ကိုဗစ်ကြောင့် လူ့မျက်နှာမှတ်မိတဲ့ ကွန်ပျူတာစနစ် ဘယ်လိုပြောင်းလဲလာနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, B HAYES & NIST
လူ့မျက်နှာအမျိုးမျိုးကြားထဲက ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားမှတ်မိနိုင်တဲ့ ယနေ့ခေတ်ပေါ် ကွန်ပျူတာစနစ်အားလုံးလိုလိုဟာ လူမျက်နှာတစ်ခုလုံးကို ဖမ်းယူရရှိမှ ခွဲခြမ်းနိုင်စွမ်းရှိအောင် ပုံစံဖော်ထားတာ ဖြစ်တဲ့အတွက် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ဖြစ်နေသေးတဲ့အချိန်မှာ နှာခေါင်းစည်းတပ်ထားသူတွေကို ခွဲခြား သိမှတ်ဖို့က မလုံမလောက် ဖြစ်လာခဲ့ပါတယ်။
ယူကေနိုင်ငံ ဘရက်ဖို့ဒ် တက္ကသိုလ်က လူ့မျက်နှာဖတ် ကွန်ပျူတာစနစ် ကျွမ်းကျင်သူ ပါမောက္ခ ဟာဆန် အူဂေးလ်က သူ အပြင်ထွက်လို့ နှာခေါင်းစည်းတပ်ရတဲ့အချိန်မှာ သူ့ဖုန်းကိုဖွင့်ဖို့သုံးတဲ့ မျက်နှာဖတ်စနစ်က သူ့ကို မမှတ်မိတဲ့အတွက် နှာခေါင်းစည်းကို ချွတ်ပြမှ ရတာကို စတင် သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ပြီးခဲ့တဲ့နှစ် ၂၀၁၉ မှာ သူ့လက်အောက်က ပါရဂူတန်း ကျောင်းသားတွေနဲ့အတူ မျက်နှာတစ်ပိုင်းပဲ ဖော်လည်း သိမှတ်ခွဲခြားနိုင်တဲ့ ကွန်ပျူတာစနစ်ကို သုတေသန လုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ သုတေသနအရ ကွန်ပျူတာစနစ်ဟာ မျက်နှာတစ်ခုလုံးကို မှတ်မိထားဖို့တော့ အရင်လိုအပ်ပြီး အဲဒီလို သိထားပြီးပြီဆိုရင် အကြိမ်ကြိမ် မျက်နှာဖတ်ခြင်းအားဖြင့် နောက်အကြိမ်တွေမှာ မျက်နှာတစ်ခုလုံး ဖတ်မိစရာ မလိုတော့အောင် ပုံဖော်ထားတဲ့ အယ်လ်ဂိုရစ်သမ်ကို အခြေခံထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tech5
အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမေရိကန် နိုင်ငံတော် နည်းပညာ စံညွှန်းအဖွဲ့ NIST က လူ့မျက်နှာဖတ် ကွန်ပျူတာစနစ် ၈၉ ခုကို ပြီးခဲ့တဲ့ ဇူလိုင်လက သုတေသနလုပ်ခဲ့ရာမှာ အခုလို ကိုဗစ်ကာလ နှာခေါင်းစည်းတပ်ထားမှုရဲ့ သက်ရောက်မှုတွေကို တွေ့ရှိခဲ့ပါတယ်။
အထူးသဖြင့် ပါးစပ်၊ နှာခေါင်း ဒါမှမဟုတ် မျက်နှာရဲ့ အောက်တစ်ဝက်ကို ကွယ်ထားတယ်ဆိုရင် ၅၀ ရာခိုင်နှုန်း မျက်နှာမှတ်မိနိုင်စွမ်း ကျဆင်းသွားတာကို အဲဒီ သုတေသနက တွေ့ရှိခဲ့ပါတယ်။
