ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အင်ဒိုနီးရှားရဲ့ အာကာသ စီမံကိန်းအိပ်မက်

လပေါ်လူလွှတ်တဲ့အပြင် သွားရောက် စတင်နေထိုင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ SpaceX ရဲ့ အာကာသစီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လပေါ်လူလွှတ်တဲ့အပြင် သွားရောက် စတင်နေထိုင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ SpaceX ရဲ့ အာကာသစီမံကိန်း

အီလွန်မတ်စ်က်ရဲ့ လပေါ် လူလွှတ်ဖို့ ရည်ရွယ်တဲ့ SpaceX အာကာသ စီမံကိန်းမှာ အသုံးပြုဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက သူတို့ရဲ့ အနောက် ပါပူဝါ ပြည်နယ်အတွင်းက ကျွန်းတစ်ကျွန်းမှာ စမ်းသပ်ခွင့် ပေးထားပေမဲ့လည်း ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။

အခုလို အင်ဒိုနီးရှားရဲ့ ဘီယက်ခ် ကျွန်းကို ကမ်းလှမ်းမှုကို မစ္စတာ မတ်စ်က် က လက်မခံရသေးပေမဲ့ အင်ဒိုနီးရှားကတော့ အာကာသရည်မှန်းချက် ကြီးကြီးမားမား ထားရှိပြီး အခုလို အီလွန်မတ်စ်က်ကို အသုံးပြုခွင့်ပေးခြင်းအားဖြင့် သူတို့ရဲ့ ရည်မှန်းချက်ကို အထောက်အကူဖြစ်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့ အခုလို စမ်းသပ်ခွင့်ပေးခြင်းအားဖြင့် ကျွန်းပေါ်နေသူတွေအပေါ် မလိုချင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်သူတွေထဲမှာ ကျွန်းပေါ်မှာ ကြီးပြင်းလာသူ တဦးဖြစ်တဲ့ မားကပ်စ် အာဘရောင်းလည်း အပါအဝင် ဖြစ်ပါတယ်။

အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပြီး မြေးရှစ်ယောက်ရဲ့ အဖိုးဖြစ်သူ မားကပ်စ်ရဲ့ ဆွေစဉ်မျိုးဆက်တွေဟာလည်း ဒီ ဘီယက်ခ်ကျွန်းမှာပဲ ကြီးပြင်းလာသူတွေ ဖြစ်ပါတယ်။

SpaceX ကုမ္ပဏီက ဒီကျွန်းပေါ်မှာသာ အာကာသစခန်း ဆောက်ဖြစ်ခဲ့ရင် ဒီကျွန်းသားတွေရဲ့ နေရာထိုင်ခင်းနဲ့တကွ ရှာဖွေ စားသောက်ရတာ ခက်ခဲလာမှာကို သူက စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဘီယက်ခ်ကျွန်းဟာ ဧရိယာ ၁၇၄၆ ကီလိုမီတာ အကျယ်ရှိပြီး လန်ဒန်မြို့ ဧရိယာထက် အနည်းငယ်သာ ပိုကြီး

ဓာတ်ပုံ ရင်းမြစ်, MAIKEL AWOM

ဓာတ်ပုံ ပုံစာ, ဘီယက်ခ်ကျွန်းဟာ ဧရိယာ ၁၇၄၆ ကီလိုမီတာ အကျယ်ရှိပြီး လန်ဒန်မြို့ ဧရိယာထက် အနည်းငယ်သာ ပိုကြီး

သယံဇာတ ကြွယ်ဝတဲ့ ဘီယက်ခ်ကျွန်း

ဘီယက်ခ်ကျွန်းဟာ ဧရိယာ ၁၇၄၆ ကီလိုမီတာ အကျယ်ရှိပြီး လန်ဒန်မြို့ ဧရိယာထက် အနည်းငယ်သာ ပိုကြီးကာ လူဦးရေ တစ်သိန်း နေထိုင်တဲ့ ကျွန်းဖြစ်ပါတယ်။

ဒီကျွန်းပေါ်မှာ နေထိုင်ကြတဲ့ လူမျိုးစု အရေအတွက်ကတော့ တစ်ဒါဇင်ကျော် အထိရှိပြီး ဖွံ့ဖြိုး မြို့ပြဗဟိုချက်နေရာ အတော်များများလည်း ရှိပေမဲ့ ကျွန်းရဲ့ မြေဧရိယာအများစုကတော့ တောနယ် ဆန်တဲ့နေရာ အများစု ဖြစ်ပါတယ်။

ဒီဒေသတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ပါပူဝါ ကျွန်းသားတွေဟာ သူတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်ကိုပဲ မှီခိုစုဝေးနေထိုင်ကြပြီး ငါးဖမ်းတာ အစရှိတဲ့ အသက်မွေးဝမ်းကျောင်းအမှုတွေကို ဝမ်းစာအတွက်လောက်သာ လုပ်ကိုင်ကြတယ်လို့ သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ဘွဲ့လွန် တွဲဖက်သုတေသီ ဆိုဖီ ချောင်က ဘီဘီစီကို ပြောပါတယ်။

ဘီယက်ခ် ကျွန်းဟာ အာကာသ စီမံကိန်းအတွက် စခန်းချဖို့ကောင်းတဲ့ ရေခံမြေခံ အနေအထားတော့ ရှိထားပြီး ကျွန်းပေါ်က နီကယ်နဲ့ ကြေးနီသတ္ထုတွေကလည်း ဒုံးပျံ ထုတ်လုပ်ဖို့အတွက် အသုံးဝင်ပါတယ်။

ဒါ့အပြင် ဒီကျွန်းဟာ ကမ္ဘာ့အဝန်းဝိုင်းရဲ့ အလည်ကျတဲ့ အီကွေတာမျဉ်းနဲ့ ကပ်လျက် လတ်တီကျူ့ ဒီဂရီ တစ်ဒီဂရီအကွာ မျဉ်းပေါ်မှာ ရှိနေတဲ့အတွက် ကမ္ဘာ့ဆွဲအား သက်ရောက်မှုက အီကွေတာနဲ့ ဝေးလေ ကြီးလေ ဖြစ်တာကြောင့် အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းကို တင်တဲ့နေရာမှာ တခြားနေရာတွေက လွှတ်တင်တာထက် လောင်စာဆီ ကုန်ကျမှုလည်း ပိုသက်သာတယ်လို့ ဆိုပါတယ်။

အမှန်တကယ် ပြန်ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက သူတို့ရဲ့ အာကာသစီမံကိန်းမှာ ဘီယက်ခ်ကျွန်းကို အသုံးချဖို့ လုပ်နေခဲ့တာဟာ SpaceX ကို မကမ်းလှမ်းခင် ကတည်းက ဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ လေကြောင်းနဲ့ အာကာသ အေဂျင်စီ (လပန်) ဟာ ၁၉၈၀ ကတည်းက အဲဒီကျွန်းမှာ အာကာသစီမံကိန်းအတွက် အသုံးပြုဖို့ ဟက်တာ ၁၀ဝ (ဧက ၂၅၀) ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ကမ်းခြေ အနီးမှာရှိတဲ့ အဲဒီ မြေနေရာဟာ ဒေသခံတွေ ငါးဖမ်းလို့ကောင်းတဲ့ နေရာနဲ့နီးတဲ့အပြင် ဒီမြေကွက်နဲ့ အနီးဆုံး လူနေရွာ ဆောင်ကိုဘိုင် က ၂ ကီလိုမီတာ (တစ်မိုင် ကျော်ကျော်) သာ ဝေးတဲ့အတွက် တကယ် အာကာသစခန်း ဆောက်ဖြစ်ရင် ဒီရွာသားတွေ ရွှေ့ပေးရမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိ အသေးစိတ် ဂြိုဟ်တုလွှတ်တင်စခန်းလောက် ဆောက်ဖြစ်ရင်အောင် ၃ ကီလိုမီတာ အကွာအတွင်း လူနေလို့ စိတ်မချရတဲ့အတွက် ၂ ကီလိုမီတာ အကွာလောက်က ရွာတရွာ ရွှေ့ပေးရနိုင်
ဓာတ်ပုံ ပုံစာ, လက်ရှိ အသေးစိတ် ဂြိုဟ်တုလွှတ်တင်စခန်းလောက် ဆောက်ဖြစ်ရင်အောင် ၃ ကီလိုမီတာ အကွာအတွင်း လူနေလို့ စိတ်မချရတဲ့အတွက် ၂ ကီလိုမီတာ အကွာလောက်က ရွာတစ်ရွာ ရွှေ့ပေးရနိုင်

မြေဆက်ခံပိုင်ခွင့် ပဋိပက္ခကြောင့် အချင်းချင်း သတ်ဖြတ်ကြတဲ့အထိ ဖြစ်နိုင်သလား

အနောက်ပါပူဝါဒေသခံ အများစုဟာ မြေပိုင်ခွင့်ကို ဆွေစဉ်မျိုးဆက် လွှဲပြောင်းယူလာတာ ဖြစ်တဲ့အတွက် ဖယ်ပေးရသူတွေက တခြားအစုအဖွဲ့တွေပိုင်တဲ့ မြေပေါ်ကို ပြောင်းရမယ့် အနေအထား ဖြစ်လာရင် ဆွေမျိုးစု၊ လူမျိုးစု အချင်းချင်း ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

