ဟေတီသမ္မတလုပ်ကြံမှု - ထိုင်ဝမ်သံရုံးပိုင် ဝင်းထဲ ကျော်ဝင်ခဲ့တဲ့ လုပ်ကြံသူတချို့ကို ဖမ်းမိ

ဟေတီသမ္မတ ယိုဗယ်နဲလ် မိုအိဇ် Jovenel Moïse ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက လုပ်ကြံခဲ့သူတွေဟာ ကိုလံဘီယာ စစ်သားဟောင်းတွေ ပါဝင်တဲ့ လူ ၂၈ ဦးပါ ပြည်ပက ကြေးစားတပ်သားတွေ ဖြစ်တယ်လို့ ရဲကပြောပါတယ်။

၁၇ ဦးကို ဖမ်းမိထားတယ်လို့ဆိုပြီး အဲဒီထဲက အများစုကို မြို့တော် Port-au-Prince မှာ ရှိတဲ့ အိမ်တလုံးမှာ တိုက်ပွဲတခု ဖြစ်အပြီး ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာပဲ သွေးတွေ ဒဏ်ရာတွေနဲ့ ဖြစ်နေကြတဲ့ လုပ်ကြံမှုအတွက် သံသယရှိသူတွေကို သူတို့ဆီက ဖမ်းမိခဲ့တဲ့ လက်နက်တွေနဲ့ အတူတကွ မီဒီယာတွေ ကိုပြသခဲ့ပါတယ်။

နောက်ထပ် မသင်္ကာသူ ၈ ယောက် ရှောင်ပြေးနေဆဲ ဖြစ်ပြီး ၃ ယောက်ကတော့ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

လုပ်ကြံမှုမှာ ပါဝင်တယ်လို့ မသင်္ကာသူ ၁၁ ယောက်ဟာ အဲဒီမှာ ရှိနေတဲ့ တိုင်ဝမ် သံတမန်ခြံဝင်းထဲမှာဖမ်းမိခဲ့တယ်လို့ တိုင်ဝမ်ဘက်က အတည်ပြုပါတယ်။ အဲဒီလူတွေဟာ သံရုံးပိုင် ပရဝဏ်တစ်ခုထဲကို ကျော်ဝင်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်း သတင်းတွေအရ သံရုံးခွင့်ပြုချက်နဲ့ ရဲတွေက ဝင်ဖမ်းခဲ့တာလို့ သိရပါတယ်။

အခုလုပ်ကြံမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကိုတော့ စုံစမ်းရှာဖွေနေဆဲ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ခဲ့ပုံ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဟေတီရဲ့ မြို့တော် Port-au-Prince မှာ ရှိတဲ့ သမ္မတအိမ်တော်ထဲကို သေနတ်သမား တစု ဝင်ရောက်စီးနင်းခဲ့ကြပြီး သမ္မတနဲ့ သမ္မတ ကတော်တို့ကို ပစ်ခတ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ Mr Moïse ကို သေနတ်ဒဏ်ရာ ၁၂ ချက်နဲ့ မျက်လုံးတဖက် ထွက်ပြီး သွေးအိုင်ထဲမှာ လဲကျ သေဆုံးနေတာကို တွေ့ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သမ္မတကတော် Martine လည်း ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ဖလော်ရီဒါကို လေကြောင်းနဲ့ ပို့ပြီး ကုသမှု ပေးနေရပါတယ်။ သူကတော့ အခြေအနေ တည်ငြိမ်တယ်လို့ သိရပါတယ်။

ဘယ်သူတွေ ပါဝင်ခဲ့တာလဲ

အဲဒီ လုပ်ကြံတဲ့ အဖွဲ့မှာ ကိုလံဘီယာက ၁၅ ယောက်နဲ့ ဟေတီနွယ်ဖွား အမေရိကန် နိုင်ငံသား ၂ ယောက်ပါဝင်တယ်လို့ ရဲက ပြောပါတယ်။

ရဲက လုပ်ကြံသူတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးရာမှာ ဒီလုပ်ကြံမှုအတွက် မခံမရပ်နိုင် ဖြစ်နေကြတဲ့ ပြည်သူတွေကလည်း ကူညီပေးခဲ့ကြတာကြောင့် ခြုံတွေထဲ ပုန်းအောင်နေတဲ့ လူတချို့ကို ဖမ်းဆီးနိင်ခဲ့ပါတယ်။

ဟေတီနိုင်ငံသားတွေအနေနဲ့ တုန်လှုပ်ချောက်ချားမိကြောင်းနဲ့ ဒါမျိုးကို လက်မခံနိုင်ကြောင်း ပြည်သူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒီကိစ္စကို တရားဥပဒေအတိုင်း ဖြစ်ဖို့အတွက် နောက်ကွယ်မှာ ပါဝင်သူတွေနဲ့ နောက်ကြောင်းတွေကို ဖော်ထုတ်နိုင်ရေးအတွက် ကူညီဖို့ အသင့်ပဲလို့ ဆိုပါတယ်။

လုပ်ကြံတဲ့ အထဲမှာ ပါဝင်ကြတဲ့ လူတွေသုံးခဲ့တဲ့ ကား ၃ စီးကိုလည်း လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြလို့ သက်သေခံ ပစ္စည်းတချို့ ပျက်စီးသွားခဲ့ရပါတယ်။ ရဲချုပ်က လူထုကို ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့နဲ့ ကိုယ့်သဘောအတိုင်း ထင်ရာမစိုင်းကြဖို့ တိုက်တွန်းထားပါတယ်။

