့ပြဒီဇိုင်းတွေမှာ သူတို့အနောက်တိုင်းပုံစံကို လိုက်လုပ်ကြတဲ့ မြို့တွေဟာ အောင်မြင်မှု မရနိုင်ပါဘူး"လို့ သူက ပြောပါတယ်။
တရုတ်မှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာလို့ သတ်မှတ်ထားကြတဲ့ လျှိုမြှောင် သုံးသွယ် ရေကာတာကြီး (Three Gorges Dam) လို ဆောက်လုပ်ရေးစီမံကိန်းတွေမျိုးကို သူက ဝေဖန်တဲ့အပေါ် အာဏာပိုင်တွေထဲက တချို့က အတော်မနှစ်ခြိုက်တဲ့အတွက် အစပိုင်းမှာတော့ သူဟာ အစိုးရဘက်က ဆန့်ကျင်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဟားဗတ်ကဘွဲ့ရတာရယ်၊ အနောက်အသိုင်းအဝိုင်းက သူ့ကို ချီးမြှောက်တာတွေရယ်ကြောင့် တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အထင်သေးတဲ့ "အနောက်က သူလျှို"၊ သစ္စာဖောက် စသဖြင့် သူ့ကို စွပ်စွဲကြပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကလေးငယ်လို့ သူ့ကိုယ်သူခံယူထားတဲ့ ပါမောက္ခယုက ဒီရှုမြင်မှု တွေကို မဟုတ်တမ်းတရားတွေလို့ပဲ သတ်မှတ်ပါတယ်။
"ကျွန်တော်က အနောက်တိုင်းသားတယောက် မဟုတ်ပါဘူးဗျာ၊ တရုတ်ရိုးရာဝါဒီ တယောက်ပါ"လို့ ရယ်ပြီး သူက ပြောပါတယ်။ "ကျွန်တော်တို့မှာ နှစ်ထောင်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ၊ အဲဒီအဖြေရှာထားခဲ့တာတွေကို လျှစ်လျူရှုလို့ မရနိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့ တရုတ်လမ်းကြောင်းတွေကို ကျွန်တော်တို့ နင်းလျှောက်ရမှာပါ။"
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဘေဂျင်းနဲ့ ဝူဟန်မှာ ရေဘေးတွေ အကြီးအကျယ်ကြုံရတဲ့အခါမှာ သူ့ရဲ့ ရေစုပ်တဲ့မြို့ အတွေးအမြင်ကို မီဒီယာတွေက ဖော်ပြကြသလို၊ အစိုးရအာဏာပိုင်တွေ ထောက်ခံဖို့ တိုက်တွန်းရတဲ့အခါ သူက ပါးပါးနပ်နပ်နဲ့ သူတို့ကြိုက်တဲ့ နိုင်ငံချစ်စိတ်ဓာတ် ကိုလည်း ဖော်ကျူးထည့်သွင်းပြခဲ့ပါတယ်။
ဒီလိုကြိုးစားခဲ့တာ အရာထင်လာပါတယ်။ ၂၀၁၅ ခုနှစ်ကျတော့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ထောက်ခံမှုနဲ့ ယွမ်ငွေ သန်းပေါင်းများစွာသုံးမယ့် ရည်မှန်းချက်ကြီးကြီး စီမံကိန်းတွေကို အစိုးရက ကြေညာခဲ့ ပါတယ်။ စီမံကိန်းတွေရဲ့ ရည်မှန်းချက်ကတော့ ၂၀၃၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ၈၀ % သော မြူနီစပယ် ဧရိယာတွေဟာ ရေစုပ်တဲ့မြို့ အိုင်ဒီယာနဲ့ ဖြစ်နေရမယ်၊ ရွာကျလာတဲ့ မိုးရေ အနည်းဆုံး ၇၀ % ကို ပြန်လည်အသုံးချ နိုင်စေရမယ် ဆိုတာပါ။
ရောဂါမှန်သမျှ ပျောက်စေမယ့် နတ်ဆေး တပါးလား
