ရုရှား ကိုဗစ်ကာကွယ်ဆေး စထုတ်

ရုရှားနိုင်ငံထဲမှာ ဖော်စပ်ထုတ်လုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို လူတွေမှာ ၂ လနီးပါးကြာ စမ်းသပ်ကုခဲ့အပြီး အခုအခါ အဲဒီဆေးထုတ်လုပ်ဖို့ စည်းမျဉ်းပိုင်းဆိုင်ရာ ခွင့်ပြုလိုက်ပြီလို့ သမ္မတ ဗလာဒီမီယာ ပူတင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီဆေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေအားလုံး လုပ်ခဲ့ပြီး ဖြစ်ပြီး သူ့ရဲ့ သမီးဖြစ်သူကိုတောင် ဒီဆေးကို ပေးသုံးခဲ့ပြီးပြီလို့ သမ္မတ ပူတင်က ပြောပါတယ်။

အောက်တိုဘာလကစလို့ လူအမြောက်အများကို အဲဒီဆေးနဲ့ ကုသသွားမယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူ ပညာရှင်တွေကတော့ ရုရှားနိုင်ငံက တက်သုတ်ရိုက် ဆေးဖော်စပ် ထုတ်လုပ်လိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပြီး ဒီဆေးကို သုတေသီသိပ္ပံပညာရှင်တွေက ထောင့်စုံ မလေ့လာဘဲ အလောသုံးဆယ် ထုတ်ခဲ့ကြပုံ ရတယ်လို့ ပြောနေပါတယ်။

လုံခြုံစိတ်ချရမှုပိုင်းကို လျှော့တွက်ပြီး ထုတ်ခဲ့ပုံရတယ်ဆိုပြီး စိုးရိမ်မှုတွေ ပေါ်ထွက်နေချိန်မှာပဲ ရုရှားအစိုးရကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်ရာမှာ နိုင်ငံတကာ လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။

Sputnik-V လို့ အမည်ပေးထားတဲ့ အဲဒီဆေးကို ပြန်လည်သုံးသပ်မှုတွေ လုပ်ဖို့ ရုရှားအာဏာပိုင်တွေနဲ့ သူတို့ ဆွေးနွေး ပြောဆိုနေတယ်လို့ WHO က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

လူတွေမှာ စမ်းသပ်ကုသမှုတွေ ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ WHO က သတ်မှတ်ထားတဲ့ တတိယမြောက် စမ်းသပ်မှု အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဆေး ၆ ခုထဲမှာ ဒီဆေးက လောလောဆယ် ပါဝင်နေပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေး ၁၀၀၀ ကျော်ဟာ ကနဦး အဆင့်မှာ ရှိနေပြီး အဲဒီထဲက တချို့ကို လူတွေမှာ စမ်းသပ်ထားပါတယ်။

ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးပမ်းရာမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အလျင်အမြန် ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း မတိုင်ခင်အထိ ဘယ်ဆေးကိုမှ ကျယ်ကျယ်ပြန်ပြန့် အသုံးပြုနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကျွမ်းကျင်သူအများစုက ပြောနေပါတယ်။

ဆေးအကြောင်း သမ္မတပူတင် ဘာပြောသလဲ

မော်စကိုမြို့ ဂါမာလီယာ ဌာနက ထုတ်လုပ်လိုက်တဲ့ ဒီဆေးဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကိုဗစ် ကာကွယ်ဆေးဖြစ်တယ် လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ခံနိုင်ရည်စွမ်းအား အလုံအလောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီဆေးဟာ အတော်လေးကို ထိရောက်တယ် ဆိုတာကို သူသိထားတယ်လို့ ပြောခဲ့ပေမဲ့ နောက်ထပ် ဘာမှ အသေးစိတ် ထပ်မပြောခဲ့ပါဘူး။ လိုအပ်တဲ့ စစ်ဆေးစရာတွေ အားလုံးကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပြီးပြီလို့ပဲ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

သူ့သမီး တစ်ယောက်ကို ဒီဆေး ထိုးခဲ့တယ်ရာမှာ အဖျားခဏ တက်ခဲ့ပေမဲ့ နေပြန်ကောင်းလာတယ်လို့လည်း သမ္မတပူတင်က ပြောပြပါတယ်။

အစမ်းသဘောမျိုးနဲ့ သူ့သမီးက ဒီဆေးကို ထိုးခဲ့ပုံရတယ်လို့ သမ္မတပူတင်က ပြောပါတယ်။ သမီး နှစ်ယောက်ထဲက ဘယ်သမီးလဲ ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

"အဲဒီဆေး ပထမတကြိမ် ထိုးတုန်းက ကိုယ်ပူချိန်က ၃၈ ဒီဂရီ ရှိခဲ့ပါတယ်။ အဲဒီနောက် ၃၇.၅ ဒီဂရီကို ကျသွားပါတယ်။ အဲဒီလောက်ပါပဲ။ ဒုတိယအကြိမ် ထိုးတုန်းကတော့ ကိုယ်ပူချိန် မဆိုစလောက်လေး တက်ခဲ့ပါတယ်။ အဲဒီနောက် ပုံမှန် ပြန်ဖြစ်သွားပါတယ်"

