ကိုဗစ်-အရည်အသွေးကောင်းတဲ့ နှာခေါင်းစည်းတွေကြောင့် ရောဂါကူးစက်မှု လျှော့ချနိုင်ခဲ့

    • ရေးသားသူ, ဒေးဗစ် ရှုခ်မန်
    • ရာထူးတာဝန်, သိပ္ပံပညာရှင်

ကျန်းမာရေးဝန်ထမ်းတွေ ဝတ်ရတဲ့ နှာခေါင်းစည်းရဲ့ အရည်အသွေးကြောင့် သူတို့ကို ကိုဗစ်ရောဂါကူးစက်ခံရမှု အန္တရာယ်ကနေ အကြီးအကျယ် အကာအကွယ်ပေးနိုင်တယ် ဆိုတာကို ကိန်းဘရစ်ချ် တက္ကသိုလ်ဆေးရုံရဲ့ NHS Foundation Trust အဖွဲ့ရဲ့ လေ့လာချက်အရ သိရပါတယ်။

FFP3 လို့ ခေါ်တဲ့ အရည်အသွေးမြင့် နှာခေါင်းစည်းတစ်ခု ဝတ်ထားခြင်းအားဖြင့် ရောဂါမကူးစက်အောင် ၁၀၀ ရာခိုင်နှုန်း အကာအကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

တစ်ရှူးနဲ့ လုပ်ထားတဲ့ သာမန် ဆေးရုံသုံး နှာခေါင်းစည်းတွေ (surgical masks) ဝတ်တဲ့ ဆေးရုံဝန်ထမ်းတွေကတော့ ရောဂါကူးဖို့ ပိုများတာကို တွေ့ရပါတယ်။

ဝန်ထမ်းတွေကို အရည်အသွေးပိုကောင်းတဲ့ PPE အကာအကွယ်ဝတ်စုံပစ္စည်းတွေ ပေးနိုင်ဖို့ အသက်မွေးဝမ်းကျောင်း အဖွဲ့အစည်းတွေက နှိုးဆော်တိုက်တွန်းနေတာ ကြာနေပါပြီ။

အဲဒီ ကိန်းဘရစ်ချ် တက္ကသိုလ်ဆေးရုံမှာလုပ်တဲ့ ကိုဗစ် ရောဂါရှိမရှိ မှန်မှန် စစ်ဆေးတဲ့ အစီအစဉ်တစ်ခုအတွင်း ဒီအချက်အလက်တွေကို စုဆောင်းခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာ အဲဒီ ဆေးရုံက ဆေးရုံဝန်ထမ်းတွေဟာ မလွှဲသာမရှောင်သာတဲ့အခြေအနေ အနည်းအပါးကလွဲလို့ ကျန်တဲ့အချိန်တွေ အားလုံးမှာ surgical masks ဆေးရုံသုံး နှာခေါင်းစည်းတွေ ဝတ်ရမယ်ဆိုတဲ့ နိုင်ငံတဝန်း ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာခဲ့ကြပါတယ်။

အရည် စင်မှာကို ကာကွယ်နိုင်ပေမဲ့လည်း ဒီနှာခေါင်းစည်းတွေဟာ အတော်လေးကို ပါးလွှာပြီး လျော့တိလျော့ရဲ ရှိပါတယ်။ လေထဲမှာ ကြာကြာလွင့်မျောနေနိုင်တဲ့ ဗိုင်းရပ်ပိုး အစက်အမှုန်လေးတွေကိုတော့ ဒီနှာခေါင်းစည်းတွေက အကာအကွယ်ပေးနိုင်စွမ်း မရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ အရင်းအမြစ်က လေထဲမှာ လွင့်နေတဲ့ ဗိုင်းရပ်စ်ပိုးတွေကနေ ဖြစ်တယ်ဆိုတာကို အခုအခါ တော်တော်များများ လက်ခံထားကြတာပါ။

