ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်ကနေ အမေရိကန် အမှုထမ်းတွေကို ကယ်ထုတ်ဖို့ ကာဘူးလ်လေဆိပ်ကို အမေရိကန် တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားလိုက်
ကာဘူးလ်မြို့တော်ကို တာလီဘန်တို့ သိမ်းပိုက်လိုက်အပြီးမှာ မြို့ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မြို့ခံတွေနဲ့ ကာဘူးလ်လေဆိပ်မှာ ဝရုန်းသုန်းကား ဖြစ်နေပါတယ်။
အချင်းချင်း တိုးဝှေ့ ပိမိရာကနေ ဒီကနေ့ တနင်္လာနေ့မှာ အနည်းဆုံး အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီကို ပြောပါတယ်။ ကာဘူးလ်လေဆိပ်ကို သိမ်းထားတဲ့ အမေရိကန်တပ်ဖွဲ့တွေက လေထဲကို သေနတ်နဲ့ ပစ်ဖောက်ခဲ့ရပါတယ်။
ခရီးသည် လေယာဉ်ခရီးစဉ်တွေ အများစု ဆိုင်းငံ့ထားလိုက်တဲ့အတွက် အာဖဂန်လူမျိုးရာပေါင်းများစွာနဲ့ တခြား နိုင်ငံခြားသားတွေ လေဆိပ်မှာ သောင်တင်နေကြပါတယ်။
အမေရိကန်နဲ့ တခြားနိုင်ငံ အစိုးရတွေက အာဖဂန်နစ္စတန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ သူတို့နိုင်ငံသား ဝန်ထမ်းတွေကို ကယ်ထုတ်နိုင်ဖို့ အမြန်လုပ်နေကြပါတယ်။
တနင်္ဂနွေနေ့မှာ အာဖဂန် သမ္မတ အက်ရှ်ရက်ဖ် ဂါနီ ပြည်ပကို ထွက်ပြေးသွားခဲ့ပြီး သူ့အစိုးရ ပြိုပျက်သွားခဲ့အပြီးမှာ တာလီဘန်တွေက သူတို့ အနိုင်ရသွားပြီလို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ပေါင်း ၂၀ နီးပါး အခြေစိုက် တပ်စွဲထားခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့တာပါ။
တာလီဘန်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ဟိုးလပေါင်းများစွာကတည်းက စခဲ့တာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရှိန်မြင့်လာခဲ့ပြီး နေရာအတော်များများကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အကဲခတ်အတော်များများ အံ့သြတကြီး ဖြစ်သွားခဲ့ရပါတယ်။ တာလီဘန်တွေလက်ထဲ ကျမသွားအောင် အာဖဂန်အစိုးရတပ်တွေက ကြိုးစားကာကွယ်နေခဲ့တဲ့ အဓိကမြို့ကြီးတွေထဲမှာ ကာဘူးလ်မြို့ဟာ အခုနောက်ဆုံး ကျန်တဲ့ မြို့ဖြစ်ပါတယ်။
နိုင်ငံခြား မဟာမိတ် တပ်ဖွဲ့ အများစု ပြန်ရုပ်သိမ်းသွားခဲ့အပြီးမှာ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန် အစ္စလာမစ်အဖွဲ့က ပြန်သိမ်းပိုက်လိုက်နိုင်ခဲ့တာပါ။
တခြားတိုင်းပြည်တစ်ခုရဲ့ ပြည်တွင်း ပဋိပက္ခအတွင်း အမေရိကန်က တစ်သက်လုံး ဝင်ကူညီ ကာကွယ်ပေးနေဖို့ဆိုတာ မမှန်ဘူးဆိုပြီး သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရက်ပိုင်းက ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
ကာဘူးလ်မြို့ကို တာလီဘန်တွေ သိမ်းပိုက်လိုက်အပြီးမှာ လူအများအပြား လေဆိပ်ဆီ ဦးတည် ထွက်ပြေးခဲ့ကြပါတယ်။
အာဖဂန်သတင်းထောက် တစ်ဦး ဒီကနေ့ တနင်္လာနေ့မှာ ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ ကလေးငယ်တွေ အထုပ်အပိုးတွေ ဆွဲပြီး လူအုပ်လိုက်ကြီး လေဆိပ်ခန်းမထဲ ထွက်ပြေး ဝင်ရောက်သွားနေပုံကို တွေ့ရပါတယ်။
အမေရိကန် တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ အာဖဂန် လူအုပ်ကြီး စောင့်ဆိုင်းနေတဲ့ ပုံတွေလည်း တွေ့ရပါတယ်။ လူအုပ်ကြီးကို ထိန်းဖို့ အမေရိကန် တပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ရာကနေ အချင်းချင်း တိုးဝှေ့ပိမိပြီး သေတဲ့သူတွေ ရှိတယ်လို့လည်း သတင်းတချို့က ဆိုပါတယ်။
ကာဘူးလ် လေဆိပ်ကို ရိုးရိုး ခရီးသည်တွေအတွက်နဲ့ စစ်တပ်အတွက် ဆိုပြီး အခြမ်းနှစ်ခြမ်း ပိုင်းထားကြောင်းနဲ့ လေယာဉ် ခရီးစဉ်အများစုကို ဆိုင်းငံ့ထားတဲ့ ရိုးရိုးခရီးသည်တွေ အသုံးပြုတဲ့ဘက်အခြမ်းမှာ ဝရုန်းသုန်းကား ဖြစ်နေပြီး စစ်တပ်အသုံးပြုတဲ့ဘက်အခြမ်းကိုတော့ အခုအခါ လုံခြုံရေးတွေ ချထားလိုက်ပြီး ပြည်ပနိုင်ငံတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်ပေးဖို့ လုပ်နေကြောင်း ယူကေ ကာကွယ်ရေး ဝန်ကြီး ဘန် ဝေါလေ့စ်က ဘီဘီစီကို ပြောပါတယ်။
