ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟွာဝေး ဘဏ္ဍာရေးမှူးချုပ် မန်ဝမ်ဂျိုး ပြန်လွတ်လာ၊ တရုတ်က ကနေဒါ ၂ ဦးလည်း ပြန်လွတ်
တရုတ်နိုင်ငံ ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးမှူးချုပ် မန်ဝမ်ဂျိုးဟာ ကနေဒါနိုင်ငံမှာ ၃ နှစ်ကြာ အဖမ်းခံနေရပြီးနောက် အခုတော့ ပြန်လွတ်လာပါပြီ။ သူဟာ ဟွာဝေးကို ၁၉၈၇ က တည်ထောင်ခဲ့တဲ့ ဘီလျံနာ သူဌေးကြီး ရန်ဂျန်ဖေရဲ့ သမီးကြီးလည်း ဖြစ်ပါတယ်။
မစ္စ မန်ဝမ်ဂျိုးဟာ သူ့ကို လိမ်လည်မှုနဲ့ တရားစွဲခဲ့တဲ့ ရှေ့နေတွေနဲ့ သဘောတူညီမှုယူနိုင်ခဲ့ပြီးနောက် ပြန်လွတ်လာတာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုကြောင့် အနောက်နိုင်ငံတွေနဲ့ တရုတ်ကြား သံတမန်ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။
အမေရိကန်ဘက်က မစ္စ မန်ဝမ်ဂျိုးကို တရားစွဲပြီး ကနေဒါကို ပန်ကြားခဲ့တာကြောင့် ကနေဒါဟာ မစ္စ မန်ဝမ်ဂျိုးကို ၂၀၁၈ ဒီဇင်ဘာတုန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးပြီးနောက် တရုတ်ဘက်ကလည်း ကနေဒါနိုင်ငံသားနှစ်ဦးကို သူလျှိူမှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။ တရုတ်ဘက်ကတော့ ဒါဟာ လက်တုံ့ပြန်တဲ့အနေနဲ့ ဖမ်းတာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
မစ္စ မန်ဝမ်ဂျိုးကို ပြန်လွှတ်ပြီး နာရီပိုင်းအကြာမှာပဲ အဲဒီ ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မိုက်ကယ်စပါဗာ နဲ့ မိုက်ကယ်ကိုဗရစ် နှစ်ဦးကိုလည်း တရုတ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်လာတဲ့ မစ္စ မန်ဝမ်ဂျိုးက ''ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကျွန်မဘ၀ဟာ ကပြောင်းကပြန်ဖြစ်ခဲ့ရပါတယ်။ ကျွန်မအတွက် စိတ်ရှုပ်စရာအခြေအနေပါ။ မိခင်တစ်ဦးအနေနဲ့ရော ဇနီးသည်နဲ့ ကုမ္ပဏီအမှုဆာင်တစ်ဦးအနေနဲ့ပါ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်'' လို့ ပြောပါတယ်။
''တိမ်တိုက်တွေတိုင်းမှာ ငွေရောင်အနားသတ်ရှိတယ်လို့ ကျွန်မယုံပါတယ်။''
''ကမ္ဘာတစ်၀န်းက လူတွေက ကျွန်မအတွက် ဆုတောင်းပေးကြတာကို ဘယ်တော့မှ မမေ့ပါဘူး'' လို့ မစ္စ မန်ဝမ်ဂျိုးက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
အဲဒီနောက် သူဟာ တရုတ်နိုင်ငံ ရှန်ကျန်းကို ပျံသန်းမယ့် အဲချိုင်းနား လေကြောင်းလိုင်း လေယာဉ်ပေါ် တက်သွားခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။
မစ္စ မန်ဝမ်ဂျိုး ဘယ်လို လွတ်လာလဲ
မစ္စ မန်ဝမ်ဂျိုး အခုလို ပြန်လွတ်လာဖို့အတွက် တရုတ်နဲ့ အမေရိကန်ကြား အပြင်းအထန်ဆွေးနွေးခဲ့ကြရပုံ ရပါတယ်။