အခုလို ဖြစ်လာမယ်ဆိုရင် မြေဆက်ခံပိုင်ခွင့်အတွက် အချင်းချင်း သတ်ဖြတ်ကြတဲ့အထိ ဖြစ်လာမှာကို မစ္စတာ မားကပ်စ် အာဘရောင်းက စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဘီယက်ခ်ကျွန်းသားများ ဓလေ့ထုံးစံဆိုင်ရာ ကောင်စီရဲ့ ခေါင်းဆောင် အပိုလို့စ် ဆွိုင်ယာကလည်း SpaceX က သူတို့ကျွန်းမှာလုပ်ဖို့ အဆိုပြုချက်ကို ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားအစိုးရက ဒေသခံ လူမျိုးစုတွေရဲ့ အခွင့်အရေးကို ထည့်မစဉ်းစားဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားပြည်မအစိုးရဟာ အနောက် ပါပူဝါ ဒေသနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ သမိုင်းကြောင်း ရှိထားခဲ့ပြီးသား ဖြစ်ပါတယ်။

၁၉၄၅ ကတည်းက ဒတ်ချ် ကိုလိုနီ လက်အောက်က အင်ဒိုနီးရှား လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပေမယ့် အနောက် ပါပူဝါဒေသကတော့ အင်ဒိုနီးရှားလက်အောက်ကို ၁၉၆၃ မှ ရောက်လာတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, SpaceX အာကာသယာဉ်မှူးတွေ နိုင်ငံတကာ အာကာသစခန်းကို ရောက်

အာကာသ ဒုံးပျံ လွှတ်တင်ရေးဆိုင်ရာ နိုင်ငံတကာစခန်းပေါ်လာဖို့အထိ ရည်မှန်းနေတဲ့ ဘီယက်ခ်ကျွန်း

အင်ဒို အာကာသ အေဂျေစီ လပန်ရဲ့ အကြီးအကဲ သောမတ်စ် ဂျမယ်အူဒင်ကတော့ ဘီယက်ခ်ကျွန်းပေါ်မှာ အာကာသယာဉ် လွှတ်တင် ဒုံးပျံစခန်း ဆောက်လိုက်မယ်ဆိုရင် ဒေသ ခေတ်မီ တိုးတက်လာမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမယ်လို့ ဆိုပါတယ်။

အခုလို အာကာသစီမံကိန်းလုပ်ဖို့ကိစ္စကို ဘီယက်ခ်ကျွန်းပေါ်က ဒေသခံခေါင်းဆောင် ၆၀ လောက်ရဲ့ ထောက်ခံကြောင်းစာတွေ ရရှိထားပြီးပြီ ဖြစ်တယ်လို့လည်း မစ္စတာ ဂျမယ်အူဒင်က ပြောပေမဲ့ မားကပ်စ် အာဘရောင်းကတော့ ဒါကို ငြင်းဆိုထားပါတယ်။

လောလောဆယ်မှာ ပထမအဆင့်အနေနဲ့ ကီလိုဂရမ် ၁၀ဝ အောက် အလေးချိန်ရှိတဲ့ ဂြိုဟ်တုငယ်တွေ လွှတ်တင်နိုင်တဲ့ ဒုံးပျံစခန်းတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားပြီး ဒီလိုဆောက်နိုင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဧက ၂၅၀ ကျယ် မြေနေရာနဲ့ လောက်ငှတယ်လို့ မစ္စတာ ဂျမယ်အူဒင်က ပြောပါတယ်။

အဲဒီ ပထမအဆင့် ဒုံးပျံစခန်းမျိုးဟာ SpaceX ရဲ့ စိီမံကိန်းအတွက် မလုံလောက်ဘူးဆိုပေမဲ့ နောင်တစ်ဆင့်ကတော့ နိုင်ငံတကာ အကြီးစား ဒုံးပျံ လွှတ်တင်စခန်း ဆောက်ဖြစ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

SpaceX က တရားဝင် ထုတ်မပြောသေးပေမဲ့လည်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဘီယက်ခ်ကျွန်းနဲ့ ပတ်သက်ပြီး အီလွန်မာ့စ်က်ကို ပြောကြားချိန်မှာ မစ္စတာ မာ့စ်က်က စိတ်ဝင်စားကြောင်းပြခဲ့တယ်လို့လည်း မစ္စတာ ဂျမယ်အူဒင်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ SpaceX ကိုသာ မဟုတ်ဘဲ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ အိန္ဒိယတို့ကိုလည်း ဘီယက်ခ်ကျွန်းမှာ နိုင်ငံတကာ ဒုံးပျံစခန်းဆောက်ရေး ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။