အဲဒီလေ့လာချက်အရ အနီရောင်အဆင့် ရောဂါပြင်းထန်သူတွေကို ထားတဲ့ လူနာဆောင်က ကိုဗစ်လူနာတွေကို ပြုစုကုသပေးနေရတဲ့ ဆေးဝန်ထမ်းတွေဟာ အစိမ်းရောင်အဆင့် ရောဂါမပြင်းထန်သူတွေ ဒါမှမဟုတ် ကိုဗစ်လူနာ မဟုတ်သူတွေကို ထားတဲ့ လူနာဆောင်တွေမှာ ကုသပေးနေတဲ့ ဆေးဝန်ထမ်းတွေထက် ရောဂါကူးဖို့ ၄၇ ဆ အန္တရာယ်ပိုများတာကို တွေ့ရပါတယ်။

အဲဒီ ဆေးရုံဝန်ထမ်းတွေဟာ ရောဂါမကူးစက်အောင် ထိန်းချုပ်ဖို့ ညွှန်ကြားထားတဲ့အတိုင်း အကုန်လိုက်နာခဲ့ပေမဲ့လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ကြရတယ်လို့ ဒီလေ့လာချက်ကို ဦးဆောင် လုပ်ခဲ့တဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်ဆေးရုံက လုပ်ငန်းခွင်ကျန်းမာရေးအထူးကု ဒေါက်တာ မာ့ခ် ဖာရစ်စ် က ပြောပါတယ်။

ဒီတော့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ စရင်ဆိုင်ရတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကိန်းဘရစ်ချ်တက္ကသိုလ် ဆေးရုံက အနီရောင်အဆင့် လူနာဆောင်တွေမှာ တာဝန်ကျနေတဲ့ ဆေးရုံဝန်ထမ်းတွေကို အကာအကွယ်တွေ ပိုကောင်းကောင်းပေးဖို့ ဆေးရုံအကြီးအကဲတွေက ဆေးရုံတွင်း ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြပါတယ်။

ရောဂါမကူးစက်အောင် လုပ်ဖို့နည်းက FFP3 နှာခေါင်းစည်းတွေ ဝတ်ခိုင်းဖို့ပဲ နောက်ဆုံး ကျန်တော့တာပါ။ သူတို့ကလည်း အဲဒီအတိုင်း လိုက်နာခဲ့ကြပါတယ်လို့ ဒေါက်တာ ဖာရစ်စ်က ပြောပြပါတယ်။

FFP3 နှာခေါင်းစည်းတွေဟာ ဝတ်ရတာ တင်းတင်းကျပ်ကျပ် ရှိပြီး လေထဲက ရောဂါပိုးတွေ မဝင်နိုင်အောင် ဒီဇိုင်းဆွဲ ထားတာပါ။

ကြီးမားတဲ့ အကျိုးသက်ရောက်မှု

ဒီလို FFP3 နှာခေါင်းစည်းတွေ ပြောင်းလဲ ဝတ်ခိုင်းခဲ့အပြီး သီတင်းပတ်တွေအတွင်း အနီရောင်အဆင့် လူနာဆောင်က ဆေးရုံဝန်ထမ်းတွေအကြားရောဂါကူးစက်မှုနှုန်းက သိသိသာသာကြီး ကျဆင်းသွားခဲ့ပြီး ကိုဗစ်လူနာမဟုတ်သူတွေထားတဲ့ အစိမ်းရောင်အဆင့် လူနာဆောင်က ဆေးရုံဝန်ထမ်းတွေရဲ့ ရောဂါကူးစက်မှုနှုန်းလောက်ကို ချက်ချင်း ကျသွားခဲ့ပါတယ်။

FFP3 နှာခေါင်းစည်းတွေဟာ ကိုဗစ် ၁၉ ရောဂါသည် လူနာတွေဆီကနေ ရောဂါမကူးစက်အောင် ၃၁-၁၀၀ ရာခိုင်နှုန်း နဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ခဲ့ပြီး လူနာဆောင်တွေမှာ ရောဂါကူးစက်မှုအန္တရာယ် သိသိသာသာ ကျဆင်းခဲ့တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ကျန်တဲ့ ရောဂါကူးစက်မှုတွေကတော့ ဆေးရုံမှာထက် လူတွေအကြား ရောဂါပျံ့နှံ့ကူးစက်မှုကနေ ကူးစက်လာပုံရတယ်လို့ ဆိုပါတယ်။

အရည် စင်မှာကို ကာကွယ်နိုင်တဲ့ surgical masks ဆေးရုံသုံး နှာခေါင်းစည်းတွေဟာ ဆေးဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ဖို့ မလုံလောက်ဘူးလို့ လေ့လာချက်က ဆိုပါတယ်။

