လက်နက်ကိုင်သူပုန်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ချာ့ဒ်သမ္မတ အစ်ဒရစ်စ် ဒက်ဘီ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ချာ့ဒ်နိုင်ငံ မြောက်ပိုင်းမှာ အခုသီတင်းပတ်ကုန်ရက်ပိုင်းက လက်နက်ကိုင်သူပုန်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ သမ္မတ အစ်ဒရစ်စ် ဒက်ဘီ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
သမ္မတသက်တမ်း ၆ ကြိမ်မြောက် အာဏာဆက်လက် ကိုင်စွဲနိုင်မယ့် ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ သမ္မတ အက်ဒရစ်စ် ဒက်ဘီ ကွယ်လွန်ကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။
အစိုးရအဖွဲ့နဲ့ ပါလီမန်အဖွဲ့ကို အခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ကာဖြူးအမိန့် ထုတ်ပြန်ထားပြီး နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Reuters
အသက် ၆၈ နှစ်အရွယ် သမ္မတ ဒက်ဘီဟာ သမ္မတရာထူးကို ဆယ်စုနှစ် ၃ ခုကျော်ကြာ စွဲကိုင်ထားပြီး အာဖရိကဒေသမှာ အာဏာသက်တမ်း အကြာဆုံး နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။
စစ်သင်တန်းတက်ထားတဲ့ စစ်အရာရှိတစ်ဦး ဖြစ်တဲ့ မစ္စတာ ဒက်ဘီဟာ လက်နက်ကိုင် ပုန်ကန်ရာကနေ ၁၉၉၀ ခုနှစ်မှာ အာဏာရလာခဲ့တာပါ။ အာဖရိက ဆာဟဲလ်ဒေသက ဂျီဟာ့ဒ်ဝါဒီအုပ်စုတွေကို ဆန့်ကျင်တွန်းလှန်မှုမှာ သူဟာ ပြင်သစ်အပါအဝင် တခြားအင်အားကြီး အနောက်အုပ်စုနိုင်ငံတွေနဲ့ အတူ ကာလတာရှည် အတူလက်တွဲ လုပ်ခဲ့သူ ဖြစ်ပါတယ်။
"မစ္စတာ ဒက်ဘီဟာ သူ့နောက်ဆုံး ထွက်သက်အထိ စစ်မြေပြင်မှာ နိုင်ငံရဲ့ အချုပ်အခြာကို အသက်ပေး ကာကွယ်သွားတယ်" လို့ စစ်ဗိုလ်ချုပ်တစ်ဦးက အစိုးရရုပ်မြင်သံကြားမှာ ပြောသွားခဲ့ပါတယ်။
မစ္စတာ ဒက်ဘီဟာ Fact လို့ ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ကို တိုက်နေတဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဆီ သွားရောက်အားပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက အန်ဒဂျမီနာမြို့တော်ရဲ့ မြောက်ဘက် ကီလိုမီတာ ရာပေါင်းများစွာ ဝေးတဲ့ စစ်မြေပြင်ဆီ သွားရောက်ခဲ့ပါတယ်။
အခုအခါ ချက်ဒ်နိုင်ငံကို သမ္မတ ဒက်ဘီရဲ့ သားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကြယ်လေးပွင့် ဗိုလ်ချုပ် မဟာမက် အစ်ဒရစ်စ် ဒက်ဘီ အစ်နို ဦးဆောင်တဲ့ စစ်ကောင်စီက နောက်တစ်နှစ်ခွဲလောက် အုပ်ချုပ်မှာပါ။
မဟာမက် အစ်ဒရစ်စ် ဒက်ဘီ အစ်နို က စစ်ကောင်စီကို ဦးဆောင်မှာ ဖြစ်ပေမဲ့ အသွင်ကူးပြောင်းရေး ကာလ ပြီးသွားတာနဲ့ တပြိုင်နက် လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတ ဒက်ဘီဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆောင်ကြဉ်းနိုင်ရေး စင်မြင့်တစ်ခုပေါ်ကနေ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒါပေမဲ့လည်း ချာ့ဒ်နိုင်ငံရဲ့ ရေနံသယံဇာတ အရင်းအမြစ်အပေါ် သူ့အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ တိုးပွားလာနေခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ စစ်အရာရှိဟောင်းတွေ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ Fact လက်နက်ကိုင်အဖွဲ့က သမ္မတ ဒက်ဘီဟာ ရွေးကောက်ပွဲ မတိုင်ခင် ဖိနှိပ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။
သူတို့အဖွဲ့ဟာ ချာ့ဒ်နိုင်ငံမြောက်ပိုင်းနဲ့ လစ်ဗျားနိုင်ငံ တောင်ပိုင်း အကြား တိဘက်စ်တီ တောင်တန်းတွေ ရှိရာ လစ်ဗျားနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်စခန်း တည်ထောင်ထားတာပါ။
ရွေးကောက်ပွဲနေ့တုန်းက Fact လက်နက်ကိုင်အဖွဲ့ဟာ နယ်စပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး အန်ဒဂျမီနာမြို့တော်ဆီ တဖြည်းဖြည်း ရှေ့တိုး ထိုးစစ်ဆင်လာခဲ့ပါတယ်။
နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်ပွဲက စနေနေ့မှာ စတင်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ လက်နက်ကိုင် သူပုန် ၃၀၀ သေဆုံးခဲ့ပြီး ၁၅၀ ကို လက်ရဖမ်းမိခဲ့တယ်လို့ ချာ့ဒ် အစိုးရစစ်တပ် ဗိုလ်ချုပ် တစ်ဦးက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။ အစိုးရဘက်က စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သူပြောပြတဲ့ ဒီအရေအတွက်ကိုတော့ လောလောဆယ် အတည်မပြုနိုင်သေးပါဘူး။
အန်ဒဂျမီနာမြို့တော်မှာ ရှိတဲ့ နိုင်ငံခြား သံရုံးတချို့က သူတို့ရဲ့ ဝန်ထမ်းတွေကို နိုင်ငံထဲကနေ ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
အန်ဒဂျမီနာမြို့တော်ဟာ အရင်ကလည်း လက်နက်ကိုင်သူပုန်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရဖူးပါတယ်။ တနင်္လာနေ့က မြို့တော် လမ်းမတွေ တစ်လျှောက်မှာ တင့်ကားတွေ ချထားခဲ့ချိန်မှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြတဲ့ မိဘတွေက သူတို့ကလေးတွေကို ကျောင်းတွေကနေ အိမ်ကို ပြန်ခေါ်ခဲ့ကြပါတယ်။