ရာသီဥတုပြောင်းလဲတာနဲ့ ဆက်နွှယ်ပြီး ဖြစ်လာတာလို့ ပညာရှင်တွေပြောပြောနေတဲ့ အလွန်အမင်းမိုးကြီးတာတွေကို ရင်ဆိုင်နေရတဲ့ ဒေသတွေ ကမ္ဘာတလွှားမှာ ပိုပိုများ လာနေပါတယ်။ ကမ္ဘာကပိုပူလာတော့ လေထုထဲကို ရေခိုးရေငွေ့တွေက ပိုပြန်တက်၊ အဲဒီနောက် မိုးက ပိုပိုရွာချလာပါတယ်။
အနာဂတ်မှာ အဲဒါက ပိုပိုဆိုးလာမယ်၊ အရင်က မှန်းဆထားတာထက် ပိုပြီးကြီးမယ့် မိုးတွေ အကြိမ်ရေပိုများလာလိမ့်မယ်လို့ သူတို့က ဆိုနေပါတယ်။
ဆိုတော့၊ အဲဒီ ရေစုပ်တဲ့မြို့ အိုင်ဒီယာက အဲဒီ ပိုပြင်းလာမယ့် မုန်တိုင်းတွေ၊ ပိုရွာချမယ့် မိုးတွေ အတွက် အဖြေဟုတ်နိုင်ပါ့မလား။
တချို့ ပညာရှင်တွေက မသေချာဘူးလို့ ဖြေပါတယ်။
"အလတ်စားနဲ့ အငယ်စား မိုးမုန်တိုင်းတွေအတွက်တော့ ဒီ ရေစုပ်တဲ့မြို့ တွေက ကောင်းပါလိမ့်မယ်၊ ဒါပေမဲ့ အခုကျွန်တော်တို့ တွေ့နေရတာမျိုး သိပ်ကိုပြင်းထန်တဲ့ ရာသီဥတုကို ရင်ဆိုင်ဖို့ဆိုရင်တော့ ဒီအတွေးအမြင်နဲ့အတူ ရေမြောင်းတွေ၊ ပိုက်လုံးတွေ၊ ရေလှောင်စည်တွေ ပါဝင်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တာမျိုးနဲ့ ပူးတွဲပြီး ရင်ဆိုင်ဖို့လိုပါမယ်"လို့ နော်တင်ဟမ် တက္ကသိုလ်က ရေကြီးမှု စီမံရေးဆိုင်ရာ ပညာရှင် ဖိတ်တ် ချန်းက ပြောပါတယ်။
တချို့လူနေထူထပ်တဲ့မြို့တွေမှာ နေရာလွတ်တွေ့နိုင်ဖို့က အတော်ခက်ခဲတယ်၊ ဒါကြောင့်မို့ ရေကြီးတာကို ဖြန့်ထုတ်နိုင်တဲ့ မြေနေရာကို ပေးရတဲ့ ယုရဲ့ အိုင်ဒီယာကို အကောင်အထည် ဖော်နိုင်ဖို့ ခက်နိုင်တယ်လို့လည်း သူက ထောက်ပြပါတယ်။
ယွမ်ငွေတွေ သန်းပေါင်းများစွာ သုံးစွဲပေမယ့်လည်း တရုတ်ဟာ ရေအကြီးအကျယ် ကြီးတာကို ကြုံနေရဆဲပါ။
ပြီးခဲ့တဲ့မိုးတွင်းက ရေကြီးမှုတွေကြောင့် တရုတ်မှာ လူပေါင်း ၃၉၇ ယောက် အသက်ဆုံးရှုံးခဲ့ ရသလို လူ ၁၄ သန်း ၃ သိန်းလောက် ရေဘေးသင့်ခဲ့ရတယ်၊ စီးပွားရေးဆိုင်ရာ အဆုံးအရှုံးက အမေရိကန် ဒေါ်လာ ၂၁.၈ ဘီလျံအထိ များခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။
ဒါပေမဲ့ ပါမောက္ခယုက တရုတ်ရှေးဟောင်း အသိပညာတွေဟာ မမှားယွင်းနိုင်ဘူး၊ မအောင်မမြင် ဖြစ်ရတာတွေက သူ့ အတွေးအမြင်ကို ဒေသဆိုင်ရာ အရာရှိတွေ စီမံရာမှာ ချွတ်ချော်တာတွေ၊ ဟိုနည်းနည်း ဒီနည်းနည်း ဟိုမရောက် ဒီမရောက် လုပ်ကြတာတွေ ကြောင့်လို့ ဆိုပါတယ်။
ဒီနှစ်အစောပိုင်းက ကျန်းကျို့ရေကြီးတာက နမူနာပြစရာပဲလို့ သူကဆိုပါတယ်။ အဲဒီမြို့မှာ ဆိုရင် ရေကန်တွေကို အပေါ်ကနေ ဖုံးကာထားခဲ့ကြတယ်၊ မိုးရွာတဲ့အခါ မြစ်ညာအရပ်ပိုင်းမှာ ရေတွေကို ထိန်းထားလို့ မနိုင်တော့ဘူးလို့ ပြောပါတယ်။
