အိမ်မွေးခွေး ၁၂ ကောင် ကိုဗစ်တားဆီးရေးအတွက် အသတ်ခံခဲ့ရလို့ ကြေကွဲခဲ့ရတဲ့ ဇနီးမောင်နှံ

ဓာတ်ပုံ ရင်းမြစ်, Pham Minh Hung
- ရေးသားသူ, ဘွီသူ
- ရာထူးတာဝန်, ဘီဘီစီ သတင်း- ဗီယက်နမ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတာကြောင့် ဗီယက်နမ်က ဇနီးမောင်နှံဟာ သူတို့မွေးထားတဲ့ အိမ်မွေးခွေးလေးတွေရဲ့ အထုပ်အပိုးတွေနဲ့အတူ မော်တော်ဆိုင်ကယ်တစီးနဲ့ လုံအန်းပြည်နယ်ကနေ ထွက်ခွာခဲ့ကြပါတယ်။
နောက်ပိုင်းမှာ သူတို့နှစ်ဦးဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရတာကို တွေ့ခဲ့ရပါတယ်။
သူတို့နဲ့ အတူရှိခဲ့တဲ့အတွက် တိရစ္ဆာန်တွေဟာ ဗိုင်းရပ်စ်ပိုး ဖြန့်ချိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သူတို့ရဲ့ ခွေး ၁၂ ကောင်ကို အာဏာပိုင်တွေက သတ်ပစ်လိုက်တယ်ဆိုတာကို ဆေးရုံတက်နေတုန်းမှာ သူတို့ သိခဲ့ရပါတယ်။
"ကျွန်တော့် ဇနီးနဲ့ ကျွန်တော်ဆို ချုံးပွဲချ ငိုတော့တာပဲ။ အိပ်လို့လည်း မရဘူး" လို့ အသက် ၄၉ နှစ်အရွယ် ပန်းရန်သမား ဖမ်းမင်းဟမ်က ပြောပါတယ်။
"ဒါတကယ်ဖြစ်သွားခဲ့တာဆိုတာ မယုံချင်သေးဘူး။ ကျွန်တော့်ကလေးတွေ (ခွေးလေးတွေ) ကို ကာကွယ်ဖို့ ကျွန်တော်ဘာဆိုဘာမှ လုပ်မပေးနိုင်ခဲ့ဘူး" လို့လည်း ဆိုပါတယ်။
TikTok လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သူတို့ဇာတ်လမ်းဟာ ဗီယက်နမ်နိုင်ငံမှာ လူထုတုံ့ပြန်သံ အတော်လေး ကျယ်လောင်သွားခဲ့ပါတယ်။
တိရစ္ဆာန်တွေကို အခုလိုမျိုးသတ်တဲ့ အလေ့အထကို အဆုံးသတ်ဖို့အတွက် တောင်းဆိုထားတဲ့ အသနားခံစာတစောင်ကို လူပေါင်း ၁၅၀,၀၀၀ ကျော်က လက်မှတ်ထိုးခဲ့ကြပါတယ်။
လူတွေရဲ့ အသည်းနှလုံးကို ဖမ်းဆုပ်ထားနိုင်ခဲ့
ကမ္ဘာ့ကပ်ရောဂါစတင်ပြီးနောက်ပိုင်း အခုနောက်ဆုံး ကိုဗစ်-၁၉ လှိုင်းဟာ ဗီယက်နမ်နိုင်ငံမှာ အဆိုးဆုံး ထိခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ လတွေအတွင်း တင်းကျပ်တဲ့ လော့ခ်ဒေါင်းချ ကန့်သတ်မှုကြောင့် ရွှေ့ပြောင်းလုပ်သား အများအပြားရဲ့ စား၀တ်နေရေး ကျပ်တည်းခဲ့ရပြီး လူပေါင်း ၁ သန်းထက်မနည်း မြို့ကြီးတွေကနေ စွန့်ခွာခဲ့ကြရပါတယ်။
အဲဒီလို ပြောင်းရွှေ့ခဲ့ရသူတွေမှာ ဖမ်းမင်းဟမ် နဲ့ အသက် ၃၅ နှစ်အရွယ် ဝင်း သီချီအမ် တို့နှစ်ဦးလည်း အပါအ၀င်ပါ။
အောက်တိုဘာလ ၈ ရက်နေ့မှာ သူတို့ရဲ့ ခွေးတွေ၊ ဆွေမျိုးသုံးယောက်နဲ့အတူ မိုင်ပေါင်း ၁၇၃ မိုင်ရှည်လျားတဲ့ ခရီးတခုကို စတင်ခဲ့ကြပါတယ်။
သူတို့နဲ့အတူ သွားတဲ့ ဆွေမျိုးတွေမှာလည်း ခွေးသုံးကောင်နဲ့ ကြောင်တကောင် ပါပါတယ်။
သူတို့ဇနီးမောင်နှံဟာ အမျိုးတယောက်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ကမောဝ် ပြည်နယ်ထဲက ခမ်းဟမ် မြို့ကို ဦးတည် ထွက်ခွာခဲ့ကြတာပါ။
