အမေရိကန် တရားသူကြီး ခန့်အပ်မှု- အေမီ ကိုနီ ဘာရက်ကို အတည်ပြု

အေမီ ကိုနီ ဘာရက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အေမီ ကိုနီ ဘာရက်

သမ္မတ ထရမ့် အဆိုပြုထားတဲ့ အေမီ ကိုနီ ဘာရက် ကို အမေရိကန်တရားရုံးချုပ်ရဲ့ တရားသူကြီးသစ် အဖြစ် ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်တဲ့ အတွက် ရွေးကောက်ပွဲ မတိုင်ခင် သီတင်းတစ်ပတ်အလို ကာလမှာ သမ္မတထရမ့်အတွက် အောင်ပွဲ ဆင်နွှဲစရာ ဖြစ်ခဲ့ရ ပါတယ်။

အတိုက်အခံ ဒီမိုကရက်တွေရဲ့ ကန့်ကွက်မှုတွေကြားကနေ သမ္မတထရမ့်ရဲ့ ရီပတ်ဘလီကန် ပါတီဝင် အမတ်တွေက ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲနဲ့ အနိုင်ရပြီး သူ့ကို အတည်ပြုခဲ့ကြတာပါ။

အေမီ ကိုနီ ဘာရက် ကို တရားသူကြီးအဖြစ် ခန့်အပ်လိုက်နိုင်တဲ့အတွက် အမေရိကန် တရားစီရင်ရေးအဖွဲ့ကြီးရဲ့ နေရာအများစု ၆ နေရာကို ရီပတ်ဘလီကန်က ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ဒီမိုကရက်တွေက ၃ နေရာပဲ ထိန်းချုပ်နိုင်တော့မှာပါ။

တရားသူကြီး အေမီ ကိုနီ ဘာရက် အသက်ရှင်သရွေ့ ဒီရာထူးကို ကိုင်ထားနိုင်တာမို့ နိုင်ငံရေးအရ အတိမ်းအစောင်း မခံတဲ့ ကိစ္စရပ်တွေ တရားရုံးချုပ်ကို ရောက်လာခဲ့ရင် နောင်လာမယ့် ဆယ်စုနှစ်တွေတိုင်အောင် ရီပတ်ဘလီကန်တွေဘက်က အသာရနိုင်မယ့် အခြေအနေ ရှိသွားမှာကို ဒီမိုကရက်တွေက စိုးရိမ်နေကြတာပါ။

အသက် ၄၈ နှစ်အရွယ် တရားသူကြီးသစ် ဘာရက် ဟာ သမ္မတထရမ့်နဲ့ အတူ ယှဉ်တွဲရပ်ရင်း အိမ်ဖြူတော်မှာ ကျမ်းသစ္စာ ဆိုခဲ့ပါတယ်။

မိန်း ပြည်နယ်မှာ ပြန်အရွေးခံရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ရီပတ်ဘလီကန် ဆီးနိတ်အမတ် ဆူဆန် ကောလင်းစ် တစ်ယောက်ပဲ တနင်္လာနေ့ မဲခွဲ ဆုံးဖြတ်ပွဲမှာ ရီပတ်ဘလီကန်တွေထဲမှာ ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

အေမီ ကိုနီ ဘာရက် ဟာ သမ္မတထရမ့် အဆိုပြု ခန့်အပ်ခံခဲ့ရတဲ့ တတိယမြောက် တရားသူကြီး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက နီးလ် ဂေါဆပ်ချ်၊ ၂၀၁၈ ခုနှစ်က ဘရက် ကဗန်နော့ တို့ကို အဆိုပြုခဲ့တာပါ။

အင်ဒီယားနားပြည်နယ် ဖက်ဒရယ် အယူခံတရားရုံး တရားသူကြီး အေမီ ကိုနီ ဘာရက် ဟာ ပြီးခဲ့တဲ့လက ကွယ်လွန်သွားတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေကြောင့် အများကြည်ညို လေးစားသူ ရုသ် ဘေဒါ ဂင်းန်စ်ဘာ့ဂ်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတာပါ။

အိမ်ဖြူတော်မှာ ဘာတွေ ဖြစ်ခဲ့သလဲ

ပန်ဆေလ်ဗီးနီးယားပြည်နယ်မှာ မဲဆွယ်စည်းရုံးရေး ထွက်ရာကနေ ပြန်ရောက်လာလာချင်းမှာပဲ သမ္မတထရမ့်ဟာ တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ တရားသူကြီးသစ် ဘာရက်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဦးဆောင် ကျင်းပခဲ့ပါတယ်။

"ဒီကနေ့ဟာ အမေရိကန်နိုင်ငံအတွက်၊ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက်၊ တရားမျှတပြီး ဘက်မလိုက်တဲ့ ဥပဒေအတွက် သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်တယ်"လို့ သမ္မတ ထရမ့်က ပြောသွားပါ တယ်။

အသက် ၄၈ နှစ်အရွယ် အေမီ ကိုနီ ဘာရက် ဟာ အမေရိကန် တရားရုံးချုပ်ရဲ့ အသက်အငယ်ဆုံး တရားသူကြီး ဖြစ်ပါတယ်။

