သေဆုံးသွားတဲ့ သားငယ်အတွက် တရားမျှတမှုတောင်းဆိုသူမိခင်

ခရစ္စတိုဖာ သေဆုံးခဲ့တဲ့နေရာနားမှာ ပန်းတွေချထားကြ
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာ သေဆုံးခဲ့တဲ့နေရာနားမှာ ပန်းတွေချထားကြ

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲလာနေချိန်မှာ သူ့သား ခရစ္စတိုဖာကပက်ဆာ ဘောလုံးပွဲထိုင်ကြည့်နေတာကို အယ်လီနာဂျိုးဆက် သတိရနေမိတယ်။

အဲဒီနေ့က အလွန်ပူတဲ့ နွေရာသီနေ့တစ်နေပေါ့။ ဒါပေမဲ့ ခရစ္စတိုဖာကပက်ဆာဟာ ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုကစားတာကိုကြည့်ချင်လို့ ရုပ်မြင်သံကြားရှေ့က မခွာနိုင်ဘူး။

သူ့အမေဟာ ဘောလုံးပွဲကြိုက်တဲ့သူ မဟုတ်ဘူးဆိုတာ သူသိပေမဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘယ်အသင်းအကောင်းဆုံး၊ ဘယ်ကစားသမားကို သူအကြိုက်အဆုံးဆိုတာ မပြောဘဲကို မနေနိုင်ဘူး။

အယ်လီနာ အပေါ်ထပ်တက်သွားပြီး အိပ်ရာထဲလှဲရင်း အိပ်ပျော်သွားတယ်။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတယ်မသိဘူး။ အောက်ထပ်က အသံပြဲကြီးနဲ့ အော်လိုက်လို့ လန့်နိုးလာတယ်။

“မေမေ၊ မေမေ၊ သူတို့နိုင်သွားပြီဗျ” လို့ ခရစ္စတိုဖာအော်လိုက်တဲ့အသံပါ။

ခရစ္စတိုဖာရဲ့ ဘောလုံးကန်အင်္ကျီ
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာရဲ့ ဘောလုံးကန်အင်္ကျီ

သူဟာ ဘောလုံးသိပ်ကြိုက်တာပဲ။ သူ့ညီက သူ့ကိုသိပ်လွမ်းနေတယ်။ အထူးသဖြင့် ဘောလုံးပွဲလာချိန်ဆို အဆိုးဆုံးပဲ။ ခရစ္စတိုဖာက သူ့ညီကို ဘောလုံးကစားနည်း သင်ပေးခဲ့တာလေ။

ခရစ္စတိုဖာရဲ့ အလောင်းကို ဝေလပြည်တောင်ပိုင်း ရန်ဒါကာနင်တာ့ဖ် မှာရှိတဲ့ ကာနင် မြစ်ထဲကတွေ့ချိန်မှာ သူ့အသက်ဟာ ၁၃ နှစ်ပဲရှိပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁ ရက်နေ့မှာ သူကွယ်လွန်ခဲ့တာပါ။

နေသာတဲ့နေ့တစ်နေ့မှာ သူဟာ တခြားလူငယ်တွေနဲ့အတူ အပြင်ထွက်လည်ရင်း သေဆုံးခဲ့ပါတယ်။ အဲဒီအုပ်စုထဲမှာ လူမည်းဆိုလို့ သူတယောက်ပဲ ပါပါတယ်။

သူသေဆုံးမှုနဲ့ ပတ်သက်ပြီး “ဘာမှ သံသယဖြစ်စရာမတွေ့ဘူး။ ဝမ်းနည်းကြေကွဲဖွယ်ရာ မတော်တဆ အဖြစ်အပျက်ပါ” လို့ ဝေလပြည်တောင်ပိုင်း ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း အကြောင်းပြန်ပါတယ်။

တရားခံကို အရေးမယူတာကို ခရစ်တိုဖာ့အမေက မေးခွန်းထုတ်
ဓာတ်ပုံ ပုံစာ, တရားခံကို အရေးမယူတာကို ခရစ္စတိုဖာ့အမေက မေးခွန်းထုတ်