မြစ်ကနေ ရေတွေကို ကွန်ကရစ်ရေမြောင်းတွေထဲ စီးဆင်းလိုက်စေတာက "အိမ်သာမှာ ရေဆွဲချလိုက်သလို ရေတွေက ဆင်းကျလာကုန်တာ"လို့ သူက ဆိုပါတယ်။ နောက်ပြီး အရေးပါ တဲ့ အခြေခံအဆောက်အအုံဖြစ်တဲ့ ဆေးရုံတွေကို မြေနိမ့်အရပ်မှာ ဆောက်ခဲ့ကြတာ လို့လည်း သူက ထောက်ပြပြောပါတယ်။
"ရေစုပ်တဲ့မြို့ဆိုတာ ဘယ်လို ရေကြီးတာမျိုးကို မဆို ထိန်းသိမ်းနိုင်ရမယ်၊ တကယ်လို့ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ရေစုပ်တဲ့မြို့လို့မခေါ်နိုင်တော့ဘူး၊ ခိုင်ခိုင်မာမာလုပ်ကြဖို့လိုတယ်။"
ရေစုပ်တဲ့မြို့ အိုင်ဒီယာက နေရာမရွေးသုံးနိုင်လားဆိုတဲ့ အပေါ်မှာလည်း အမေးထုတ်နေကြပါတယ်။
ဒီစံနမူနာက ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားတို့လို ရေကြီးတတ်တဲ့ ဒေသတွေ အတွက် လည်း အကျိုးရှိတယ်၊ စင်ကာပူ၊ အမေရိကန်၊ ရုရှားစတဲ့ နိုင်ငံတွေမှာလည်း အလားတူ အတွေးအမြင်တွေကို စအကောင်အထည်ဖော်နေကြပြီလို့ ပါမောက္ခယုက ပြောပါတယ်။
တရုတ်နိုင်ငံတလွှား ရေစုပ်တဲ့မြို့စီမံကိန်းတွေအောင်မြင်မှုရတယ်ဆိုတာက ဗဟိုချုပ်ကိုင်မှု များတဲ့ အစိုးရရယ်၊ ပုံပြီးပေးတဲ့ နိုင်ငံ့ရန်ပုံငွေတွေရယ်ကြောင့်လို့လည်း ဆိုကြပါတယ်။
ပုံမှန်ဖြေရှင်းနည်းတွေမှာ ကုန်တဲ့ ကုန်ကျတဲ့စားရိတ်ထက် ရေစုပ်တဲ့မြို့အတွက် လိုတဲ့ ရန်ပုံငွေက "၄ ပုံ ၁ ပုံ"ပဲရှိတာလို့ ပါမောက္ခယုက ပြောပါတယ်။ မြင့်တဲ့နေရာတွေမှာ အဆောက်အဦတွေဆောက်တာ၊ ရေလွှမ်းခံဖို့ မြေထားထားတာတွေက ပိုက်လိုင်းတွေ၊ ရေလှောင်စည်ကြီးတွေ ဆောက်တာထက် ပိုပြီးကုန်ကျစားရိတ်နည်းပါတယ်လို့ သူက ငြင်းချက်ထုတ်ပါတယ်။
သူ့ကုမ္ပဏီ Turenscape ရဲ့ စီမံကိန်းအများအပြားက အရင်က သန်းပေါင်းများစွာ ကုန်ကျထားတဲ့ ရေဘေး အခြေခံအဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် ရည်မှန်းထားတာပါ။ တကယ်လို့သာ အာဏာပိုင်တွေက ရေစုပ်တဲ့ မြို့ အိုင်ဒီယာကို အရင်ကတည်းက သုံးခဲ့မယ်ဆိုရင် ဒီငွေတွေ ကုန်ခဲ့စရာ အကြောင်းမရှိဘူးလို့လည်း သူက ပြောပါတယ်။
ကွန်ကရစ်တွေကို သုံးပြီး ရေကြီးတာကို တားဆီးတာမျိုးက "ရေဆာတုန်း ဘာရရ၊ အဆိပ်ရည်ဖြစ်ဖြစ် သောက်ချလိုက်သလိုပါပဲ၊ ရေတို အမြင်တခု ပါပဲ"လို့ သူက ဆိုပါတယ်။
"ရာသီဥတုနဲ့လိုက်လျောညီထွေတဲ့ ဘဝနေနည်းကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးရမှာပါ၊ သူတို့အနေနဲ့ ကျွန်တော့ရဲ့ အဖြေရှာနည်းကို မသုံးဘူးဆိုရင် သူတို့ ကျရှုံးမှာပါ။"








