ကမ္ဘာ့ကပ်အပြင် အာရှကို ၂၀၂၀ အတွင်း လှုပ်ခါသွားစေခဲ့တဲ့ ဓာတ်ပုံတွေ

ဓာတ်ပုံ ရင်းမြစ်, PTI/Reuters/EPA
- ရေးသားသူ, ပရီတီ ဂျား
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
၂၀၂၀ မှာ ကမ္ဘာအနှံ့ ကပ်ဆိုက်ခဲ့တာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေး တစ်ခုတည်းကို အာရှက ကြုံခဲ့ ရတာ မဟုတ်ပါဘူး။
ကိုဗစ်နဲ့ မသက်ဆိုင်တဲ့ အာရှက အထင်အရှားအဖြစ်အပျက် ၁၀ ခုကို ပြန်ကြည့်ထားပါတယ်။ ဓာတ်ပုံတွေက တဆင့်ပေါ့။
၂၄ ဖေဖော်ဝါရီ ၂၀၂၀ - ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ဘာသာရေး အဓိကရုဏ်းတွေ ဒေလီမှာဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒေလီမှာ ဖေဖော်ဝါရီလအတွင်းက ဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းမှာ ဟိန္ဒူလူအုပ်က မွတ်ဆလင် တယောက်ကို လူမဆန်စွာ ဝိုင်းရိုက်နေကြတဲ့ပုံပါ။
အိန္ဒိယမှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်မှု ဥပဒေအပေါ် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး ဒီလို အဓိကရုဏ်းတွေကို ဖြစ်လာစေခဲ့ပါတယ်။
အဲဒီလို အရိုက်ခံခဲ့ရတဲ့ မိုဟာမက် ဇူဘယာ အသက်ရှင်နိုင်ခဲ့မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပေမယ့် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူ ဒဏ်ရာတွေအများအပြားရခဲ့တဲ့ကြားက အသက်ရှင်ခဲ့ပါတယ်။
သူက လူတွေအပေါ် စိတ်မပျက်သေးပါဘူး။
"လူတွေကို ဒီလို ထိတ်လန့်စရာလုပ်ရပ်တွေကို လုပ်ဖို့ ဘယ်ဘာသာရေးကမှ မပြောထားပါဘူး" လို့ သူက ပြောပါတယ်။
၁၆ ဇွန် ၂၀၂၀ - တောင်နဲ့မြောက်ကိုရီးယား ငြိမ်းချမ်းရေးမျှော်လင့်ချက် ကြေမွသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရီးယား ၂ နိုင်ငံနယ်စပ် မြောက်ကိုရီးယားပိုင်နက် နယ်မြေအတွင်းမှာရှိတဲ့ ဆက်ဆံဆက်သွယ်ရေး ပူးတွဲရုံးဟာ ငြိမ်းချမ်းရေး ကာလသစ်ကို မျှော်လင့်ကြတဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။
ကိုရီးယားစစ်ပြီးနောက်ပိုင်း ဒီရုံးလေးက ပထမဆုံးအကြိမ်အဖြစ် ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေ စကားပြောတဲ့နေရာလေး ဖြစ်ခဲ့ပါတယ်။
ဇွန်လအတွင်းမှာတော့ မီးခိုးပြာဖြစ်သွားပါပြီ။
အဆောက်အအုံကို ဖောက်ခွဲဖြိုချလိုက်တဲ့ မြောက်ကိုရီးယား အစိုးရက လူ့အန္ဓတွေနဲ့ သူတို့ကို ခိုလှုံခွင့်ပေးထားတဲ့ သူတွေဟာ သူတို့ပြစ်မှုကို ပေးဆပ်ရလိမ့်မယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားဘက်ကို ထွက်ပြေးခိုလှုံသွားပြီး နယ်စပ်ကနေ ဝါဒဖြန့်စာတွေပို့လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားတွေကို ရည်ရွယ်ပြောခဲ့တာပါ။