သမ္မတပူတင်ဟာ သူ့သမီး နှစ်ယောက် ဖြစ်တဲ့ မာရီယာ ဗိုရွန့်ဆိုဗာ နဲ့ ကက်ထရီနာ တီခိုနိုဗာ တို့ရဲ့ အကြောင်းကို မီဒီယာသတင်းတွေမှာ သိပ်ထုတ်ပြောလေ့ပြောထ မရှိဘဲ သူတို့ဘဝအကြောင်းတွေကို လျှို့ဝှက်ထားပါတယ်။

ဒါပေမဲ့ တတိယအဆင့် စမ်းသပ်မှုလို့ အများသိထားကြတဲ့ လူထောင်ပေါင်းများစွာကို စမ်းသပ်ကုသတဲ့ ပိုကြီးမားကျယ်ပြန့်တဲ့ လေ့လာမှုကြီး အပြီးမသတ်ခင်မှာဘဲ ဒီဆေးကို ထုတ်ဖို့ ရုရှား ဆေးဘက်ဆိုင်ရာ စည်းမျဉ်းရေးဆွဲသူတွေဆီက အတည်ပြု ခွင့်ပြုချက် ထွက်ပေါ်လာခဲ့တာပါ။

ဒီလေ့လာစမ်းသပ်မှုတွေဟာ ဆေးစမ်းသပ်မှု လုပ်ငန်းစဥ်မှာ မလုပ်မဖြစ် အရေးပါတဲ့ စမ်းသပ်မှုတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတာပါ။

ဒါပေမဲ့လည်း ရုရှား ကျန်းမာရေးဝန်ကြီး မီခေးလ် မူရက်ရှ်ကိုကတော့ "ဒီကာကွယ်ဆေးဟာ အတော့်ကို ထိရောက်ပြီး စိတ်ချရတယ်" လို့ ဆိုပြီး ကိုဗစ်-၁၉ ရောဂါကို လူတွေ အနိုင်ရရေးမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ အင်္ဂါနေ့က ချီးမွမ်းခန်း ထုတ်ခဲ့ပါတယ်။

ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆေးကို Sputnik-V လို့ အမည်ပေးထားတယ်လို့ ရုရှား အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဂြိုဟ်တုကို ရုရှားလို Sputnik လို့ ခေါ်တာပါ။

ကိုဗစ် ကာကွယ်ဆေး အပြိုင် ထုတ်နေကြပုံကို စစ်အေးကာလအတွင်း ဆိုဗီယက်ရုရှားနဲ့ အမေရိကန်အကြား အာကာသယာဉ် အပြိုင် စမ်းသပ် ထုတ်လွှတ်ခဲ့ကြပုံနဲ့ သူတို့က နှိုင်းယှဉ်ပြောခဲ့ကြပါတယ်။

ကိုဗစ် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ရုရှားရဲ့ ကြိုးပမ်းမှုတွေအပေါ် ဘယ်လို တုံ့ပြန်ကြသလဲ

ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ထုတ်ရာမှာ သူတို့ ရခဲ့တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို အမေရိကန်နဲ့ ဥရောပက ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မီဒီယာတွေက သံသယနဲ့ တုံ့ပြန်ခဲ့ကြတယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားနဲ့တရုတ်မှာ ကိုဗစ်ကာကွယ်ဆေး အမြန်ထုတ်နိုင်ဖို့ ကြိုးပမ်းမှုတွေအတွင်း စမ်းသပ်စစ်ဆေးမှု လုပ်ငန်းစဉ်တွေ မှန်ကန်သေချာမှု ဘယ်လောက် ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ သံသယ ဖြစ်မိတယ်လို့ အမေရိကန် ထိပ်တန်း ကူးစက်ရောဂါပညာရှင် ဒေါက်တာ အန်တိုနီ ဖောင်ချီက ပြီးခဲ့တဲ့လတုန်းက ထုတ်ဖော်ပြောခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ ရုရှားထိပ်တန်းဆေးဝါးကုမ္ပဏီတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတဲ့ မော်စကို အခြေစိုက် (Acto) ဆေးဝါးစမ်းသပ်မှုအဖွဲ့ကြီးက အခု ကိုဗစ်ဆေးကို တတိယအဆင့် စမ်းသပ်မှုတွေ ပြီးတဲ့အချိန်ထိ ဆေးထုတ်လုပ်ခွင့် ဆိုင်းငံ့ထားဖို့ ရုရှား ကျန်းမာရေးဌာနကို တိုက်တွန်းခဲ့ပါတယ်။

လူ ၇၆ ယောက်လောက် စမ်းသပ်ခဲ့တဲ့ ပထမနဲ့ ဒုတိယအဆင့် စမ်းသပ်မှု နှစ်ခု အပြီးမှာ ဒီဆေးကို အမြောက်အများ ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဆေးတစ်မျိုး ထိရောက်မှု ရှိမရှိဆိုတာ ဒီစမ်းသပ်မှုမျိုးလောက်ကို အခြေခံပြီး အတည်ပြုလို့ မရနိုင်ကြောင်း (Acto) အမှုဆောင်ညွှန်ကြားရေးမှူး ဆဗက်လာနာ ဇာဗစ်ဒိုဗာ က ရုရှား MedPortal ဆေးပညာ ဝက်ဆိုက်ကို ပြောခဲ့ပါတယ်။