လူတွေကို ကယ်ထုတ်ရာမှာ ကူဖို့ အမေရိကန်က တပ်ဖွဲ့ဝင် ၆၀၀၀ စေလွှတ်ထားပါတယ်။
အမေရိကန်နိုင်ငံသားတွေ၊ သံရုံးအဖွဲ့ဝင် ဒေသခံတွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုရော အန္တရာယ် ရှိနိုင်တဲ့ အာဖဂန်နိုင်ငံသားတွေကိုပါ လာမယ့်ရက်ပိုင်းအတွင်း လေယာဉ်နဲ့ ကယ်ထုတ်သွားမယ်လို့ အမေရိကန် အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တနင်္ဂနွေနေ့ညက ရိုက်ထားတဲ့ ဗီဒီယိုပုံတွေထဲမှာ ကာဘူးလ်မြို့ကနေ နောက်ဆုံးထွက်တဲ့ ခရီးသည်တင် လေယာဉ်ခရီးစဉ်မှာ လိုက်ပါနိုင်ဖို့ လူရာပေါင်းများစွာ အပြေးအလွှား ကြိုးစားခဲ့ကြပုံကို တွေ့ရပါတယ်။
ကာဘူးလ်မြို့ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ရက်ခ်ရှန်ဒါ ဂျီလာလီ က "ဘယ်လိုကြောင့် အမေရိကန်တွေက လေဆိပ်ကို ထိန်းချုပ်ထားပြီး အာဖဂန်လူမျိုးတွေကို စည်းမျဉ်း ကန့်သတ်ချက်တွေ ချနေရတာလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
"ဒီလေဆိပ်က ကျွန်မတို့ အာဖဂန်လူမျိုးတွေရဲ့ လေဆိပ်ပါ။ ဒါပေမဲ့ သံတမန်တွေကိုတော့ ကယ်ထုတ်ပေးပြီး ကျွန်မတို့ အာဖဂန်တွေကတော့ အခြေအနေ မရေမရာနဲ့ စောင့်နေရတယ်" လို့ ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။
အာဖဂန်ပြည်သူတွေဟာ လုံခြုံစိတ်ချစွာ သိက္ခာရှိရှိ နေထိုင်နိုင်ခွင့် ရှိရမှာ ဖြစ်ပြီး လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု အမြန်ဆုံးပြန်တည်ဆောက်ဖို့ လိုတယ်လို့ အမေရိကန်နဲ့ ယူကေအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံထဲက ထွက်ခွာလိုသူတိုင်းကို ထွက်ခွာခွင့်ပြုဖို့နဲ့ ကားလမ်းတွေ၊ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေကို ဖွင့်ထားပေးဖို့ တာလီဘန်တွေကိုလည်း သူတို့က တောင်းဆိုခဲ့ပါတယ်။
လူတွေကို လေဆိပ်ကနေ အိမ်ပြန်ခွင့်ပြုမယ်လို့ တာလီဘန် ပြောခွင့်ရသူ တစ်ဦးက ပြောကြောင်း ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။
လူတွေ၊ အိုးအိမ်ပစ္စည်းတွေ ဘေးကင်းလုံခြုံမှု ရှိတယ်လို့ ကာတာမှာ ရှိတဲ့ တာလီဘန် ညှိနှိုင်းရေးမှူး ဆူဟေးလ် ရှာဟီးန် က တနင်္ဂနွေနေ့တုန်းက ဘီဘီစီကို ပြောပါတယ်။ "ကျွန်တော်တို့က ပြည်သူတွေနဲ့ နိုင်ငံရဲ့ အကျိုးကို ထမ်းဆောင်သူတွေ ဖြစ်ကြပါတယ်" လို့ သူက ပြောပါတယ်။
တနင်္ဂနွေနေ့က အမေရိကန် သံရုံးဝန်ထမ်းတွေကို အမေရိကန်ရဟတ်ယာဉ်တွေနဲ့ လေဆိပ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ သံရုံး စာရွက်စာတမ်းတွေကို မီးရှို့ဖျောက်ဖျက်သွားခဲ့တဲ့အတွက် သံရုံးဝန်းနားတဝိုက်မှာ မီးခိုးလုံးတွေ တွေ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဗြိတိန်အစိုးရကလည်း သူ့ရဲ့ ဗြိတိသျှတပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းရာမှာ ကူဖို့ တပ်ဖွဲ့ဝင် ၆၀၀ လောက်ကို စေလွှတ်ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ယူကေနိုင်ငံသားတွေနဲ့ ယူကေနိုင်ငံရဲ့ နှစ်ပေါင်း ၂၀ ကြာ ကြိုးပမ်းဆောင်ရွက်မှုတွေအတွင်း ပါဝင်ကူညီခဲ့သူ အားလုံးကို အာဖဂန်နိုင်ငံထဲကနေ မြန်နိုင်သမျှ အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ကို သူဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ရုရှားကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့သံရုံးအတွက် လုံခြုံရေး စိတ်မပူဖို့ တာလီဘန်တွေက အာမခံထားတဲ့အတွက် ရုရှားသံရုံးကိုတော့ ပိတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ရုရှားကလည်း အာဖဂန်အရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ စီစဉ်နေပါတယ်။