အခုလို ကိုဗစ်ကာလအခြေအနေကြောင့် ဒီလို သက်ရောက်မှုတွေကို မျက်နှာဖတ် ကွန်ပျူတာစနစ် ပုံစံထုတ်တဲ့ ကုမ္ပဏီတွေကလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်လာရပြီး အထူးသဖြင့် လုံခြုံရေးအရ မျက်နှာကိုဖတ်ပြီးမှ ဝင်ခွင့်ပေးတဲ့ အဆောက်အအုံသုံး ကွန်ပျူတာစနစ်တွေမှာ အယ်လ်ဂိုရစ်သမ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာရပါတယ်။
အခုလို အယ်လ်ဂိုရစ်သမ်အရပဲ ပြုပြင်ပြောင်းလဲမှု လုပ်လာပြီးနောက်ပိုင်းမှာ NIST က ထပ်မံ သုတေသနလုပ်မှုအရ ယခင်အမှားများတဲ့ မျက်နှာဖတ်စနစ်တွေ နှာခေါင်းစည်းတပ် မျက်နှာခွဲခြားမှု တိုးတက်လာတာ တွေ့ရပြီး တချို့စနစ်တွေမှာ ဆယ်ဆ လောက်အထိ တိုးတက်လာကို တွေ့ခဲ့ရပါတယ်။
NIST က အဲဒီ မျက်နှာဖတ် ကွန်ပျူတာစနစ် အမျိုးမျိုးကို စစ်ဆေး စမ်းသပ်ရာမှာ မျက်နှာဖုံးတပ်မထားတဲ့လူတွေရဲ့ ဓာတ်ပုံတွေကို အသုံးပြုခဲ့ပြီး အဲဒီလူတွေရဲ့ မျက်နှာတွေပေါ်မှာ နှာခေါင်းစည်း အရွယ်အစားအမျိုးမျိုးပုံစံ ဖုံးကွယ်ကြည့်ခြင်းအားဖြင့် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ပါမောက္ခ အူဂေးလ်ကတော့ လူ့မျက်လုံးနဲ့တကွ မျက်လုံးပတ်ဝန်းကျင်လောက်က မျက်နှာအနေအထားလောက်နဲ့တင် မျက်နှာဖတ် ကွန်ပျူတာစနစ်က မှတ်မိစေတဲ့ စနစ်တစ်ခုရအောင် ပုံစံထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အခုလို ကြိုးစားနေရာမှာ ၈၆ ရာခိုင်နှုန်းအထိ ဖတ်နိုင်စွမ်းရနေပြီး တွေ့ရှိမှု ရလဒ်တွေကို ပညာရပ်ဆိုင်ရာ စာစောင်တွေမှာ တင်ပြတဲ့အထိတော့ မလုပ်ရသေးဘူးလို့လည်း သူက ဆိုပါတယ်။
မျက်နှာဖတ် ကွန်ပျူတာစနစ် ပုံစံထုတ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆွစ်ဇာလန်အခြေစိုက် Tech5 ကုမ္ပဏီဟာ အရှေ့တောင်အာရှဒေသက ကျောင်းတွေနဲ့ စက်ရုံတွေမှာ လာရောက်မှု မှတ်တမ်းယူရေး စက်တွေ တပ်ဆင်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး ကိုဗစ်ကာလ နှာခေါင်းစည်း တပ်ထားရမှုကြောင့် ၁၄ ရာခိုင်နှုန်းအထိ အမှားရာခိုင်နှုန်း ရှိလာတာကို NIST က တွေ့ရှိခဲ့ပါတယ်။