မစ္စ မန်ဝမ်ဂျိုးဟာ ဟွာဝေးနဲ့ စကိုင်းကွန်းဆိုတဲ့ ကုမ္ပဏီတို့ကြား ဆက်နွှယ်မှုနဲ့ပတ်သက်ပြီး HSBC ဘဏ်ကို လိမ်လည်လှည့်စားခဲ့တယ်၊ အဲဒါကြောင့် ဒီဘဏ်အနေနဲ့ အီရန်နဲ့ပတ်သက်တဲ့ အမေရိကန်ပိတ်ဆို့အရေးယူမှု စည်းမျဉ်းကို ချိုးဖောက်မယ့်အန္တရာယ် ကျရောက်ခဲ့ရတယ်လို့ အမေရိကန်ဘက်က စွပ်စွဲခဲ့တာပါ။
အီရန်မှာရှိတဲ့ လုပ်ငန်းဆီ ငွေပေးချေမှုနဲ့ပတ်သက်လို့ အမေရိကန် စုံစမ်းရေးမှူးတွေကို လှည့်စားခဲ့တယ်ဆိုတာ မစ္စ မန်ဝမ်ဂျိုးကလည်း ဝန်ခံခဲ့ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ကတော့ အမေရိကန်တရားရေးဌာနက တရားစွဲဆိုမှုတွေကို ရွှေ့ဆိုင်းထားဖို့ သဘောတူညီမှုတစ်ခုရခဲ့တယ်လို့ ကြေညာပါတယ်။ တရားစွဲဆိုမှုတွေကို ၂၀၂၂ ဒီဇင်ဘာထိ ရွှေ့ဆိုင်းထားမယ့် သဘောပါ။
တကယ်လို့ မစ္စ မန်ဝမ်ဂျိုးက တရားရုံးရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာရင် အမှုက နောက်ဆုံးမှာ ပိတ်သိမ်းသွားမယ့်အခြေအနေ ရှိပါတယ်။
စက်တင်ဘာ ၂၄ ရက်နှောင်းပိုင်းမှာပဲ ကနေဒါဘက်က တရားစွဲရှေ့နေတွေကလည်း မစ္စ မန်ဝမ်ဂျိုးကို အမေရိကန်ကို လွှဲပြောင်းပေးမယ့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ကြောင်းနဲ့ သူ့ကို လွှတ်ပေးသင့်ကြောင်း ကနေဒါနိုင်ငံ ဗန်ကူးဗားက တရားရုံးကို လျှောက်ထားခဲ့ပြီး တရားရုံးကလည်း သူ့ကို လွှတ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။
မစ္စ မန်ဝမ်ဂျိုးဟာ ဗန်ကူးဗားက ဒေါ်လာသန်းချီတန်တဲ့ သူ့အိမ်ကြီးထဲမှာ ၃ နှစ်နီးပါး အိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတာ ဖြစ်ပါတယ်။
ကနေဒါ နိုင်ငံသား ၂ ဦးလည်း ပြန်လွတ်
မစ္စ မန်ဝမ်ဂျိုးလွတ်လာသလို ကနေဒါနိုင်ငံသား နှစ်ဦးလည်း ကနေဒါကို ပြန်လာနေပြီ ဖြစ်ပါတယ်။
''အားလုံးအတွက် သတင်းကောင်းဖြစ်ပါတယ်၊ သူတို့ဟာ သူတို့မိသားစုတွေဆီ ပြန်လာနေကြပြီ''လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးက ပြောပါတယ်။
ကနေဒါနိုင်ငံသားတွေကို ၂၀၁၈ ဒီဇင်ဘာလ ၁၀ ရက်မှာ ထိန်းသိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှာ တရားဝင် ဖမ်းဆီးခဲ့ပါတယ်။ နောက် ၁၃ လခွဲအကြာမှာ တရားစွဲဆိုပါတယ်။
မိုက်ကယ်ကိုဗရစ်ဟာ သံတမန်ဟောင်းဖြစ်ပြီး နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့မှာ အလုပ်လုပ်နေခဲ့ပါတယ်။ မစ္စတာ စပါဗာကတော့ မြောက်ကိုရီးယားနဲ့ဆက်နွှယ်တဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းတစ်ခုရဲ့ တည်ထောင်သူ အဖွဲ့ဝင်ဖြစ်ပါတယ်။
သြဂုတ်လတုန်းကတော့ မစ္စတာ စပါဗာဟာ ထောင် ၁၁ နှစ်ချခံရပါတယ်။ မစ္စတာ ကိုဗရစ်အမှုကတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး။
သူတို့နှစ်ဦးစလုံးကတော့ သူတို့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပါတယ်။