အေမီ ကိုနီ ဘာရက် ဟာ ဘယ်လို အမျိုးသမီးလဲ

·သန္ဓေသားလောင်း ဖျက်ချခွင့်နဲ့ လိင်တူထိမ်းမြားခွင့်လို ကိစ္စမျိုးတွေအပေါ် သူ့ရဲ့ရပ်တည်ချက် သမိုင်းကြောင်းတွေအရ လူမှုရေးပိုင်း ရှေးရိုးစွဲအမြင်ရှိသူဖြစ်

·အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်ဖို့ ဆန္ဒမရှိသူ

·ဥပဒေပါမောက္ခအဖြစ် အချိန်အတော်ကြာ လုပ်ကိုင်ခဲ့အပြီး ဖယ်ဒရယ် အယူခံတရားရုံး တရားသူကြီးအဖြစ် ၃ နှစ်ကြာသာ ဆောင်ရွက်ခဲ့

·ဘာသာရေးကိုင်းရှိုင်းတဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဟေတီနိုင်ငံကနေ ခေါ်ယူမွေးစားထားတဲ့ ကလေးနှစ်ဦး အပါအဝင် သားသမီး ၇ဦးနဲ့အတူ အင်ဒီယားနားပြည်နယ်မှာ နေထိုင်နေ

အေမီ ကိုနီ ဘာရက် မိသားစု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အေမီ ကိုနီ ဘာရက် မိသားစု

ဒီမိုကရက်တွေဘက်က ဘယ်လို တုံ့ပြန်ကြသလဲ

ဒီမိုကရက် သမ္မတလောင်း ဂျိုး ဘိုင်ဒန်ကတော့ ဒီလို အတည်ပြု ခန့်လိုက်တာဟာ တက်သုတ်ရိုက် လုပ်လိုက်တဲ့ ပုံမျိုး ဖြစ်ပြီး အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။

အခုဒီတရားသူကြီး ခန့်အပ်မှုဟာ အမေရိကန်ပြည်သူတိုင်းအတွက် သူတို့ရဲ့မဲတွေက ဘယ်လောက် အရေးပါသလဲ ဆိုတာကို လေးလေးနက်နက် သတိပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက် ဒုတိယ သမ္မတလောင်း ကာမလာ ဟဲရစ် ကလည်း "အေမီ ကိုနီ ဘာရက် ကို တရားသူကြီးချုပ်သစ် အဖြစ် ခန့်အပ်လိုက်တာဟာ သူတရားသူကြီးအဖြစ် တာဝန်ယူချိန်မှာ ဘာတွေလုပ်ဆောင်မလဲ ဆိုတာတွေအတွက်တင်မက တရားစီရင်ရေး လုပ်ထုံးလုပ်နည်းစနစ်ကြီး တစ်ခုလုံးအတွက် သိက္ခာကျစရာ ဖြစ်တယ်"လို့ ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူကသာ တရားသူကြီးသစ် လစ်လပ်နေရာအတွက် အဆိုပြုသင့်တယ်လို့ ဒီမိုကရက်တွေက သီတင်းပတ်နဲ့ချီ ကန့်ကွက် အငြင်းပွားနေခဲ့ကြတာပါ။

Graphic shows current justices on US Supreme Court
Presentational grey line

၂၀၁၆ ခုနှစ်တုန်းကတော့ ဒီမိုကရက် သမ္မတ ဘားရက် အိုဘားမား အဆိုပြုခဲ့တဲ့ တရားရုံးချုပ် တရားသူကြီး တစ်ဦးကို အတည်ပြုရေး ကြားနာစစ်ဆေးပွဲတစ်ခု လုပ်ဖို့ ရီပတ်ဘလီကန်တွေက ငြင်းဆို ကန့်ကွက်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပတဲ့နှစ်မှာ ဒီလိုဆုံးဖြတ်ချက်မျိုး မလုပ်သင့်ဘူးလို့ ပြောခဲ့ကြတာပါ။

ဒီမိုကရက်တွေက တကယ်လို့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရပြီး ဆီးနိတ်လွှတ်တော်ကို ထိန်းချုပ်နိုင်တဲ့အခါ အေမီ ကိုနီ ဘားရက် ကို တရားသူကြီးသစ် ခန့်အပ်ခဲ့မှုကို ပြန်လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အခု တရားသူကြီး အတည်ပြု ခန့်အပ်လိုက်တာနဲ့ ပတ်သက်လို့ လက်ခံ မခံ ဆိုတာကို မစ္စတာ ဘိုင်ဒန်က ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဖို့ ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်း ကတော့ တရားစီရင်ရေးစနစ် ပြန်လည်ပြင်ဆင်ဖို့ လိုမလို ဆိုတာကို လေ့လာဖို့ ပါတီနှစ်ခုလုံး ပါတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းမယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောခဲ့ပါတယ်။

Supreme Court

ဓာတ်ပုံ ရင်းမြစ်, Getty Images