တရုတ်နိုင်ငံက Nike ကုမ္ပဏီရဲ့ စီးပွားရေးအခြေအနေအကြောင်း ကုမ္ပဏီအကြီးအကဲ ကာကွယ်ပြော

တရုတ်နိုင်ငံမှာ Nike အားကစားဝတ်စုံတွေကို မသုံးကြဖို့ သပိတ်မှောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ Nike ကုမ္ပဏီ အကြီးအကဲက အဲဒီမှာ ရှိတဲ့ ကုမ္ပဏီစီးပွားရေးကို အခိုင်အမာ ကာကွယ် ပြောကြားလိုက်ပါတယ်။

တရုတ် နာမည်ကြီး ကုမ္ပဏီတွေနဲ့ စျေးကွက်အပြိုင်အဆိုင် ဖြစ်နေတာနဲ့ ပတ်သက်လို့ မေးလာတဲ့ မေးခွန်းကို Nike ကုမ္ပဏီ အမှုဆောင်ချုပ် ဂျွန် ဒိုနာဟိုး က Nike ဟာ တရုတ်ပြည်သူတွေရဲ့ အမှတ်တံဆိပ်ကုမ္ပဏီ၊ တရုတ်ပြည်သူတွေအတွက် အမှတ်တံဆိပ်ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ် လို့ ပြန်ဖြေသွားခဲ့ပါတယ်။

Nike ကုမ္ပဏီရဲ့ အခုနောက်ဆုံးဝင်ငွေ အစီရင်ခံစာအကြောင်း Wall Street ဂျာနယ်က ဖုန်းနဲ့ မေးမြန်းစဉ်မှာ မစ္စတာ ဒိုနာဟိုးက အခုလို ပြောကြားခဲ့တာပါ။

ရှင်ကျန်းပြည်နယ်အကြောင်း ထုတ်ဖော်ဝေဖန်မှုတွေကြောင့် Nike အားကစားဝတ်စုံကုမ္ပဏီအနေနဲ့ မကြာသေးခင်က တန်ပြန် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

Nike ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ၃ လပတ်ကာလ ဝင်ငွေအကြောင်း မေးမြန်းခန်းအတွင်း မစ္စတာ ဒိုနာဟိုးက အခုလို ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လကုန်အထိ ၃ လပတ်ကာလအတွင်းမှာ ကုမ္ပဏီဝင်ငွေဟာ နဂိုမျှော်မှန်းထားတဲ့ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလျံထက် နှစ်ဆ တိုးရခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ် ကိုဗစ်ကပ်ရောဂါဘေးနဲ့ အကြီးအကျယ် ရင်ဆိုင်နေရစဉ်အချိန်က ဒေါ်လာ သန်း ၇၉၀ ရခဲ့ပေမဲ့ အခု ဝင်ငွေ တိုးလာတဲ့အတွက် အမြတ်ငွေ တစ်ဘီလျံခွဲ ပြန်ကာမိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာလည်း ကုမ္ပဏီရဲ့ဝင်ငွေက ဒေါ်လာ ၁ ဒဿမ ၉ ဘီလျံကျော် တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ Wall Street စျေးကွက် မှန်းထားတဲ့ ဒေါလာ ၂ ဒဿမ ၂ ဘီလျံ လောက်တော့ မရခဲ့ပါဘူး။

တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလာတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်တဲ့အတွက် Nike ကုမ္ပဏီအတွက် တရုတ်နိုင်ငံဟာ အလျင်အမြန် ကြီးထွားလာနေတဲ့ စျေးကွက်တစ်ခုအဖြစ် ဆက်ရှိနေမယ် ဆိုတာကို သူ့အနေနဲ့ ယုံကြည်စိတ်ချထားဆဲပဲ လို့ မစ္စတာ ဒိုနာဟိုးက ပြောပါတယ်။

"ကျွန်တော်တို့ ကုမ္ပဏီက ရေရှည်အတွက် အမြဲကြည့်ပါတယ်။ တရုတ်နိုင်ငံမှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံလာတာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ"

ဘီဘီစီက နောက်ထပ် မေးတဲ့ မေးခွန်းတွေကိုတော့ Nike ကုမ္ပဏီက ပြန်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

နယူးယောက် စျေးကွက် ပိတ်ချိန်အတွင်း Nike ကုမ္ပဏီ အစုရှယ်ယာစျေးက ၁၄ ရာခိုင်နှုန်းကျော် တက်ခဲ့ပါတယ်။