အဲဒီမြို့လေးမှာ ကိုဗစ်ကူးစက်မှုတွေလည်း သိပ်မရှိသေးပါဘူး။
မော်တော်ဆိုင်ကယ်တစီးပေါ်မှာ ခွေးလေးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံး စုံပြုံတင်ပြီး သွားနေကြပုံကို ရိုက်ကူးထားတဲ့ သူတို့ရဲ့ ခရီးစဥ်ကို အွန်လိုင်းပေါ်မှာ ဗီဒီယိုတွေ တင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pham Minh Hung
အဲဒီအချိန်ကစပြီး သူတို့နှစ်ဦးဟာ လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ရေပန်းစားလာခဲ့ပြီး သူတို့ကို အားပေးကာ သာယာဖြောင့်ဖြူးတဲ့ ခရီးလမ်း ဖြစ်ပါစေလို့လည်း ဆုတောင်းပေးခဲ့ကြပါတယ်။
မိုးတွေ သဲကြီးမဲကြီးရွာတော့ ခွေးတွေကို သူတို့ဇနီးမောင်နှံက မိုးကာအင်္ကျီလေးတွေနဲ့ ဖုံးကာပေးတဲ့အချိန်မှာ သူတို့အသည်းတွေ တဖြုတ်ဖြုတ်ကြွေခဲ့ကြတယ်လို့လည်း တချို့က ပြောပါတယ်။
တချို့ဆိုရင် သူတို့အတွက် အစားအသောက်နဲ့ ရေတောင် သွားပေးခဲ့ကြပါတယ်။
တကယ်တော့ သူတို့မောင်နှံ ခရီးစနှင်တော့ ခွေး ၁၅ ကောင် ပါပါတယ်။
ဒါပေမဲ့ လမ်းမှာသွားရင်း ကူညီပေးချင်သူတဦးကို နှစ်ကောင်ပေးခဲ့ပြီး တကောင်ကတော့ သေဆုံးသွားခဲ့ပါတယ်။
ဒီတော့ ကျန်တဲ့ ၁၂ ကောင်နဲ့ပဲ သူတို့ ခရီးဆက်နှင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ခမ်းဟမ် မြို့ကို ရောက်တော့ သူတို့ရော အတူလာခဲ့ကြတဲ့ ဆွေမျိုး ၃ ဦးလုံး ကိုဗစ်ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ပြည်နယ်တခုကနေ တခု ခရီးသွားလာသူတိုင်း ကိုဗစ်ပိုး မဖြစ်မနေ စစ်ဖို့ လိုပါတယ်။
ဒီတော့ သူတို့နှစ်ဦးဟာ ကုသမှု ခံယူဖို့ ဆေးရုံတက်ခဲ့ကြရပြီး သူတို့ခွေးတွေကတော့ သီးခြားခွဲနေတဲ့ ကွာရန်တင်းစင်တာမှာ ကျန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေသအာဏာပိုင်တွေဟာ သူတို့ခွေး ၁၂ ကောင်နဲ့ ဆွေမျိုးတွေရဲ့ တိရစ္ဆာန်တွေကို သူတို့ကို အကြောင်းမကြားဘဲ သတ်ပစ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အဲဒီသတင်းကို နောက်ပိုင်းမှာ ဖြုတ်ချခဲ့ပါတယ်။
ဒီတိရစ္ဆာန်တွေကို ဘယ်လိုမျိုး သုတ်သင်ခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
သူတို့ကို မီးရှို့ပစ်ခဲ့တယ်လို့ ယူဆရတဲ့ ဓာတ်ပုံတပုံကိုတော့ ရဲတပ်ဖွဲ့ရဲ့ တရား၀င် သတင်းစာမှာ ဖော်ပြထားပါတယ်။
"ရောဂါပိုးမွှားကို ထိန်းချုပ်ဖို့က ပထမ အဆင့်အနေနဲ့ ဦးစားပေးရမယ်။ တိရစ္ဆာန်တွေကို ချက်ချင်း သုတ်သင်ဖို့ ဆုံးဖြတ်ချက်ဟာ ကာကွယ်တားဆီးရေး ဆောင်ရွက်မှု လိုအပ်ချက် ဖြစ်တယ်" လို့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသ အာဏာပိုင် ထရမ် တန်း ကွန် က ပြောပါတယ်။
လူမဆန်တဲ့ လုပ်ရပ်