ပြုံယမ်းရဲ့ ဒေါသကိုဖော်ပြတာဖြစ်ပြီး ၂ နိုင်ငံဆက်ဆံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့ အဖြစ်လို့ ဆိုကြပါတယ်။
၁၀ သြဂုတ် ၂၀၂၀ -ဟောင်ကောင် မီဒီယာ သူဌေး ဂျင်မီလိုင်းကို ဖမ်းဆီးခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင်သူ ဟောင်ကောင်သားတွေအတွက် ဂျင်မီလိုင်းဟာ သူရဲကောင်းဖြစ်နေတာ နှစ်ပေါင်းများစွာရှိပါပြီ၊ ဘေဂျင်းက သြဇာလွှမ်းမိုးမှုတိုးလာတာကို တုံ့ပြန်စိန်ခေါ်ရဲတဲ့ ရှားရှားပါးပါး သူဌေးတွေထဲက တစ်ယောက်ပါ။
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ သတင်းစာတွေထဲ အကြီးဆုံး သတင်းစာတိုက်ဖြစ်တဲ့ အက်ပဲလ် သတင်းစာတိုက်ပိုင်ရှင်လည်း ဖြစ်ပါတယ်။
ဟောင်ကောင်မှာ အမျိုးသားလုံခြုရေးဥပဒေသစ်ချမှတ်တာကို တရုတ်အစိုးရက လုပ်ဆောင်ပြီးတဲ့နောက်ပိုင်း သြဂုတ်လ ၁၀ ရက်နေ့မှာ မစ္စတာလိုင်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်က သူ့သတင်းစာတိုက်ကို စီးနင်းရှာဖွေ ခဲ့ကြပါတယ်။
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာလိုင်းကို စွဲထားတဲ့ အမှုတွေအတိုင်းအသာ ပစ်ဒဏ်ချခံရရင် ထောင်ဒဏ် တသက်ဖြစ်သွားနိုင်ပါတယ်။
မစ္စတာလိုင်း အဖမ်းခံရတဲ့ နောက်နေ့ထုတ် အက်ပဲလ်သတင်းစာကို ဟောင်ကောင်သူ ဟောင်ကောင်သားတွေ ဝယ်ယူအားပေးကြတဲ့အတွက် တစ်စောင်ရဖို့ လူတန်းအရှည်ကြီးကို စောင့်ဆိုင်းပြီးမှသာ ဝယ်နိုင်ခဲ့ကြပါတယ်။
၁၀ သြဂုတ် ၂၀၂၀ -ထိုင်းမှာ မလုပ်ဝံ့ဆုံးအရာကို ချေဖျက်ပြလိုက်တဲ့ ကြေညာစာတမ်း

ဓာတ်ပုံ ရင်းမြစ်, LILLIAN SUWANRUMPHA/AFP
သမ္မာဆပ်တက္ကသိုလ်ထဲမှာ စုဝေးနေကြတဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေရှေ့က စင်မြင့်ကို ပန်နုစာရာ တက်လာခဲ့ပါတယ်။
သူ့ရဲ့နုနယ်တဲ့မျက်နှာက သူပြောလိုက်မယ့် စကားတွေနဲ့ လုံးဝ မလိုက်ဖက်ခဲ့ပါဘူး။
ဘုရင်စနစ်ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်တဲ့ အချက် ၁၀ ချက်ပါ ကြေညာစာတမ်းကို သူက အေးအေးဆေးဆေးဖတ်ပြီး ကြေညာခဲ့ပါတယ်။
ဘုရင်နဲ့ မိသားစုကို ဝေဖန်ရင် တင်းတင်းကျပ်ကျပ် အရေးယူတဲ့ ဥပဒေချထားတာကြောင့် မထိရဲ မတို့ရဲတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုလိုက်တာပါ။
