ထရမ့် တရုတ်မှာ ဘဏ်အကောင့် ဆက်ဖွင့်ထားဆဲလို့ နယူးယောက်ခ်တိုင်းမ် ဆို

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်ဘဏ်အကောင့်တခု ဖွင့်ထားပြီး တရုတ်နိုင်ငံတွင်းမှာ စီးပွားရေး စီမံကိန်းကြီးတွေ ရရှိဖို့အတွက် နှစ်တွေနဲ့ချီ ကြိုးပမ်းခဲ့တယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာက ရေးသားပါတယ်။

ဒီအကောင့်ကို ထရမ့်နိုင်ငံတကာ ဟိုတယ် စီမံခန့်ခွဲရေးက ကိုင်တွယ်ထားပြီး ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ကြားမှာ တရုတ်နိုင်ငံတွင်း အခွန်တွေ ပေးဆောင်ခဲ့ပါတယ်။

"အာရှဒေသမှာ ဟိုတယ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်လို့ လေ့လာတဲ့သဘောအနေနဲ့ အခုလို လုပ်ခဲ့တာ" လို့ မစ္စတာ ထရမ့်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

မစ္စတာ ထရမ့်ဟာ တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေကို ဝေဖန်လေ့ရှိပြီး နှစ် နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲ အစပျိုးခဲ့ပါတယ်။

မစ္စတာ ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးသာမက ကုမ္ပဏီ ဘဏ္ဍာရေး အသေးစိတ်အချက်အလက်တွေ ပါဝင်တဲ့ အခွန်ဆောင်မှု မှတ်တမ်းတွေကို ရရှိပြီးနောက်ပိုင်း နယူးယောက်ခ်တိုင်းမ် သတင်းစာက တရုတ်မှာ ဖွင့်ထားတဲ့ ဘဏ်အကောင့်အကြောင်း ထပ်မံရေးသားခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်ခ်တိုင်းမ် သတင်းစာရဲ့ ပြီးခဲ့တဲ့ တခေါက် သတင်းရေးသားချက်တွေမှာတော့ ဒေါ်နယ်ထရမ့်ဟာ သူ သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ အမေရိကန် ဗဟိုအစိုးရ အခွန်အဖြစ် အမေရိကန် ဒေါ်လာ ၇၅၀ သာ ပေးဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သူရဲ့ တရုတ်ဘဏ်အကောင့်မှာတော့ တရုတ်အခွန်ငွေ ဒေါ်လာ ၁၈၈,၅၆၁ ပေးဆောင်ခဲ့ပါတယ်။

မစ္စတာ ထရမ့်ဟာ သူ့ပြိုင်ဘက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို အမြဲ ဝေဖန်လေ့ရှိပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမတိုင်ခင် တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ဂျိုးဘိုင်ဒန်ရဲ့ မူဝါဒတွေကိုလည်း ဝေဖန်ပြောကြားလေ့ရှိပါတယ်။

သမ္မတ ထရမ့်အစိုးရကလည်း မစ္စတာ ဘိုင်ဒန်ရဲ့ သား ဟန့်တာကို ထောက်ပြခဲ့ပြီး တရုတ်နိုင်ငံနဲ့ မစ္စတာ ဟန့်တာရဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲ ပြောဆိုလေ့ရှိပါတယ်။

မလည်ပတ်တော့တဲ့ ရုံး

ထရမ့်အဖွဲ့အစည်းရဲ့ ရှေ့နေ အလန် ဂါတန်ကတော့ နယူးယောက်ခ်တိုင်းမ်ရဲ့ သတင်းဟာ "ခန့်မှန်းပြောဆိုချက် ဖြစ်ပြီး မမှန်ကန်တဲ့ ယူဆချက်တွေ" ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ထရမ့် နိုင်ငံတကာ ဟိုတယ် စီမံခန့်ခွဲရေးလုပ်ငန်းဟာ တရုတ်နိုင်ငံတွင်း အခွန်တွေ ပေးဆောင်ဖို့အတွက် အမေရိကန်မှာ ရုံးခွဲတွေ ဖွင့်ထားတဲ့ တရုတ်ဘဏ်တခုမှာ အကောင့်တခု ဖွင့်ထားခဲ့တယ်လို့လည်း သူက နယူးယောက်ခ်တိုင်းမ် သတင်းစာမှာ ပြောဆိုထားပါတယ်။