FFP3 နှာခေါင်းစည်းတွေဟာ တကယ်ပဲ အကာအကွယ်ပေးနိုင်ပြီး surgical နှာခေါင်းစည်းတွေထက် ပိုပြီး ထိရောက်မှု ရှိတယ် ဆိုတဲ့ တကယ့်စစ်မှန်တဲ့ အထောက်အထား တချို့ကို ဒီလေ့လာချက်မှာ တွေ့ရတယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ နောက်ပညာရှင်တစ်ဦးဖြစ်တဲ့ ကိန်းဘရစ်ချ်တက္ကသိုလ် ဆေးရုံ NHS Foundation Trust အဖွဲ့က ဒေါက်တာ မိုက်ခ် ဝိကက်စ် က ပြောပါတယ်။

ဒါဟာ အဖွဲ့တဖွဲ့က လုပ်တဲ့ လေ့လာမှုအသေးလေး တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ဒီလို တွေ့ရှိချက်မျိုးတွေကို တခြားအလားတူ နေရာတွေမှာ လေ့လာလုပ်ဆောင်ဖို့ လိုပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အခုရတဲ့ ဒီရလဒ်အရ ကိုဗစ်လူနာတွေကို ပြုစုကုသပေးနေသူတွေအတွက် FFP3 နှာခေါင်းစည်းတွေ ပြောင်းလဲ ဝတ်ခိုင်းဖို့ စဉ်းစားသင့်တယ် ဆိုတဲ့ ကြိုတင်ကာကွယ်မှုဆိုင်ရာ နိယာမတစ်ခု ထွက်လာခဲ့တာ တွေ့ရမှာပါ။

နှိုးဆော်တိုက်တွန်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်

နိုင်ငံတဝန်း ထုတ်ပြန်ထားတဲ့ မူဝါဒ ရှိနေပေမဲ့ PPE အကာအကွယ်ဝတ်စုံတွေကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ယူကေနိုင်ငံတ၀န်းက အဖွဲ့ ၁၇ ဖွဲ့ထဲမှာ Cambridge Trust အဖွဲ့က တစ်ဖွဲ့အပါအဝင် ဖြစ်ပါတယ်။

FFP3 masks နှာခေါင်းစည်းတွေ နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပေးဖို့ တောင်းဆိုဟာ ဗြိတိန် ဆေးပညာအစည်းအရုံး၊ သူနာပြု တော်ဝင်ကောလိပ် (RCN) နဲ့ တခြား သက်မွေးဝမ်းကျောင်း အဖွဲ့အစည်း အတော်များများက ကာလတာရှည် တောင်းဆိုနေခဲ့တာတွေနဲ့ အတော်များများ ထပ်တူကျနေပါတယ်။

အခုလတ်တလော လေထဲကနေ ရောဂါပိုးကူးစက်မှု အန္တရာယ်ကို ရင်ဆိုင်တားဆီးရာမှာ ပိုအဆင့်မြင့်တဲ့ အကာအကွယ်တွေ ပေးဖို့ အတွက် အခုလအစောပိုင်းက ကျန်းမာရေးတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အဆင့်မြင့် အစည်းအဝေးတစ်ခုအတွင်း သူတို့က ထပ်မံ ပန်ကြားခဲ့ကြပါတယ်။

ဒီလေ့လာချက်သစ်အရ ဗြိတိန်နိုင်ငံမှာ လမ်းညွှန်ချက် ပေါ်လစီ ပြောင်းလဲ ချမှတ်ဖို့ ဘာ့ကြောင့်လိုသလဲဆိုတာကို နောက်ထပ် အထောက်အထားတွေ ဖော်ပြနေတယ်လို့ အထူးကုသမားတော်ကြီးတွေ၊ ဆရာဝန်တွေနဲ့ ဖွဲ့ထားတဲ့ Fresh Air NHS အဖွဲ့က ကျန်းမာရေးဝန်ကြီးသစ် ဆားဂျစ် ဂျာဗစ်ထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ရေးထားပါတယ်။