အသက် ၂၁ နှစ်အရွယ် ကျောင်းသူလေးရဲ့ မိန့်ခွန်းဟာ ကမ္ဘာကို ပြန့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက သူနဲ့အတူ အခြား ဒါဇင်နဲ့ချီတဲ့ လှုပ်ရှားတက်ကြွသူတွေ ဘုရင်ကို စော်ကားတဲ့ အမှုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ်စီ ကျခံရနိုင်တဲ့ အမှုတွေကို ရင်ဆိုင်နေရပါတယ်။
၁၅ သြဂုတ် ၂၀၂၀ - ဝူဟန်က လူအုပ်ကြီးနဲ့ ရေကူးကန်ပါတီက ကမ္ဘာကို အံ့အားသင့်စေခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတွေအများအပြားနဲ့ ကျင်းပတဲ့ ရေကူးကန်ပါတီကို ကမ္ဘာက ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မှန်းမထားကြပါဘူး။
ထောင်နဲ့ချီတဲ့ လူတွေဟာ ဝူဟန်က ရေကူးကန် ပျော်ပွဲနေရာ (water park) ကိုလာခဲ့ကြပြီး ဂီတပွဲတော်က သံစဉ်တွေကို အပျော်စီး ရော်ဘာလှေတွေစီးပြီး ပျော်နေခဲ့ကြပါတယ်။
နှာခေါင်းစည်းတပ်စရာလည်း မလိုသလို၊ လူတွေ ခပ်ခွာခွာနေစရာလည်း မလိုပါဘူး။
ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ မြို့က ကူးစက်မှုနှုန်း သုညအထိ ကျဆင်းခဲ့ပါပြီ။
ဝူဟန်မှာ လူတွေရဲ့ ဘဝက ပုံမှန်ဆီကို ပြန်ရောက်နေသလိုပါ။ ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေ၊ ပန်းခြံတွေ အကုန်ပြန်ပွင့်နေပါပြီ။
ဇန်နဝါရီလော့ခ်ဒေါင်းချထားစဉ်က တိတ်ဆိတ်ပြီး ခြောက်သွေ့သွားတဲ့ လမ်းမတွေကိုသာ မြင်ခဲ့ရတဲ့ ဝူဟန် နဲ့ အခုမြင်ကွင်းက လုံးဝခြားနားသွားပါပြီ။
တရုတ်က ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ အနောက်ကမ္ဘာကနိုင်ငံတွေနဲ့ မတူခဲ့ပါဘူး။
ရေကူးကန်ပါတီကနေ တရုတ်နိုင်ငံပိုင် သတင်းဌာန ဂလိုဘယ် တိုင်းမ်က တဆင့် ကမ္ဘာကို ပေးတဲ့သတင်းစကား ကတော့ "တင်းကျပ်တဲ့ ဗိုင်းရပ်စ် စည်းမျဉ်းတွေက အောင်မြင်တဲ့ရလဒ်တွေရ" ဆိုတာပါပဲ။
၁၆ အောက်တိုဘာ ၂၀၂၀ - မိခင်သောကကို မစာနာတဲ့ ဖိလစ်ပိုင် အစိုးရကို အမျက်ထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လသားအရွယ် ကလေးငယ်တစ်ယောက်ရဲ့ အလောင်းဘေးမှာ လက်ထိပ်ခတ်ခံထားရတဲ့ သူ့မိခင်က သူ့ကို နောက်ဆုံးနှုတ်ဆက်စကားပြောဖို့ ဒူးထောက်ထိုင်ခဲ့ပါတယ်။
နိုင်ငံရေးကြောင့်အကျဉ်းကျနေတဲ့ ရီနာမေ နာဆီနိုတစ်ယောက် သမီးလေးရဲ့ စျာပနကို အကျဉ်းထောင်စောင့် လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ တက်လာတဲ့ မြင်ကွင်း ဓာတ်ပုံက ဖိလစ်ပိုင် ပြည်သူတွေကို ဒေါသထွက်စေခဲ့ပါတယ်။
၂၃ နှစ်အရွယ် မိခင်ကို အရင်ကတည်းက ကလေးနဲ့အတူတူပေးနေဖို့ ပန်ကြားခဲ့ကြ၊ တိုက်တွန်းခဲ့ကြ၊ တောင်းဆိုခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။
ကလေးငယ်လေး ရေဗာဟာ ထောင်ထဲမှာ မွေးဖွားခဲ့ပြီး တစ်လကျော်လောက်ကတည်းက မိခင်နဲ့ အတူမနေရဘဲ ခွဲထားခံခဲ့ရပါတယ်။
