ကိုဗစ်-အီရန်မှာ ကလေးငယ် ထောင်ပေါင်းများစွာ မိဘတွေ ဆုံးရှုံးခဲ့ကြရ

ဓာတ်ပုံ ရင်းမြစ်, Family of Eliza
- ရေးသားသူ, ရာနာ ရာဟင်ပူးရ်
- ရာထူးတာဝန်, ဘီဘီစီ ပါရှန်ဌာန
အီရန်နိုင်ငံမှာ ကိုဗစ်ကြောင့် ကလေး ငါးသောင်း တစ်ထောင်ကျော် မိဘတွေ ဆုံးရှုံးခဲ့ရတယ်လို့ အီရန်လူမှုဖူလုံရေး အာဏာပိုင်တွေက ပြောပါတယ်။
ဖခင်မဲ့ခဲ့ရတဲ့ အယ်လီဇာဆိုတဲ့ ကလေးမလေးဆိုရင် အသက် ၄ နှစ်ပဲ ရှိပါသေးတယ်။
အယ်လီဇာဟာ သူ့အဖေကို အရမ်းကပ်ခဲ့တာပါ။ အဖေနဲ့ သမီးက စာဖတ်ရင်လည်း အတူတူ၊ သီချင်းဆိုရင်လည်း အတူတူ၊ တပူးတွဲတွဲ နေခဲ့ကြတာ ဖြစ်ပါတယ်။ အယ်လီဇာ အိပ်ခါနီးတိုင်း အဖေက ချော့သိပ်ခဲ့တာပါ။
ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အဖေ ချောင်းစဆိုးခဲ့ရာကနေ ဆေးရုံပို့လိုက်ရပါတယ်။ အသက် ၄၀ ပဲ ရှိသေးတဲ့ သူ့အဖေ ကိုဗစ်နဲ့ ဆုံးပါးသွားခဲ့ပါတယ်။
"အယ်လီဇာဟာ သူ့မျက်စိအောက်က တစ်မိနစ်လောက် ကျွန်မ ပျောက်သွားတာနဲ့ ယောက်ယက် ခတ်ပြီး လိုက်ရှာပါတော့တယ်။ သူ့အဖေလိုပဲ ကျွန်မ ပြန်လာမှာ မဟုတ်တော့ဘူးလို့ ထင်နေတာပါ"လို့ အယ်လီဇာရဲ့ အမေ အက်ဖရွဇ် က ပြောပြပါတယ်။
အယ်လီဇာဟာ အီရန်နိုင်ငံမှာ ကိုဗစ်ကြောင့် မိခင် ဒါမှမဟုတ် ဖခင် ဆုံးခဲ့ရတဲ့ ကလေး ထောင်ပေါင်းများစွာထဲက တစ်ဦး ဖြစ်ပါတယ်။
ဒီကလေးတွေထဲက အတော်များများဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲ ကာလအတွင်း အိမ်မှာပဲ စာသင်ယူနေကြရတာ ဖြစ်ပြီး ကိုဗစ်ကာလ ကန့်သတ်ချက် စည်းမျဉ်းတွေကြောင့် ထောက်ပံ့မှု ကွန်ရက်တွေဆီက အကူအညီတွေ မရကြပါဘူး။ အဲဒီ့ရဲ့ ရိုက်ခတ်မှုဒဏ်က အတော်လေး ကြီးမားနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
"မိဘ ဆုံးရှုံးရတဲ့ ကလေးတွေဟာ သူတို့ရဲ့ ဘဝက ဘာမှ ရေရာမှုမရှိဘူး ဆိုပြီး ခံစားမိတတ်ကြတယ်" လို့ လန်ဒန်မြို့က စိတ်ပညာနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဆမီနေ ရှာဟီးမ် က ပြောပါတယ်။
"အဲဒီကလေးတွေဟာ သူတို့ကို ကာကွယ်ပေးနေတဲ့ သူ ဆုံးရှုံးသွားပြီ၊ သူတို့ဘဝကို မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားမိကြတယ်။ အဲဒီအတွက် ရေရှည် ထိခိုက်မှုတွေ ရှိလာနိုင်သလို ရေတိုကာလ စိတ်ဒဏ်ရာတွေ ပိုတိုးလာနိုင်ပြီး သူတို့ရဲ့ ကျန်းမာရေးပေါ်မှာလည်း ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်"
အဲဒီကလေး အတော်များများနဲ့ စာရင် အယ်လီဇာ လေးကတော့ အမေက ကျောင်းဆရာမ ဖြစ်နေတာရယ်၊ သူ့ကို ကောင်းကောင်းပြုစု ပျိုးထောင်နိုင်တာရယ်ကြောင့် အခြေအနေ ပိုကောင်းတယ်လို့ ပြောရမှာပါ။
တခြားမိသားစု အတော််များများကတော့ အခက်အခဲတွေနဲ့ ပိုရင်ဆိုင်ကြရပါတယ်။ အထူးသဖြင့် မိသားစုအတွက် ဝင်ငွေ ရှာပေးနေတဲ့ အိမ်ထောင်ဦးစီး ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေ ဖြစ်ပါတယ်။
