အစ္စရေး-ပါလက်စတိုင်းအရေး စေ့စပ်ဖို့ အမေရိကန်ကိုယ်စားလှယ် အစ္စရေးရောက်

မေလ ၁၅ ရက် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးမှုမှာ တဦးတည်း အသက်ရှင် ကျန်ရစ်တဲ့ ငါးလသား ကလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလ ၁၅ ရက် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးမှုမှာ တဦးတည်း အသက်ရှင် ကျန်ရစ်တဲ့ ငါးလသား ကလေး

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေလျော့ရေးကို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ပါ ဆွေးနွေးမယ့် အမေရိကန် အထူးသံတမန် ဟာဒီ အာမာဟာ အစ္စရေးနိုင်ငံ တဲလ်ဗိမြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မစ္စတာ ဟာဒီ အာမာဟာ အမေရိကန်အစိုးရအဖွဲ့အောက်မှာရှိတဲ့ အရှေ့အနီးပိုင်းရေးရာဗျူရိုက အစ္စရေးနဲ့ ပါလက်စတိုင်းရေးရာ လက်ထောက် အတွင်းရေးမှူး ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မေလ ၁၅ ရက်နေ့မှာ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ပါလက်စတိုင်း စစ်သွေးကြွတွေဘက်ကလည်း ဒုံးကျည်တွေနဲ့ ပြန်လည် ပစ်ခတ် ခဲ့ပါတယ်။

အခုလို ပစ်ခတ်မှုနဲ့ သေဆုံးမှုတွေ ဒီတပတ်အတွင်းဖြစ်လာတာဟာ ၂၀၁၄ နောက်ဆုံး အဆိုးရွားဆုံးလို့လည်း ဆိုနိုင်ပါတယ်။

တနင်္လာနေ့က စခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေအတွင်း ဂါဇာဘက်က သေဆုံးသူ ၁၃၉ ယောက်အထိ ရှိသွားပြီ ဖြစ်ပြီး အစ္စရေးဘက်ကတော့ ၈ ယောက် သေဆုံးထားပါတယ်။

အရှေ့ဂျေရုဆလင်မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးရဲတွေကြား ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ဖြစ်စဥ်တွေနောက် အစ္စရေးနဲ့ ဟားမတ်ဇ်တို့ တိုက်ပွဲတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၅ ရက်နေ့မှာ ပါလက်စတိုင်း ဒုံးကျည်ကြောင့် ပျက်စီးခဲ့တဲ့ အစ္စရေး စစ်ဒရော့မြို့က အိမ်တလုံး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မေလ ၁၅ ရက်နေ့မှာ ပါလက်စတိုင်း ဒုံးကျည်ကြောင့် ပျက်စီးခဲ့တဲ့ အစ္စရေး စစ်ဒရော့မြို့က အိမ်တလုံး

အမေရိကန် အထူးသံတမန်ရဲ့ သက်ရောက်နိုင်မှု အလားအလာ

အစ္စရေး-ပါလက်စတိုင်းရေးရာ အမေရိကန် အထူးသံတမန် မစ္စတာ ဟာဒီ အာမာဟာ မေလ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး မတိုင်မီ ရောက်လာတာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ “ဒေသတွင်း ရေရှည်ခံတဲ့ တည်ငြိမ်မှုတခု တည်ဆောက်ဖို့ လိုအပ်ချက်ကို ပိုပြီး ပေါ်လွင်လာအောင် လုပ်ဆောင်ဖို့” ဖြစ်တယ်လို့ အစ္စရေးမှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။

အခုလို အမေရိကန်အစိုးရက စေလွှတ်လိုက်တဲ့ သံတမန်ဟာ ယခင် အမေရိကန်စေလွှတ်ခဲ့တဲ့ အထူးသံတမန်တွေနဲ့ ယှဉ်ရင် ရာထူးအဆင့်နိမ့်နေတာကို တွေ့ရပြီး အမေရိကန် အစိုးရအနေနဲ့ လက်ရှိ ဂျိုးဘိုင်ဒင် သမ္မတသက်တမ်းအတွက် အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်တောင် ဆန်ခါတင်အဆင့် မရွေးရသေးဘူး ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပါလက်စတိုင်း နိုင်ငံရေးသမား ဟာနန် အက်ရှဝါရီ ကလည်း ဘိုင်ဒင် အစိုးရအနေနဲ့ စတုတ္ထအဆင့် သံတမန်လောက် လွှတ်ဖို့ကိုပဲ တပတ်လောက် အချိန်ယူခဲ့ပြီး ဒီလိုလွှတ်လိုက်သူကို အစ္စရေးဘက်က အရေးတယူ နားထောင်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတဟောင်း ကလင်တန် လက်ထက်က အစ္စရေး သံတမန် လုပ်ခဲ့သူ မာတင် အင်းဒစ်ကတော့ လက်ရှိ ဆိုးရွားနေပြီးသား အခြေအနေမှာ နှစ်ဖက်စလုံးက စစ်ဆက်ဖြစ်ဖို့ လုပ်နေရင် အဓိပ္ပာယ် မရှိလှတဲ့အတွက် လက်ရှိ တိုက်ခိုက်မှုတွေ မကြာခင် ရပ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, အစ္စရေး နဲ့ ပါလက်စတိုင်း တိုက်ပွဲအခြေအနေ