ဒီလုပ်ကြံမှုကို ဘာကြောင့် ကျူးလွန်ခဲ့သလဲ ဆိုတာကို မသိရသေးပါဘူး။ ဟေတီရဲ့ ယာယီ ဝန်ကြီးချုပ် Claude Joseph ကတော့ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ် ရှိပြီ ဖြစ်တဲ့ သမ္မတဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးတွေ လုပ်နေတာကြောင့် လုပ်ကြံခံရတာ ဖြစ်နိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လုပ်ကြံသူတွေရဲ့ ကိုလံဘီယာ နိုင်ငံကူးလက်မှတ်တွေကို ပြသခဲ့ပြီး ရဲချုပ် Mr Charles က နိုင်ငံခြားသားတွေက သူတို့ နိုင်ငံထဲလာပြီး သူတို့ သမ္မတကို သတ်ခဲ့တယ်လို့ ပြောပါတယ်။ သူ့နောက်မှာတော့ လုပ်ကြံမှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို လက်ထိတ်ခတ်ပြီး ထိုင်ခိုင်းထားတာ တွေ့ရပါတယ်။

ကိုလံဘီယာ အစိုးရကလည်း ဖမ်းမိသူတွေထဲက ၆ ယောက်ထက်မနည်းဟာ ကိုလံဘီယာ စစ်ဘက်က အငြိမ်းစား ယူထားတဲ့ လူတွေဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဟေတီဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ လိုအပ်သလို အကူအညီပေးသွားမယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေ ဝန်ကြီးဌာနကတော့ သူ့နိုင်ငံသားတွေ အဖမ်းခံထားရသလားဆိုတာ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ ကနေဒါက မီဒီယာတွေမှာတော့ အဖမ်းခံထားရတဲ့ ၂ နိုင်ငံသား ခံယူထားသူတွေထဲက တယောက်ဟာ ဖလော်ရီဒါမှာ နေထိုင်တဲ့ ၃၅ နှစ်အရွယ် James Solages ဆိုသူ ဖြစ်ပြီး အရင်က ဟေတီက ကနေဒါသံရုံးမှာ ကိုယ်ရံတော်အဖြစ်တာဝန် ထမ်းဆောင်ဖူးကြောင်း ဖော်ပြနေကြပါတယ်။

စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ တရားသူကြီး တယောက်က Mr Solages နဲ့ တခြား အမေရိကန် နိုင်ငံသား Joseph Vincent တို့ဟာ အင်တာနက်ပေါ်က ခေါ်ယူတဲ့ အလုပ်ကို ရခဲ့တာဖြစ်ပြီး ကြေးစားအဖွဲ့အတွက် စကားပြန်အဖြစ် ပါလာခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းက မီဒီယာတွေကို ပြောပါတယ်။

သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က သမ္မတ Jovenel Moïse ကို ဖမ်းဆီးဖို့ဖြစ်ကြောင်း သတ်ဖြတ်ဖို့ မဟုတ်ခဲ့ကြောင်း တရားသူကြီး Noël က ဟေတီရဲ့ Le Nouvelliste သတင်းစာကို ပြောပါတယ်။

ကိုလံဘီယာ သတင်းစာ El Tiempo ကတော့ ကိုလံဘီယာက မသင်္ကာသူတွေရဲ့ အမည်စာရင်း ပါတဲ့ လျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေကို တွေ့ခဲ့ရကြောင်း နဲ့ သတင်းစာရဲ့ လေ့လာမှုအရ အဲဒီထဲက ၄ ယောက်ဟာ ကိုလံဘီယာကနေ ဒိုမီနီကန် သမ္မတ နိုင်ငံ ကို ဇွန်လ ၄ ရက်မှာ လေကြောင်းခရီးနဲ့ သွားရောက်ခဲ့တာ တွေ့ရကြောင်း ပြောပါတယ်။

အဲဒီနောက် ၂ ရက် အကြာမှာ ဟေတီထဲကို ကုန်းလမ်းက ဝင်သွားခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ Hispaniola ကျွန်းမှာ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

El Tiempo ရဲ့ အဆိုအရ အဲဒီ အဖွဲ့က လူတွေဟာ ဒိုမီနီကန် သမ္မတ နိုင်ငံအတွင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ နေရာတွေမှာ အုပ်စုလိုက် ဓာတ်ပုံတွေ ရိုက်ပြီး သူတို့ရဲ့ လူမှုကွန်ရက် အကောင့်တွေပေါ် တင်ထားတာကို ကိုလံဘီယာ ထောက်လှမ်းရေးတွေက တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခု လုပ်ကြံမှုကြောင့် အမေရိကတိုက်နိုင်ငံတွေထဲမှာ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ ဟေတီမှာ လူထု မငြိမ်မသက်မှု တချို့ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတဝန်းမှာ အရေးအပေါ် အခြေအနေကိုလည်း ကြေညာထားရသလို အိမ်နီးချင်း ဒိုမီနီကန် သမ္မတ နိုင်ငံကလည်း သူ့နယ်စပ် ကို ပိတ်ထားပြီ ဖြစ်ပါတယ်။