မြောက်ကိုရီးယား-ဘယ်သူမှမယှဥ်နိုင်တဲ့ စစ်တပ်ကြီး တည်ထောင်မယ်လို့ ကင်ဂျုံအွန်းပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်ဆီက ရန်လိုတဲ့ မူဝါဒတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဆိုပြီး ဘယ်သူမှ အနိုင်ယူလို့ မရတဲ့ စစ်တပ်ကြီး တည်ဆောက်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်က သန္နိဋာန် ချထားတယ်လို့ မြောက်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်နက်တွေ ထုတ်လုပ်နေတာဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဖြစ်ပြီး စစ်ပွဲ စတိုက်ဖို့ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ပြောပါတယ်။
မစ်ဆိုင်းဒုံးကြီးတွေကို အမျိုးမျိုးကို ခင်းကျင်း ပြသထားတဲ့ လုပ်တောင့်လုပ်ခဲ ကာကွယ်ရေးလက်နက် ပြပွဲတစ်ခုမှာ ကင်ဂျုံအွန်းက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အသံထက်မြန်တယ်ဆိုတဲ့ ဒုံးကျည်သစ်တမျိုးနဲ့ လေယာဥ်ပစ်ဒုံးကျည်တွေကို မကြာသေးခင်က စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာ တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ လက်နက်တစ်မျိုးကို မကြာသေးခင်ကပဲ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ပြုံယမ်းမြို့တော်မှာ ကျင်းပခဲ့တဲ့ အဲဒီ Self-Defence 2021 လက်နက်ပြပွဲမှာ ကင်ဂျုံအွန်းက တောင်ကိုရီးယားမှာ လက်နက်တွေ တိုးထုတ်လာနေတဲ့အကြောင်းကို သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပြီး မြောက်ကိုရီးယားဟာ အိမ်နီးချင်း တောင်ကိုရီးယားနဲ့ စစ်တိုက်ဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။
"ဘယ်သူနဲ့မှ စစ်တိုက်ဖို့ စဉ်းစားဆွေးနွေးနေတာမျိုး မရှိပါဘူး၊ စစ်တိုက်မယ့်အစား စစ်ကို တားဆီးနိုင်ဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်အောင် စစ်ဘက်ဆိုင်ရာ
အတားအဆီးတွေ ပိုတိုးလုပ်နိုင်ဖို့ကိုပဲ စဉ်းစားနေပါတယ်"လို့ ကင်ဂျုံအွန်းက ပြောပါတယ်။
တင့်ကားတွေ အပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ ပြသထားတဲ့ စစ်လက်နက်ပြပွဲကို လှည့်လည်ကြည့်ရှုရင်း ကင်ဂျုံအွန်းက မြောက်နဲ့ တောင်ကိုရီးယားနိုင်ငံ အကြား တင်းမာမှုတွေ တိုးလာအောင် အမေရိကန်က သွေးထိုးပေးနေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘက်က ရန်မလိုပါဘူးဆိုတာကို မြောက်ကိုရီးယားက ယုံကြည်ရလောက်စေမယ့် အပြုအမူမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးဖို့ စိတ်ဆန္ဒရှိတယ်လို့ အကြိမ်ကြိမ် ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက် အရင်စွန့်လွှတ်မှ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးနိုင်မယ်လို့ တောင်းဆိုထားပါတယ်။ မြောက်ကိုရီးယားဘက်က ဒါကို ခုချိန်ထိ လက်မခံသေးပါဘူး။

ကင်ဂျုံအွန်းက သူ့ရဲ့ စစ်လက်နက် အင်အားသစ်အကြောင်းကိုတော့ ဒီမှာ ထုတ်မပြောပြ သွားခဲ့ပါဘူး။
ဒီစစ်လက်နက်ပြပွဲဟာ စစ်ရေးအခမ်းအနားတစ်ခုနဲ့ အလားတူပါတယ်။ ကင်ဂျုံအွန်း အာဏာရယူခဲ့ပြီးကတည်းက ဒီလို ကာကွယ်ရေး ပြပွဲမျိုး တခါမှ မတွေ့ခဲ့ဖူးသေးပါဘူး။
တိုက်ချင်းပစ် ပဲ့ထိန်း မစ်ဆိုင်းဒုံးတွေ၊ စစ်ယူနီဖောင်းနဲ့ သူ့ပုံတူ ပန်းချီကားတွေနဲ့ ပြည့်နေတဲ့ အဲဒီ စစ်လက်နက်ပြပွဲမှာ ကင်ဂျုံအွန်းက သူပြောမပြနိုင်လောက်အောင် ဂုဏ်ယူစိတ် ဖြစ်မိတယ်လို့ မစ်ဆိုင်းဒုံးကျည်တွေကို တို့ထိ ကိုင်တွယ်ရင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် လက်နက်တွေ ထုတ်လုပ်နေတာ မပြီးသေးဘူးလို့ ပြတ်ပြတ်သားသား ပြောသွားခဲ့ပြီး ဒါဟာ ခုခံတားဆီးဖို့ လုပ်နေတာလို့ ဆ်ိုပါတယ်။