ဒီဆုံးဖြတ်ဟာ ရက်စက်ပြီး ကြေကွဲ၀မ်းနည်းဖွယ်ကောင်းတယ်လို့ လူအများအပြားက အွန်လိုင်းပေါ်မှာ အမြန်အဆန် တုံ့ပြန်ခဲ့ကြပါတယ်။
ကမ္ဘာတ၀န်း တိရစ္ဆာန်တွေကို စောင့်ရှောက်ကူညီပေးနေတဲ့ ခြေလေးချောင်း (Four Paws) အဖွဲ့အစည်းက အဖွဲ့၀င်တဦးဖြစ်တဲ့ မင်းသမီး ဟောင် အန်းကတော့ ဒါဟာ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ခိုင်းနှိုင်းလိုက်ပြီး သူတို့အဖွဲ့အစည်းဆီကို အသနားခံစာ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UGC
"ပိုင်ရှင်တွေ ကိုဗစ်ကူးစက်ခံရရင် တိရစ္ဆာန်တွေကို သတ်ပစ်ရမယ်လို့ ညွန်ကြားထားတဲ့ လမ်းညွှန်ချက်မျိုးမရှိလို့ ဒီလို သတ်ဖြတ်မှုတွေဟာ ကျင့်၀တ်နဲ့ မညီသလို အဓိပ္ပာယ်လုံး၀ မရှိဘူး" လို့ အမေရိကန် အခြေစိုက် the City of Hope ကျန်းမာရေးစင်တာက သုတေသီ ၀င်း ဟောင် ဗီ ကလည်း ထောက်ပြပါတယ်။
"ခွေးတွေ၊ ကြောင်တွေဟာ လူတွေဆီကို ကိုဗစ်ဗိုင်းရပ်စ်ပိုး ဖြန့်၀ေပေးနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားမျိုး လုံး၀ မရှိပါဘူး။ ဒါပေမဲ့ လူတွေဆီက ကိုဗစ်ဟာ တခါတလေမှာ သူတို့ကို ကူးစက်နိုင်ပါတယ်" လို့လည်း ဒေါက်တာ ၀င်းက ဆိုပါတယ်။
ကိုဗစ်လူနာတွေရှိတဲ့ အိမ်ထောင်စု ၃၉ စုက ခွေး ၇၆ ကောင်နဲ့ ကြောင်တွေကို သုတေသနလုပ်ကြည့်ခဲ့တဲ့ တက္ကဆက်ပြည်နယ်က လေ့လာမှုတခုမှာတော့ ကြောင် သုံးကောင်နဲ့ ခွေးတကောင်မှာ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။
တိရစ္ဆာန်တွေမှာက ရောဂါလက္ခဏာ လုံး၀ မပြတာ ဒါမှမဟုတ် အနည်းငယ်ပဲ ပြပါတယ်။ ဒါပေမဲ့ သူတို့အားလုံး မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူနိုင်ခဲ့ပါတယ်။
"အခု အခြေအနေမှာ လုပ်သင့်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီတိရစ္ဆာန်လေးတွေကို လှောင်အိမ်ထဲမှာ သီးခြားခွဲထားတာ၊ ပိုင်ရှင်ရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်တာ ဒါမှမဟုတ် ပိုင်ရှင်တွေ ပြန်မသက်မသာမချင်း သူတို့ကို စောင့်ရှောက်ဖို့ လူမှုရေးအဖွဲ့အစည်းတွေကို ချွတ်ဆက်တာတွေလည်း လုပ်နိုင်ပါတယ်" လို့ ဒေါက်တာ ၀င်းက ဆိုပါတယ်။
စစ်ပွဲဆင်နွှဲနေသလို စိတ်ဓာတ်
ကမ္ဘာ့ကပ်ရောဂါကြီးအစမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးကို အောင်အောင်မြင်မြင် ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံကို ချီးကျူးထောပနာ ပြုခဲ့ကြပါတယ်။
မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်မှု၊ ပိုးကူးစက်သူတွေနဲ့ ထိတွေ့သူတွေကို ခြေရာခံလိုက်နိုင်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ချီးမွမ်းမှုကိုလည်း ခံခဲ့ရတာပါ။
ဒါပေမဲ့ ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံကို အတော်လေး အထိနာစေခဲ့ပါတယ်။
