၁၀၇ နှစ်နဲ့ အသက်အကြီးဆုံးအမြွှာတွေ အဖြစ် စံချိန်တင်လာကြသူတွေ

အူမေးနိုး ဆူမီယာမာ (ဘယ်ဘက်) နဲ့ ကိုအူမေး ခိုဒါးမား

ဓာတ်ပုံ ရင်းမြစ်, Guinness World Records

ဓာတ်ပုံ ပုံစာ, အူမေးနိုး ဆူမီယာမာ (ဘယ်ဘက်) နဲ့ ကိုအူမေး ခိုဒါးမား တို့ကို ဂင်းနက်မှတ်တမ်းနဲ့ အတူတွေ့ရစဉ်

ဂျပန်နိုင်ငံက ဘွားသက်ရှည်အမြွှာညီအစ်မဟာ ကမ္ဘာ့အသက်အရှည်ဆုံးအမြွှာတွေ အဖြစ် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်လာပါတယ်။ သူတို့ဟာ အသက် ၁၀၇ နှစ်နဲ့ ရက် ၃၀၀ ရှိပါပြီ။

အူမေးနို ဆူမီယာမနဲ့ ကိုအူမေး ခိုဒါးမားတို့ဟာ အရင်က ဂျပန်ကပဲ ကင်နာရီတာနဲ ဂင်ကာနီအေး အမြွှာညီအစ်မတင်ထားတဲ့ စံချိန်ကို ချိုးလိုက်ကြတာဖြစ်ပါတယ်။

အူမေးနိုနဲ့ ကိုအူမေးတို့ကို ၁၉၁၃ နိုဝင်ဘာလ ၅ ရက်နေ့မှာ ရှိုဒိုရှီးမားကျွန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံးဟာ ဖော်ရွေပြီး လူအများနဲ့ ရောရောနှောနှော နေတတ်သူတွေဖြစ်တယ်လို့ လူတွေကပြောကြပါတယ်။

သူတို့ ညီအစ်မ စံချိန်သစ်ရှင်တွေ ဖြစ်လာတဲ့အကြောင်းကို တနင်္လာနေ့က ကြေညာခဲ့တာပါ။ အဲဒီနေ့ဟာ ဂျပန်မှာ သက်ကြီးရွယ်အိုများအပေါ်လေးစားမှုပြတဲ့နေ့ ဖြစ်လို့ တိုက်ဆိုင်ပြီး ထုတ်ပြန်ကြေညာတာလည်း ဖြစ်ပါတယ်။

သူတို့ ညီအစ်မဟာ ဂျပန်နိုင်ငံမှာ တစ်နေရာစီနေကြတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ အခြေအနေကြောင့်ရယ်၊ ကြိုတင်သတိထားတဲ့ အနေနဲ့ရယ် သူတို့ ကမ္ဘာ့စံချိန်ရှင်တွေဖြစ်လာတဲ့ တရားဝင်မှတ်တမ်းလက်မှတ်တွေကို သူတို့ရှိနေရာ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေဆီ တာဝန်ရှိသူတွေက သီးခြားစီ သွားရောက် ပေးအပ်ခဲ့ကြပါတယ်။

သူတို့ဟာ စက်တင်ဘာလ ၁ ရက်နေ့က စပြီး စံချိန်သစ်တင်သူတွေဖြစ်လာကြပါတယ်လို့ ဂင်းနက်စ်အဖွဲ့က တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စံချိန်ရှင် ကင်နဲ့ ဂင်ညီအစ်မကတော့ သက်ရှိရုပ်ချင်းဆင်တူသူ အမြွှာတွေအဖြစ် ၂၀၀၀ ခုနှစ် ဇန်နဝါရီလ ကင်ကွယ်လွန်ချိန်အထိ အသက် ၁၀၇ နှစ်နဲ့ ၁၇၅ ရက်နဲ့ စံချိန်တင်ခဲ့ပါတယ်။ ဂင်ကတော့ နောက်တစ်နှစ်အကြာ အသက် ၁၀၈ နှစ်မှာ ကွယ်လွန်သွားပါတယ်။

ကင် နဲ့ ဂင်

ဓာတ်ပုံ ရင်းမြစ်, Kurita KAKU

ဓာတ်ပုံ ပုံစာ, စံချိန်ရှင်ဟောင်း ကင် နဲ့ ဂင် အမြွှာညီအစ်မ

သူတို့ ညီအစ်မကတော့ ၁၈၉၂ သြဂုတ်လ ၁ ရက်နေ့မှာ နာဂိုယာမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၁၀၀ ကျော်လာချိန်ကစလို့ မီဒီယာတွေမှာ ဆယ်လီညီအစ်မအဖြစ် ထင်ရှားခဲ့ကြပါတယ်။ သူတို့ နာမည်တွေကတော့ ရွှေ နဲ့ ငွေလို့ အဓိပ္ပါယ်ရကြပါတယ်။

အူမေးနိုးနဲ့ ကိုအူမေးတို့ရဲ့ မိသားစုတွေကတော့ သူတို့လည်း အရင်ဆယ်လီ ဖွားဖွားတွေရဲ့ အသက်ကို မီလာပြီလို့ ပြောပြီး စနောက်ခဲ့တယ်လို့ ဆိုပါတယ်။

အူမေးနိုးမှာ သားသမီး လေးယောက်ရှိပြီး ကိုအူမေးမှာတော့ သုံးယောက်ရှိပါတယ်။

ဗီဒီယို ပုံစာ, သင်ယူစရာဂျပန်က သက်ကြီးရွာ

ဂျပန်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူတွေရှိကြပြီး သက်ကြီးရွယ်အိုတွေကိုလည်း လူတွေက အထူးလေးစားရိုသေကြပါတယ်။

ဂင်းနက်စ်မှတ်တမ်းအရ ကမ္ဘာပေါ်က အသက်အကြီးဆုံးသူကတော့ အသက် ၁၁၈ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်အမျိုးသမီးကြီး ကာနေ တာနာကာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ရန်ကုန်မြို့က သက်ကြီး နေ့ဂေဟာ