ကလေးရဲ့ကျန်းမာရေးက အဲဒီနောက်ပိုင်း ဆိုးလာခဲ့ပြီး ဆေးရုံတင်ခဲ့ရပေမယ့် မစ္စ နာဆီနိုက တွေ့ခွင့်မရခဲ့ပါဘူး။
ကလေးကို သူနောက်တစ်ကြိမ်တွေ့ခွင့်ရလိုက်တဲ့ အချိန်က အောက်တိုဘာထဲမှာပါ၊ ၃ လအရွယ် သူ့သမီးလေးဟာ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ပြီးချိန်မှ တွေ့လိုက်ရတာပါ။
အကျဉ်းကျ ဖိလစ်ပိုင်မိခင်တွေရဲ့ အခွင့်အရေးက မေးခွန်းထုတ်စရာဖြစ်လာသလို၊ ဒီအမေနဲ့ ဒီကလေးကို ခွဲထားခဲ့တဲ့ စနစ်အပေါ် ထွက်တဲ့ ဒေါသတွေက နေရာအနှံ့အပြားကနေ ထွက်ပေါ် လာခဲ့ပါတယ်။
၂၃ အောက်တိုဘာ ၂၀၂၀ - ကိုမိုဒို ဖွတ်နဂါးနဲ့ ကုန်ကား အားပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Save Komodo Now
ဒီဓာတ်ပုံက အောက်တိုဘာလထဲမှာ ပျံ့နှံ့ခဲ့ပါတယ်။
လူသူမနီးတဲ့ အင်ဒိုနီးရှားကကျွန်းလေးတစ်ခုမှာ ဂျူရေးဆစ် ပတ်ခ် (Jurassic Park) လို့အမည်ပေးထားတဲ့ ခရီးသွားနေရာ တစ်ခု လုပ်နေကြတဲ့အပေါ် စိုးရိမ်မှုတွေ ဒီပုံကြောင့် အကြီးအမားဖြစ်လာခဲ့ပါတယ်။
နှစ်သန်းပေါင်းများစွာ နေထိုင်ရှင်သန်လာခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဖွတ်နဂါးကြီးတွေရှိရာ ကျွန်းစုတွေ သိပ်မကျန်တော့ပါဘူး။ ဒီကျွန်းက အဲဒီကျွန်းတွေ ထဲက တစ်ခုပါ။
"ကိုမိုဒို ဖွတ်ကြီးတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အင်ဂျင်စက်သံတွေ၊ မီးခိုးနံ့တွေကို ကြုံရတာပါ" လို့ ဒီပုံကို ဖြန့်ဝေရင်း လှုပ်ရှားတက်ကြွသူတစ်ယောက်က ရေးပါတယ်။ "သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဘယ်သူမှ ဂရုမထားတော့ဘူးလား" လို့လည်း သူက အမေးထုတ်ထားပါတယ်။
အင်ဒိုနီးရှားအစိုးရက ဒီကျွန်းကို ခရီးသွားတွေများအောင်လုပ်မယ့် စီမံကိန်းကနေ ဒီဖွတ်ကြီးတစ်ကောင်မှ မထိခိုက်စေရပါဘူးလို့ လူထုကို အာမခံပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကြောင့် ဖွတ်ကြီးတွေ ရပ်တည်နေထိုင်နေတဲ့ သဘာဝ ဝန်းကျင် ပျက်ဆီးသွားမှာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက စိုးရိမ်နေကြဆဲပါ။
၃၀ အောက်တိုဘာ ၂၀၂၀ - ထိုင်ဝမ်က စစ်သားစုံတွဲတွေ လက်ထပ်ပွဲမှာ ပထမဆုံး လိင်တူစုံတွဲလည်း ပါဝင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA
အောက်တိုဘာ ၃၀ ရက်နေ့က ထိုင်ဝမ် စစ်တပ်ထဲက စုံတွဲတွေစုပြီး မင်္ဂလာဆောင်ကြရာမှာ ပထမဆုံး အကြိမ်အဖြစ် လိင်တူ စုံတွဲတစ်တွဲလည်း ပါဝင်ခဲ့ပါတယ်။