ဆိုးဝါးတဲ့ အကျိုးဆက်များ
ကိုဗစ်ကပ်ဘေးကြီး စကျရောက်ခဲ့ချိန်မှာ အမေရိကန်ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် အီရန်နိုင်ငံရဲ့ စီးပွားရေးဟာ ချွတ်ခြုံကျ နေပြီးသား ဖြစ်ပါတယ်။
အကြပ်အတည်းကာလ ပထမနှစ်ပိုင်းမှာ အီရန်ပြည်သူ တစ်သန်းကျော်လောက် ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ခဲ့ပြီး အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်လို့ အစ္စလာမစ် ပါလီမန် သုတေသနဌာနက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"စီးပွားရေး မတည်ငြိမ်မှုနဲ့ ငွေကြေးအခက်အခဲတွေကြောင့် မိသားစုတွေထဲမှာ ကိုယ့်မောင်နှစ်မ အငယ်တွေအတွက် အကြီးတွေက ကျောင်းထွက်၊ အလုပ်လုပ်ကြရပါတယ်။ ဒီကလေးအကြီးတွေဟာ မတရား အသုံးချတာမျိုးတွေနဲ့ ပိုရင်ဆိုင်ရဖွယ် ရှိတာမို့ မိသားတစ်စုလုံးမှာ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်ပါတယ်"လို့ ဒေါက်တာ ရှာဟီးမ်က ပြောပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားမှု အဆိုးဝါးဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။
အီရန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်သိန်း နှစ်သောင်းကျော် ရှိတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သေဆုံးသူ တကယ့်အရေအတွက်ဟာ ဒါ့ထက် အများကြီး ပိုများနိုင်တယ်လို့ အီရန်အာဏာပိုင်တွေက ထုတ်ဖော် ဝန်ခံထားပါတယ်။
ကိုဗစ်ကြောင့် သေဆုံးသူ အခုလို များရတာဟာ အမေရိကန်နဲ့ ယူကေက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ပြီးခဲ့တဲ့ ဆောင်းတွင်းကာလမှာ အီရန်နိုင်ငံထဲသွင်းခွင့် ပိတ်ပင်ခဲ့တဲ့ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီကြောင့် ဖြစ်တယ်လို့ အီရန်ပြည်သူ အတော်များများက ပြစ်တင် ပြောဆိုနေကြပါတယ်။
ဒီကာကွယ်ဆေးတွေကို အခုတော့ အီရန်နိုင်ငံထဲ သွင်းခွင့် ပြုနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်ဆေး အပြည့် ထိုးထားရပါသေးတယ်။
အီရန်သမ္မတ အီဘရာဟင်မ် ရာအီဆီ က လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို စက်တင်ဘာလကုန်မတိုင်ခင် ကာကွယ်ဆေး ထိုးပေးမယ်လို့ ကတိပြုထားပေမဲ့ ခုချိန်ထိတော့ သူ့ကတိကို အကောင်အထည် မဖော်နိုင်သေးပါဘူး။
ဘာပဲပြောပြော အယ်လီဇာရဲ့ အဖေအတွက်တော့ အချိန်နှောင်းသွားပြီ ဖြစ်ပါတယ်။
"ကိုဗစ်ကြီး ပြီးသွားရင် အဖေပြန်လာလိမ့်မယ် ဆိုပြီး အယ်လီဇာက ပြောပြောနေတယ်"လို့ သူ့အမေက ပြောပါတယ်။
ဒါက မဖြစ်နိုင်တဲ့ ဆုတောင်းတစ်ခုပါ။ ဒါ့ထက် ပိုအရေးကြီးတဲ့ အချက်ကတော့ ကာကွယ်ဆေး တင်သွင်းခွင့်ကိုသာ မပိတ်ပင်ခဲ့ဘူးဆိုရင် သူတို့မိဘတွေ အသက်မဆုံးရှုံးဘဲ ရှိနိုင်ခဲ့လေမလား ဆိုတာကို အယ်လီဇာလို ကလေးအတော်များများရဲ့ ခေါင်းထဲမှာ တစ်သက်လုံး တွေးနေကြမှာပဲ ဖြစ်ပါတယ်။