Tech5 ကုမ္ပဏီရဲ့ မျက်နှာဖတ် ကွန်ပျူတာစနစ်ဟာ ကိုဗစ်ကာလ မတိုင်ခင်က အခုလို အမှားရာခိုင်နှုန်း ဝ.၄၅ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပြီး ယခင်ကတည်းကလည်း နှာခေါင်းစည်း၊ ဦးထုပ် ဒါမှမဟုတ် နေကာမျက်မှန် တပ်ထားတယ်ဆိုရင် ချွတ်ပေးမှ မျက်နှာဖတ် ကွန်ပျူတာစနစ်က မှတ်မိစေတဲ့ လိုအပ်ချက်ထားရှိတယ်လို့ ဒီကုမ္ပဏီ ထူထောင်သူ ရာအူး ပါ့သ်က ဆိုပါတယ်။
ဒီကုမ္ပဏီရဲ့စနစ်ဟာ ကျောင်းတွေမှာ ကျောင်းခန်း အဝင်လမ်းထောင့်မှာ ကင်မရာထားပြီး ကျောင်းခေါ်ချိန်စစ်ရာမှာလည်း သုံးတဲ့အတွက် အခုလို နှာခေါင်းစည်းနဲ့ ဦးထုပ်ကို ဖယ်ထားဖို့လိုတာလို့လည်း သူက ပြောပါတယ်။
Tech5 က အာရှဘက်မှာ လုပ်ငန်းဖြန့်ကြက်မှုရှိတဲ့အတွက် ဘာသာရေးနဲ့ ဓလေ့ထုံးစံအရ ဝတ်စားဆင်ယင်မှုအရ မျက်နှာကို ဖုံးကွယ်မှုရှိတဲ့ နောက်ခံအခြေအနေမှာ သူတို့ရဲ့ စနစ်တွေက မျက်နှာရအောင်ဖတ်တဲ့ အလေ့အကျင့်ရှိထားပြီး သက်ဆိုင်တဲ့ အသုံးဝင် အချက်အလက်တွေလည်း စုဆောင်းထားတယ်လို့ ကုမ္ပဏီ ထူထောင်သူက ဆိုပါတယ်။
အနောက်နိုင်ငံတွေမှာ မျက်နှာကွယ်ထားတဲ့ အခြေအနေကနေ ဘယ်သူဘယ်ဝါ ရအောင်ဖတ်တဲ့ အခြေအနေမရှိခဲ့ပေမဲ့ ကိုဗစ်အခြေအနေကြောင့် နှာခေါင်းစည်းတပ်ရတဲ့ လိုအပ်ချက် ရှိလာချိန်မှာ မျက်နှာဖတ် ကွန်ပျူတာစနစ်ကို မျက်နှာအပေါ် အထက်ပိုင်းကို အဓိကထားပြီး မှတ်တမ်းယူထားတဲ့စနစ် ပြောင်းဖို့ လိုအပ်တယ်လို့ Trueface ဆိုတဲ့ မျက်နှာဖတ် ကွန်ပျူတာစနစ် ထုတ်လုပ်ရေး ကုမ္ပဏီ ထူထောင်သူ အမှုဆောင်အရာရှိချုပ် ရွှန်မော က ဆိုပါတယ်။
လေဆိပ်အပါအဝင် လုံခြုံရေး အကန့်အသတ်နဲ့ ဝင်ခွင့်ထွက်ခွင့်တွေမှာ မျက်နှာဖတ် ကွန်ပျူတာစနစ်တွေ ရောင်းချထားတဲ့ သဲလက်စ် ကုမ္ပဏီကလည်း သူတို့ဟာ ပုံမှန်အားဖြင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံ အနေအထားလောက်ရမှ မျက်နှာဖတ်နိုင်စွမ်း ၉၉ ရာခိုင်နှုန်း တိကျပေမဲ့ အခုနောက်ပိုင်းမှာတော့ မျက်လုံးတစ်ဝိုက် မျက်နှာ အနေအထားကိုပဲ ကွန်ပျူတာစနစ်က ပိုအာရုံစိုက်ပြီး ခွဲခြားနိုင်အောင် ပြုပြင်ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HENRICK OLUND
