ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် သမ္မတဟောင်း ကလင်တန် ကိုဗစ်မဟုတ်တဲ့ ကူးစက်မှုအတွက် ဆေးရုံတက်
အမေရိကန် သမ္မတဟောင်း ဘေလ်ကလင်တန်ဟာ ကိုဗစ်မဟုတ်တဲ့ ကူးစက်မှုတခု အတွက် ကယ်လီဖိုးနီးယားက ဆေးရုံတခုမှာ ကုသမှု ခံယူနေရပါတယ်။
အသက် ၇၅ နှစ်ရှိပြီ ဖြစ်တဲ့ မစ္စတာ ကလင်တန်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က UC Irvine Medical Center မှာ ဆေးရုံတင်ခဲ့ရတာ ဖြစ်ပြီး အခုတော့ နာလန်ထူလာပြီ ဖြစ်ပြီး စိတ်ပူပန်စရာ မရှိကြောင်း ပြောရေး ဆိုခွင့်ရသူ Angel Ureña က ပြောပါတယ်။
ဘာကြောင့် ဆေးရုံတက်ခဲ့ရသလဲ ဆိုတာတော့ သေသေချာချာ မသိရပေမယ့် မစ္စတာ ကလင်တန်မှာ နှလုံးရောဂါနဲ့ ပတ်သက်လို့တော့ ရာဇဝင်ရှိပါတယ်။
သူ့ဆရာဝန်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူ့ကို ပိုးသတ်ဆေးနဲ့ အရည်တွေ သွင်းပေးထားတယ်လို့ ဆိုပါတယ်။ နောက်ပြီး မစ္စတာ ကလင်တန်ရဲ့ အခြေအနေကို ဆေးရုံမှာပဲ ဆက်လက်စောင့်ကြည့်နေကြတဲ့ အကြောင်းပြောပါတယ်။
ကုသမှု ၂ ရက်ကြာအပြီးမှာ သူ့ကိုယ်ထဲက သွေးဖြူဥတွေ ကျသွားပြီး ပဋိဇီဝဆေးတွေ အပေါ်မှာလည်း တုံ့ပြန်မှုကောင်းတယ်လို့ သူတို့က ပြောပါတယ်။
UC Irvine က ဆရာဝန်တွေက နယူးယောက်မှာ ရှိတဲ့ မစ္စတာ ကလင်တန်ရဲ့ ဆေးအဖွဲ့နဲ့လည်း အဆက်အသွယ်ရှိသလို သူ့ရဲ့ နှလုံးဆရာဝန်နဲ့ပါ ဆက်သွယ်ကုသပေးနေကြပါတယ်။ ဒီလူတွေက မစ္စတာကလင်တန် မကြာခင်အတောအတွင်း ဆေးရုံက ဆင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း ပြောပါတယ်။
မစ္စတာ ကလင်တန်ဟာ ၁၉၉၃ ကနေ ၂၀၀၁ အထိ အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ကို ၁၉၉၈ ခုနှစ်အတွင်းက အိမ်ဖြူတော် အလုပ်သင် ဝန်ထမ်း မော်နီကာ လူဝင်းစကီးနဲ့ ဖောက်ပြန်ခဲ့တဲ့ ကိစ္စမှာ စုံစမ်းစစ်ဆေးသူတွေကို လိမ်လည် ပြောဆိုခဲ့မှုနဲ့ စွပ်စွဲ ပြစ်တင်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆီးနိတ်လွှတ်တော်ရဲ့ ကြားနာမှုတွေအပြီးမှာ တရားသေလွတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်အတွင်းမှာ မစ္စတာ ကလင်တန်ဟာ နှလုံးခွဲစိတ်မှု ခံယူခဲ့ရပြီး ၁၀ နှစ်အကြာမှာ သွေးကြောပိတ်နေတာကို ပြန်ဖွင့်ပေးဖို့ ခွဲစိတ်မှု ခံယူ ခဲ့ရပါတယ်။
အဲဒီလို ဒုတိယအကြိမ် ခွဲစိတ်မှု ခံယူအပြီးမှာ အဆီအအိမ့် အလွန်ကြိုက်သူ သမ္မတဟောင်းဟာ သက်သတ်လွတ်စားပြီး တိရစ္ဆာန်ထွက် ပစ္စည်းမှန်သမျှကို ရှောင်တဲ့ vegan တယောက် ဖြစ်လာခဲ့ပါတယ်။