ပိုးကူးစက်မှုပေါင်း ၈၄၀,၀၀၀ ရှိခဲ့ပြီး ၂၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
အဲဒီလို ပိုးကူးစက်သေဆုံးမှု အများစုဟာ အခုနောက်ဆုံး ကိုဗစ်လှိုင်းအတွင်းမှာ ဖြစ်ခဲ့တာပါ။
"ဗိုင်းရပ်စ်နဲ့အတူ ယှဥ်တွဲနေထိုင်ဖို့" အစီအစဥ်တရပ် ရှိသင့်တယ်လို့ ၀န်ကြီးချုပ် ဖမ် မင်း ချင်း က ပြီးခဲ့တဲ့ လမှာ ပြောဆိုခဲ့ပေမယ့် ဗီယက်နမ်နိုင်ငံဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေဆဲပါ။
ဗိုင်းရပ်စ်ပိုးဖြန့်၀ေမှုနဲ့ လူအများအပြား တရားစွဲဆိုခံခဲ့ရပြီး အပြစ်ပေးခံခဲ့ရသလို တချို့ဆို ထောင် ငါးနှစ်အထိ ကျခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ နိုင်ငံတောင်ပိုင်း ဘင် ဟျောင် ပြည်နယ်အတွင်းက တိုက်ခန်းတခုကို ရဲတပ်ဖွဲ့၀င်တချို့ ၀င်ရောက်စီးနင်းခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူထုကြား အတော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။
ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတယ်လို့ ယူဆတဲ့ အမျိုးသမီးတဦးကို ပိုးရှိမရှိ စမ်းသပ်ဖို့အတွက် ရဲတပ်ဖွဲ့၀င်တွေက တရွတ်တိုက်ဆွဲခေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးရဲ့ သားငယ်လေးဟာ ငိုကြွေးနေတာပါ။
ဒီဖြစ်ရပ်ကို လူအများအပြားက ၀ေဖန်ရှုတ်ချခဲ့ကြပါတယ်။
ဒီတော့ တိရစ္ဆာန်လေးတွေကို သုတ်သင်ဖို့အတွက် အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာမကောင်းဘူးလို့ လေ့လာသုံးသပ်သူ လီအန်းက ပြောပါတယ်။
"ဗီယက်နမ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ဖို့ကိစ္စကို သူတို့ရဲ့ ထိပ်ဆုံး ဦးစားပေးအဖြစ် ထားထားတာပါ။ ကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ဖျက်တာဟာ ရန်သူတွေကို တိုက်ထုတ်သလိုပဲလို့ဆိုတဲ့ ကြွေးကြော်မှုလည်း ရှိပါတယ်။ ဒီတော့ နိုင်ငံဟာ စစ်မြေပြင်မှာ ရောက်နေတဲ့ပုံစံလို သဘောသက်ရောက်တယ်။ စစ်ပွဲအတွင်း ဆင်ခြင်တုံတရားရှိဖို့နဲ့ လူဆန်ပြီး ကြင်နာတဲ့လုပ်ရပ်တွေကို မျှော်လင့်နေလို့မှ မရတာ" လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ မစ္စတာ ဖမ်းအတွက် အခက်ခဲဆုံးအရာကတော့ သူသိပ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို တခြားသူတွေက သတ်ပစ်လိုက်ပြီဆိုတာ သိသွားခဲ့တဲ့အချိန်ပါ။
အာဏာပိုင်တွေအနေနဲ့ တာ၀န်ယူမှု တာ၀န်ခံဖို့ ရှိဖို့ကိုလည်း သူ သံန္နိဋ္ဌာန်ချထားပါတယ်။
"ကျွန်တော့်ကလေးတွေ (ခွေးလေးတွေကို) ၆ နှစ်လောက် ပြုစုပျိုးထောင်ခဲ့တာ။ သူတို့လေးတွေအတွက် တရားမျှတမှု လိုချင်တယ်" လို့ မစ္စတာ ဖမ်းက ဆေးရုံပေါ်ကနေတဆင့် ပန်ကြားလိုက်ပါတယ်။