သူထုတ်ဖို့ ဆန္ဒရှိတဲ့ လက်နက်တွေကို ဆက်ထုတ်သွားမယ်လို့ အခိုင်အမာ ပြောသွားခဲ့သလို လတ်တလောနှစ်ပိုင်းတွေအတွင်း တောင်ကိုရီးယားကလည်း သူတို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့ ပိုအင်အားကြီးလာအောင် အလားတူ လုပ်နေတယ်လို့ ထည့်ပြောသွားခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ လက်နက်စီမံကိန်းအပေါ် ဝေဖန်နေကြသူတွေကို အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေကြတယ်လို့ တဖက်လှည့်နဲ့ ပြောလိုက်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားလိုပဲ မြောက်ကိုရီးယားမှာလည်း စစ်အင်အား တိုးချဲ့ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပါ။
ဒါပေမဲ့ မြောက်ကိုရီးယားမှာ ဆိုးဝါးတဲ့ စီးပွားရေးအကြပ်အတည်းကြီးနဲ့ ကြုံနေရချိန်မှာ မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘဝ တိုးတက်ကောင်းမွန်လာအောင် အာရုံစိုက် ဆောင်ရွက်ကြဖို့ သူ့အစိုးရအဖွဲ့က အရာရှိတွေကို ကင်ဂျုံအွန်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုက်တွန်းပြောကြားခဲ့ပါတယ်။
တင်းကျပ်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ ငွေကြေး အကန့်အသတ် ရှိနေချိန်မှာ ကင်ဂျုံအွန်းအနေနဲ့ ဘယ်သူမှ အနိုင်ယူလို့မရတဲ့ စစ်တပ်ကြီး တကယ်ပဲ တည်ဆောက်နိုင်ပြီး သူ့ပြည်သူတွေကို ကူညီနိုင်မှာပါလား
တခုခု ရွေးရမယ်ဆိုရင် သူဘာကို ရွေးမှာပါလဲ


ပြီးခဲ့တဲ့ လက ကုလသမဂ္ဂ အဏုမြူအေဂျင်စီအဖွဲ့က မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်အတွက် ပလူတိုနီယမ် ထုတ်ပေးနိုင်ဖွယ် ရှိတဲ့ ဓာတ်ပေါင်းဖိုတစ်ခုကို စလည်ပတ်နေပုံ ရတယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စရာ လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် လက်နက်တွေ ဆက်ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ အမြဲ ပြောနေခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်ကို ပြန်အဖတ်ဆယ်ပြဖို့ နည်းတစ်ခုအနေနဲ့ မြောက်ကိုရီးယားအစိုးရက အသုံးချနေတာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုတွေကို တားဆီးဖို့အတွက် အာဏာပိုင်တွေက နယ်စပ်တွေကို ပိတ်လိုက်အပြီးမှာ စီးပွားရေး ကြပ်တည်းမှုကြီးနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပုံ ရှိပါတယ်။
စားနပ်ရိက္ခာနဲ့ လောင်စာဆီ လို အရေးပါတဲ့ အထောက်အပံ့တွေကို မြောက်ကိုရီးယားရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အဓိက မဟာမိတ်နိုင်ငံကြီး ဖြစ်တဲ့ တရုတ်နိုင်ငံဆီက မရတော့ဘဲ ပြတ်တောက် သွားခဲ့ပါတယ်။ပဲ့ထိန်း မစ်ဆိုင်းဒုံးတွေနဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂက တားမြစ်ထားပေမဲ့ မြောက်ကိုရီးယားက ဒီတားမြစ်ချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့အတွက် ကြီးလေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကင်ဂျုံအွန်းဟာ ဒီစစ်လက်နက်ပြပွဲမှာ အရောင်ရင့်ရင့် ပွဲတက်ဝတ်စုံ ဝတ်လာပြီး ခါတိုင်းနဲ့မတူ ခြေစွပ်နဲ့ ကွင်းထိုးဖိနပ် စီးလာတာ တွေ့ရတဲ့အတွက် သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ထင်ကြေးပေး ပြောဆိုနေမှုတွေ ထပ်ပေါ်ထွက်လာပြန်ပါတယ်။
ကင်ဂျုံအွန်းဟာ သူ့ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ ကျန်းမာရေး ပြဿနာ ရှိတယ်လို့ ယူဆရပါတယ်။ အဆစ်အမြစ်ရောင် ဂေါက်ရောဂါကြောင့် သူ့ခြေထောက်တွေ ရောင်နေတတ်ပါတယ်။ အရင်တုန်းက ကင်ဂျုံအွန်းကို လူရှေ့မှာ ထော့နဲ့၊ ထော့နဲ့နဲ့ လျှောက်တာ တွေ့ခဲ့ရပါတယ်။
မေလတုန်းက အချိန်တိုအတွင်း သိသိသာကြီး ကိုယ်အလေးချိန် ကျသွားခဲ့ပြီး စက်တင်ဘာလ တုန်းကလည်း မိန့်ခွန်းအကြာကြီး ပြောတုန်းက ခေါင်းအုံး ခံထားတဲ့ အခင်းတွေပေါ်မှာ ရပ်ရင်း မိန့်ခွန်းပြောခဲ့ရတာ တွေ့ခဲ့ရပြီး ဒါဟာ ပုံမှန်မဟုတ်ဘူးလို့ ဆိိုးလ်မြို့အခြေစိုက် NK သတင်းဌာနက အကဲခတ် ကောလင်း ဇဝီယာကို ကပြောကြောင်း ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။