Trueface က ရွှန်မောကလည်း သူတို့ ဒီလို အလားတူ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ပြောဆိုထားပြီး ကိုဗစ်အခြေအနေက တရုတ်နိုင်ငံ ပြင်ပမှာပါ ဆိုးရွား ပျံ့နှံ့လာတဲ့ အခြေအနေရောက်လာတဲ့ အချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်းက အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေဖြစ်လာခဲ့တဲ့အတွက်ကြောင့် ပုံမှန် ဘယ်သူဘယ်ဝါ ခွဲခြားနိုင်တဲ့ မျက်နှာဖတ် ကွန်ပျူတာစနစ်ကို ယခင် အသုံးမတွင်သေးတဲ့နေရာတွေမှာပါ စတင်အသုံးပြုမှု ပိုများလာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာဆိုရင် သူ့ရဲ့ Trueface ကုမ္ပဏီဟာ အမေရိကန် လေတပ်စခန်း နှစ်ခုက ဝင်ခွင့်ထွက်ခွင့် ကန့်သတ်တဲ့ စနစ်အတွက် ကန်ထရိုက်ရခဲ့ပါတယ်။
အဲဒီ လေတပ်စခန်းနှစ်ခုဟာ ကိုဗစ်အခြေအနေ မတိုင်ခင်က ဖန်သားပြင်မှာ လက်နဲ့ထိပြီး လက်ဗွေဖတ်တာ၊ စာရိုက်တာ အစရှိတဲ့ ဝင်လာသူတွေကို စစ်ဆေးနည်းတွေ သုံးခဲ့ပေမဲ့ ကိုဗစ်အခြေအနေကြောင့် လူလူချင်း ခွာနေရတဲ့ အခြေအနေမှာ မျက်နှာဖတ်စနစ် သီးသန့်သုံး ကွန်ပျူတာစနစ်တွေနဲ့ ပိုပြီး သင့်တော်လာတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာဆိုရင် အားကစားကွင်း အစရှိတဲ့ အဝင်အထွက် အကန့်အသတ်ရှိတဲ့ နေရာတွေမှာ လက်မှတ်ပြရတာ၊ သက်ဆိုင်ရာ မှတ်ပုံတင်ကတ်ပြား ပြရတာတွေ လုပ်ခဲ့ရတဲ့အစား အခုလို မျက်နှာဖတ် ကွန်ပျူတာစနစ်တွေက အစားထိုးလာနိုင်တယ်လို့ ဆိုပါတယ်။
အခုလို ကိုဗစ်အခြေအနေပြီးသွားရင်တောင် လက်မှတ်တွေ၊ ကတ်ပြားတွေ ထောင်သောင်းချီပြီး ထိကိုင် စစ်ဆေးဖို့ အစောင့်ဝန်ထမ်းတွေက လက်တွန့်နေနိုင်တယ်လို့ ဆိုပါတယ်။
ဒီလို သာမန်လူတွေက ဆက်လက်စိုးရိမ်နေတာမျိုး ရှိနေနိုင်ပေမဲ့ တကယ်တမ်းကတော့ ကိုဗစ်-၁၉ ရောဂါပိုး မကူးစက်မိအောင် ကာကွယ်ဖို့က တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့တကွ လက်ဆေးဖို့က အရေးကြီးပြီး ရောဂါပိုးရှိသူတွေက ထိကိုင်ထားတဲ့ ပစ္စည်းတွေကတစ်ဆင့် နောက်တစ်ယောက်ကို ကူးတာထက် လူလူချင်း ကူးတာက ပိုပြီး ဖြစ်လေ့ရှိတာလို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဘာပဲပြောပြော အတိုင်းအတာ တစ်ခုအထိ ကာကွယ်ဆေးအမျိုးမျိုး စမ်းသပ်အောင်မြင်လာလို့ အလားအလာ ကောင်းလာပြီဖြစ်တဲ့ ကိုဗစ် ကပ်ရောဂါအခြေအနေကြောင့် နည်းပညာပိုင်းမှာ စိန်ခေါ်မှုရော၊ အခွင့်အလန်းအသစ်တွေပါ ရှိလာဦးမှာကို လက်တွေ့မြင်နေရပါတယ်။