ယူကေနိုင်ငံမှာ လက်ရှိတိုးလာနေတဲ့ ရောဂါကူးစက်မှုတွေဟာ ထွက်ခတ် ခတ်သွားတဲ့ ကိုဗစ်လှိုင်းတစ်ခုသာ ဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းရင်း ဆေးရုံဝန်ထမ်းတွေ နာမကျန်းဖြစ်နေတာ၊ အလုပ်မလာနိုင်ပဲ အိမ်မှာသီးသန့် ရှောင်နေရတာတွေကြောင့် အလုပ်ဝန်ပိနေရတာတွေကို မနည်းကြိုးစား ဖြေရှင်းနေရတဲ့ အခုလိုအချိန်မျိုးမှာ ဒီတွေ့ရှိချက်ဟာ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ရေးမှာ အရေးပါလှတယ်လို့ အဲဒီအဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာမှာ ရေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး စဖြစ်ခါစ အချိန်တွေတုန်းက PPE အကာအကွယ်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ခဲ့အပြီး အခုအခါမှာတော့ အထောက်အပံ့ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ထားရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ FFP3 နှာခေါင်းစည်းတွေက surgical ဆေးရုံသုံး နှာခေါင်းစည်းတွေလောက် ဝတ်ရတာ သက်တောင့်သက်တာ မရှိလှပေမဲ့ ဆေးရုံဝန်ထမ်းတွေက အများအားဖြင့် ပိုအရည်အသွေးကောင်းတဲ့ အကာအကွယ်မျိုးကို ပိုလိုချင်ကြတယ်ဆိုတာကို စစ်တမ်းတွေမှာ ဖော်ပြနေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ရောဂါကူးစက်မှု တားဆီးရေးနဲ့ ထိန်းချုပ်ရေး ဦးဆောင် လှုပ်ရှားနေတဲ့ RCN သူနာပြုအဖွဲ့ဝင် ရို့စ် ဂါလက်ဂါ က ဒီလေ့လာတွေ့ရှိချက်ကို ကြိုဆိုလိုက်ပြီး ဒီအရေးပါတဲ့ တွေ့ရှိချက်ကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုကနေ သူနာပြုဝန်ထမ်းတွေကို အကာအကွယ်ပိုပေးဖို့နဲ့ လိုအပ်တဲ့ အခါတိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆင့်အမြင့်ဆုံး အကာအကွယ်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ RCN ရဲ့ အဆက်မပြတ်တောင်းဆိုနေမှုတွေအပေါ် အားပိုရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကာကွယ်ဆေးထိုးပြီးသားသူတွေမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရတာတွေကို ခုချိန်ထိ တွေ့နေရဆဲပါ။ ဆေးရုံဝန်ထမ်းတွေကို အပြည့်အဝ အကာအကွယ်ပေးဖို့နဲ့ ရောဂါကူးစက်မှုအန္တရာယ် နောက်ထပ် လျော့နည်းသွားစေရေး လုပ်ဆောင်ချက်တွေကို ကန့်သတ်တာ လျှော့ချတာမျိုးတွေ မကြိုးစားဖို့က အရမ်းကို အရေးကြီးပါတယ်"

နောက်ဆုံးတွေ့ရှိချက် သိပ္ပံပညာရပ်တွေနဲ့ ထင်ဟပ်နိုင်အောင် PPE စံချိန်စံနှုန်းဆိုင်ရာ လမ်းညွှန်ချက်တွေကို မှန်မှန် ပြင်ဆင် ချမှတ်နေပါတယ်လို့ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

"ဆေးရုံဝန်ထမ်းတွေနဲ့ လူမှုဖူလုံရေး ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးက အဓိကဦးစားပေး ကိစ္စရပ်ဖြစ်ပြီး လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရသူတွေကို အကာအကွယ်ပေးဖို့ PPE ဝတ်စုံတွေ ပို့ပေးနိုင်အောင်၂၄ နာရီပတ်လုံး ဆက်လက် ဆောင်ရွက်နေပါတယ်"

"ထွက်ပေါ်လာတဲ့ အထောက်အထားအချက်အလက်တွေကို ဆက်လက် စောင့်ကြည့်လေ့လာ၊ သုံးသပ်နေပြီး လိုအပ်သလို လမ်းညွှန်ချက်တွေကို ပြင်ဆင်ရေးဆွဲသွားမှာပါ"လို့ သူက ပြောပါတယ်။