တရုတ်မှာ Nike ကို ဘာလို့ သပိတ်မှောက်တာလဲ

တရုတ်နိုင်ငံမှာ ချည်မျှင် အထည်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ဝိဂါ မွတ်ဆလင်တွေကို အဓမ္မ စေခိုင်းနေတယ် ဆိုတဲ့ သတင်းတွေကြောင့် အကြီးအကျယ် စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောခဲ့ကြတဲ့ အမေရိကန် Nike ကုမ္ပဏီနဲ့ ဆွီဒင် H&M ကုမ္ပဏီအပါအဝင် အနောက်နိုင်ငံတွေက အမှတ်တံဆိပ် ကုမ္ပဏီ အတော်များများဟာ တရုတ်ပြည်သူတွေကသူတို့ကုန်ပစ္စည်းတွေကို ပြန်သပိတ်မှောက်တာကို ရင်ဆိုင်နေကြရပါတယ်။

လူနည်းစု ဝိဂါ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကြောင့် တရုတ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေအပေါ် အနောက်နိုင်ငံ အုပ်စုတစ်စုက မတ်လတုန်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီးယူ ဥရောပသမဂ္ဂ၊ ယူကေ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ပူးပေါင်း ချမှတ်ခဲ့ကြတာပါ။

ရှင်ကျန်းပြည်နယ်က ဝါခင်းတွေမှာ ဝိဂါမွတ်ဆလင်တွေ အပါအဝင် သိန်းနဲ့ချီတဲ့ လူနည်းစုလူမျိုးတွေကို တရုတ်အစိုးရက အတင်းအဓမ္မ အလုပ်ကြမ်းတွေ ခိုင်းစေခဲ့တယ်ဆိုတာကို စုံစမ်းလေ့လာမှုတစ်ခုအပေါ် အခြေခံပြီး ဘီဘီစီက ဒီဇင်ဘာလတုန်းက အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ရှင်ကျန်းပြည်နယ်နဲ့ ဝိဂါလူမျိုးတွေအကြောင်း

  • တရုတ်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ် ဖြစ်တဲ့ ရှင်ကျန်းပြည်နယ်ကနေ ကမ္ဘာ့ချည်မျှင် ထွက်ကုန်ရဲ့ ၅ ပုံ ၁ ပုံ ထုတ်လုပ်ပေးနေပါတယ်။ ရှင်ကျန်းပြည်နယ်ကို ဥပဒေအရ ကိုယ်ပိုင်လွတ်လပ်ခွင့် ပြုထားတယ်လို့ ဆိုပေမဲ့ တကယ်တန်းမှာ စည်းမျဉ်းကန့်သတ်မှုတွေ ချမှတ်ထားပြီး မကြာသေးခင် နှစ်ပိုင်းတွေမှာ ပိုတင်းကျပ်လာခဲ့ပါတယ်။
  • သန်းနဲ့ချီတဲ့ တရုတ် လူနည်းစု ဝိဂါ မွတ်ဆလင်တွေဟာ ရှင်ကျန်းပြည်နယ်မှာ နေထိုင်ကြပြီး သူတို့ကိုသူတို့ အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ ယဉ်ကျေးမှုအရ၊ လူမျိုးရေးအရ ပိုနီးစပ်တယ်လို့ ယူဆထားကြတာပါ။
  • ပြီးခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေအတွင်း လူများစု ဟန်တရုတ် လူမျိုးတွေ ရှင်ကျန်းပြည်နယ်ကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်း နေထိုင်လာကြတာကြောင့် ဝိဂါလူမျိုးတွေနဲ့ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး လူထိခိုက်သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေအထိ ရှိလာခဲ့ပါတယ်။
  • အဲဒီအတွက် လုံခြုံရေး နှိပ်ကွပ် ဖမ်းဆီးမှုတွေ အကြီးအကျယ် ရှိခဲ့ပြီး အစိုးရရဲ့ စောင့်ကြည့် စစ်ဆေးရေး စီမံကိန်းကြီးတစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါဟာ ဝိဂါလူမျိုးတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။ တရုတ်အစိုးရကတော့ ဒီလို လုပ်တာဟာ ပြည်နယ်ခွဲထွက်မှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ မလုပ်မဖြစ် လုပ်ရတာလို့ ဆိုပါတယ်။
  • ဝိဂါမွတ်ဆလင်တွေကို စခန်းတွေမှာ ထိန်းသိမ်းထားပြီး အဲဒီမှာ နှိပ်စက်ညှင်းပမ်းမှုတွေ၊ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေတာတွေ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဒီစခန်းတွေဟာ ဝိဂါမွတ်ဆလင်တွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်ပေးဖို့ ရည်ရွယ် ဖွင့်လှစ်ထားတဲ့ ပညာပေးစခန်းတွေသာ ဖြစ်တယ်လို့ ပြောနေပါတယ်။