လိင်တူ လက်ထပ်ခွင့်ကို ထိုင်ဝမ်ကဒီနှစ်ထဲမှာ ပေးခဲ့ပြီး ဒီ သမိုင်းတွင်တဲ့အဖြစ် ဖြစ်လာခဲ့တာပါ။ အာရှဒေသတွင်းမှာ ထိုင်ဝမ်ဟာ လိင်တူလက်ထပ်ခွင့်ကို ပထမဆုံး ပေးခဲ့ပါတယ်။
မိန်းမချင်းချစ်ကြတဲ့ စုံတွဲဖြစ်တဲ့ သူတို့အတွဲက စုစုပေါင်း ၁၈၈ တွဲ လက်ထပ်ကြတဲ့ ပွဲမှာ ပါခဲ့ကြပါတယ်။
ဗိုလ်မှူး ဝန်ရီနဲ့ သူ့ဇနီး မန်ယုမေတို့ဟာ လက်ထပ်ပွဲအခမ်းအနား တလျောက်လုံး ဂုဏ်ယူစရာ သက်တံ့ရောင် အလံကို ကိုင်စွဲခဲ့ကြပါတယ်။
၁၇ နိုဝင်ဘာ ၂၀၂၀ - ရော်ဘာဘဲရုပ်တွေကို ဒိုင်းလုပ်တဲ့ ဘန်ကောက်က ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းကလူငယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ သူတို့ရဲ့ ဖန်တီးမှုကလည်း လူတွေအကြား ကျော်ကြားခဲ့ပါတယ်။
နိုဝင်ဘာလထဲမှာ သူတို့ကို ဖြိုခွင်းတဲ့ ရေပန်း အမြောက်ဒဏ်ကို ကာကွယ်ဖို့ လေမှုတ် အဝါရောင် ရော်ဘာ ဘဲရုပ်လေးတွေကို ဆန္ဒပြတဲ့သူတချို့က ဘန်ကောက်က လမ်းမပေါ်တွေဆီကို ယူလာခဲ့ကြပါတယ်။
ပျော်စရာအနေနဲ့ ယူလာတာပါလို့ ဆန္ဒပြလူငယ်တစ်ယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ရဲတွေက ရေပိုက်နဲ့ထိုးချိန်မှာ သူတို့က ဒီဘဲရုပ်လေးတွေနဲ့ ကာပြီး တုံ့ပြန်ကြပါတယ်။
ဘဲရုပ်အကာအကွယ်က ထီးထက် ပိုထိရောက်တယ်လို့ ကြည့်နေသူတစ်ယောက်က ပြောပါတယ်။
ဟောင်ကောင် ဆန္ဒပြသူတွေက ထီးတွေသုံးပြီး ရေအမြောက်ဒဏ်ကို ကာကွယ်ခဲလို့ သူတို့ ဆန္ဒပြပွဲ သင်္ကေတက ထီးဖြစ်လာခဲ့ပါတယ်။
ထိုင်းလူငယ်တွေကရော သူတို့ ဆန္ဒပြပွဲ သင်္ကေတကို ဖော်ထုတ်ဖို့ ကြိုးစားတာများလား။
၂၇ နိုဝင်ဘာ ၂၀၂၀ -အိန္ဒိယလယ်သမားဆန္ဒပြပွဲကို မီးမောင်းထိုးပြလိုက်တဲ့ ပုံရိပ်

ဓာတ်ပုံ ရင်းမြစ်, PTI
ဘာလက်နက်မှမပါတဲ့ ဆစ်ခ် လယ်သမား အဖိုးကြီးတစ်ယောက်ကို ရဲက လက်ကိုင်တုတ်နဲ့ ရိုက်ဖို့ ရွယ်နေတဲ့ ဒီဓာတ်ပုံဟာ အိန္ဒိယမှာ အကြီးအကျယ်အငြင်းအခုံတွေကို ဖြစ်စေခဲ့ပါတယ်။
အသစ်ပြဋ္ဌာန်းလိုက်တဲ့ စိုက်ပျိုးရေး ဥပဒေတွေကို ဆန့်ကျင်တဲ့ လယ်သမားတွေ သိန်းနဲ့ချီပြီး နယူးဒေလီမြို့အပြင်ဘက်မှာ ရောက်ရှိဆန္ဒပြနေချိန်မှာ ဒီဓာတ်ပုံက လူမှုမီဒီယာတွေမှာ ပျံ့နှံ့သွားပါတယ်။
အတိုက်အခံနိုင်ငံရေးသမားတွေက ဒီပုံကို မီးမောင်းထိုးပြပြီး ဆန္ဒပြသူတွေအပေါ် ပြုမူနေပုံကို ဝေဖန်ကြပါယတ်။ အာဏာရ ဘီဂျေပီ ပါတီကတော့ ရဲက လယ်သမားကြီးကို မရိုက်ပါဘူးလို့ ဆိုပါတယ် (ဒါပေမဲ့ အဲဒီလိုပြောတာက အမှားကို ပြောတာဆိုတာကို နောက်မှ သိကြပါတယ်။)
မီဒီယာတွေက အဲဒီအဘိုးကြီး ဆူဒက်ဗ် ဆင်း နောက်ကို လိုက်ကာ စုံစမ်းကြတော့ သူ့လက်မောင်း၊ နောက်ကျောနဲ့ ခြေသလုံးမှာ ဒဏ်ရာတွေ ရခဲ့တာကို သူက ပြောပြပါတယ်။