"၂၀၁၅ ခုနှစ်နောက်ပိုင်း သဘောတူညီမှု၊ အရောင်းအဝယ်လုပ်မှု ဒါမှမဟုတ် တခြား စီးပွားရေး လည်ပတ်မှုတွေ လုပ်ခဲ့တာ ဘာမှမရှိဘူး။ ဒီရုံးကလည်း ဆက်မလည်ပတ်တော့ဘူး" လို့ မစ္စတာ ဂါတန်က ဆိုပါတယ်။

"ဘဏ်အကောင့် ဆက်ဖွင့်ထားတယ်ဆိုပေမယ့် တခြား ရည်ရွယ်တွေနဲ့ အသုံးပြုခဲ့တာ လုံး၀ မရှိပါဘူး" လို့ နယူးယောက်ခ် သတင်းစာကြီးကို သူ ပြောထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်မှာသာမက နိုင်ငံရပ်ခြားမှာပါ စီးပွားရေး လုပ်ငန်း အစုရှယ်ရာတွေ အများအပြား ပိုင်ဆိုင်ပါတယ်။

သူ့ပိုင်ဆိုင်မှုတွေထဲမှာ စကော့တလန်နဲ့ အိုင်ယာလန်တို့မှာ ဂေါက်ကွင်းတွေနဲ့ တခြား ကြယ်ငါးပွင့် ဇိမ်ခံဟိုတယ်တွေလည်း ပါဝင်ပါတယ်။

မစ္စတာ ထရမ့်ဟာ တရုတ်၊ ဗြိတိန်နဲ့ အိုင်ယာလန်တို့မှာ နိုင်ငံခြားဘဏ်အကောင့်တွေ ဆက်ဖွင့်ထားဆဲဖြစ်တယ်လို့ နယူးယောက်ခ်တိုင်းမ်က ရေးသားထားပါတယ်။

တရုတ်အပေါ် ယုံကြည်အားထားမှု အဆုံးသတ်ပြီ

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံပြင်ပမှာ စက်ရုံတွေ ပြောင်းရွှေ့ နိုင်ရေး စည်းရုံးသိမ်းသွင်းနိုင်ဖို့အတွက် သူ့အနေနဲ့ အစိုးရ ထောက်ပံ့ကြေး ထုတ်ပေးချင်နေတယ်လို့ ဩဂုတ်အတွင်းမှာ မစ္စတာ ထရမ့်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ အလုပ်တွေ ဆက်လုပ်နေတဲ့ ကုမ္ပဏီတွေကို အစိုးရ စာချုပ်စာတမ်းတွေ ဖျက်သိမ်းမယ်လို့လည်း သူက ခြိမ်းခြောက်ထားပါတယ်။

၁၀ လအတွင်း အလုပ်အကိုင်ပေါင်း ၁၀ သန်းကျော် ဖန်တီးပေးသွားမယ်လို့ မစ္စတာ ထရမ့်က သူ့ရဲ့ မိန့်ခွန်းတခုမှာ ကတိပြုပြောကြားခဲ့ပြီး "တရုတ်နိုင်ငံအပေါ် ယုံကြည်အားကိုးမှုတွေ အဆုံးသတ်ကြမယ်" လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ အပြောနဲ့ အလုပ် တခြားစီဖြစ်နေတာက မစ္စတာ ထရမ့်ဟာ တရုတ်နိုင်ငံမှာ အိမ်ခြံမြေ စီးပွားရေးလုပ်ဖို့ ဘယ်လို ကြံစည်နေသလဲဆိုတဲ့ အသေးစိတ်ကို နယူးယောက်ခ်တိုင်းမ်က ရေးတာပါ။

၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ရုံးခွဲတခု ဖွင့်ခဲ့ပြီး သူ့ရဲ့ ကြိုးပမ်းချက်တွေ အရှိန်အဟုန်မြင့်လာခဲ့ပါတယ်။

နယူးယောက်ခ်တိုင်မ်းက ရရှိထားတဲ့ မစ္စတာ ထရမ့်ရဲ့ အခွန်မှတ်တမ်းတွေမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံမှာ စီမံကိန်းလုပ်ငန်းတွေ ရရှိဖို့ အဓိကထား ဆောင်ရွက်တဲ့ ကုမ္ပဏီအသေး ၅ ခုမှာ အနည်းဆုံး ဒေါ်လာ ၁၉၂,၀၀၀ မစ္စတာ ထရမ့် ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီတွေဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း စီးပွားရေး ကုန်ကျစရိတ်တွေမှာ ဒေါ်လာ ၉၇,၄၀၀ ထက်မနည်း အသုံးပြုခဲ့ပါတယ်။

အဲဒီအသုံးစရိတ်တွေထဲမှာ ကုမ္ပဏီရဲ့ ဝင်ငွေထွက်ငွေ ငွေစာရင်း တွက်ချက်တဲ့ ငွေစာရင်းစစ် ကုန်ကျစရိတ်တွေနဲ့ အခွန်ဆောင်မှုတွေမှာ အနည်းငယ် သုံးထားတာလည်း တွေ့ရပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံတွင်းမှာ လုပ်ကိုင်ချင်နေတဲ့ အမေရိကန် သမ္မတရဲ့ အစီအစဉ်တွေကို ထရမ့်နိုင်ငံတကာ ဟိုတယ် စီမံခန့်ခွဲမှု လုပ်ငန်းက အဓိက ထား ဆောင်ရွက်ပေးနေတယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာကြီးက ရေးသားထားပါတယ်။

အမေရိကန် ရွေးကောက်ပွဲ နောက်ဆုံး အခြေအနေ

ဗီဒီယို ပုံစာ, ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ ဘာထူးခြားသလဲ

အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ပတ်သာ လိုတော့တဲ့အချိန်မှာ မစ္စတာ ဘိုင်ဒန်ကတော့ ကြာသပတေးနေ့မှာ ကျင်းပမယ့် နောက်ဆုံး သမ္မတလောင်း စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေတာကြောင့် ဒီကနေ့အထိ အသံတိတ်နေဆဲဖြစ်ပါတယ်။

နိုင်ငံတွင်း လူထုစစ်တမ်းတွေမှာတော့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က ဦးဆောင်နေဆဲဖြစ်ပါတယ်။

အမေရိကန်က ပြည်နယ် အားလုံးနီးပါးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ဦးရေနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရသူ ဦးရေ မြင့်တက်နေပေမယ့် ဒီကမ္ဘာ့ကပ်ရောဂါကြီးကို အမေရိကန်မှာ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်လို့ မစ္စတာ ထရမ့်က ထပ်ပြီး ပြောဆိုခဲ့ပြန်ပါတယ်။

သမ္မတကတော် မလာနီယာ ထရမ့်ကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ရောဂါ လက္ခဏာတွေ ခံစားနေရဆဲဖြစ်တာကြောင့် ပန်ဇယ်ဗေးနီးယားပြည်နယ် အီရီမြို့မှာ လုပ်မယ့် မဲဆွယ် စည်းရုံးရေးမှာ သမ္မတ ထရမ့်နဲ့အတူ တက်ရောက်လာဖို့ စီစဉ်ထားခဲ့ပေမယ့် သူ တက်ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတဟောင်း ဘားရက်ခ် အိုဘားမားဟာ ဖိလစ်ဒေးဖီးယားပြည်နယ်မှာ မစ္စတာဘိုင်ဒန်အတွက် ပထမဆုံး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပေးမှာ ဖြစ်ပါတယ်။

သမ္မတ ထရမ်ကတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဂတ်စတုန်းနီးယားမြို့မှာ မဲဆွယ်စည်းရုံးရေး ထပ်လုပ်မှာ ဖြစ်ပါတယ်။