ဒါပေမဲ့ မိသားစုနဲ့ သူတို့ရဲ့ ရှေ့နေကတော့ ရဲအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိတ်တိုင်းမကျမှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလမှာတော့ ဝေလပြည် တော်ဝင်တရားစွဲအဖွဲ့ CPS ဆီက စာတစောင် ရခဲ့ပါတယ်။

အဲဒီစာမှာ ရေးထားတာက “ရေမကူးတတ်တဲ့ ခရစ္စတိုဖာကို ရေထဲတွန်းချခဲ့တာဟာ လူသေမှုမြောက်ကြောင်း ထင်ရှားတဲ့ သက်သေအထောက်အထားတွေ့ ခဲ့ရပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ လူငယ်ဟာ အသက် ၁၄ နှစ်သာရှိသေးတဲ့ အတွက်၊ အမှုကလည်း အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့အမှု မဟုတ်တဲ့ အတွက် သူ့ကို တရားစွဲမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

ရဲအဖွဲ့နဲ့ တော်ဝင်တရားစွဲအဖွဲ့တွေဟာ လူမျိုးခွဲခြားရေးသမားတွေလို့ ခရစ္စတိုဖာရဲ့ မိသားစုက စွပ်စွဲခဲ့ပါတယ်။

“တကယ်လို့ လူမည်းလူငယ်က ၁၄ ယောက် လူဖြူလူငယ်တစ်ယောက်တည်းသာ အခုလိုဖြစ်ခဲ့ရင် ရဲအဖွဲ့ရဲ့ ဆောင်ရွက်ပုံနဲ့ ရလဒ်ဟာ အခုလိုထွက်လာမှာ မဟုတ်ဘူး” လို့ အယ်လီနာဟာ အဲဒီအချိန်မှာကတည်းက ပြောခဲ့ပါတယ်။

ခရစ္စတိုဖာရဲ့နာမည် ရေးထိုးထားတဲ့ ဘောလုံးအင်္ကျီဝတ်လာတဲ့ သူငယ်ချင်း
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာရဲ့နာမည် ရေးထိုးထားတဲ့ ဘောလုံးအင်္ကျီဝတ်လာတဲ့ သူငယ်ချင်း

အဲဒီနေ့မနက်က အယ်လီနာအိပ်ရာကနိုးလာတော့ နေသာတဲ့နေ့ တစ်နေ့ပါလားလို့ သတိထားခဲ့မိပါတယ်။ အဲဒီနေ့မှာ ခရစ္စတိုဖာ ကွယ်လွန်ခဲ့တယ်။ “ကျွန်မအခု သာယာတဲ့ မနက်ခင်းတွေကို မကြိုက်တော့ဘူး။ သာယာတဲ့မနက်ခင်းကို ကြုံတိုင်း ဆိုးဝါးတဲ့ အဖြစ်အပျက်ဖြစ်ခဲ့တာကို သတိရမိနေတယ်။”လို့ အယ်လီနာက ဆိုပါတယ်။

အဲဒီနေ့က အဖြစ်တွေကို အယ်လီနာဟာ အသေးစိတ်တစ်ခုချင်း မှတ်မိနေတယ်။

ခရစ္စတိုဖာဟာ ကျောင်းကပြန်လာပြီး မိနစ်အနည်းငယ် အတွင်းမှာပဲသူ့အမေကို အပြင်သွားပြီး ဘောလုံးကစားလိုက်ဦးမယ်လို့ ပြောတယ်။ အယ်လီနာက ခွင့်ပြုလိုက်တယ်။ ဂွတ်ဘိုင်လို့တောင် နှုတ်မဆက်လိုက်မိဘူး။

အခုတော့ ဂွတ်ဘိုင်တို့၊ ဂွတ်နိုက်တို့၊ ကောင်းသောနှုတ်ဆက်ခြင်းပါ၊ ကောင်းသောညပါဆိုတာတွေကို သူသိပ်မုန်းသွားပြီ။ ဘာများကောင်းလို့လဲ။

ခရစ္စတိုဖာကို ရေထဲတွန်းချခဲ့တဲ့ တံတား
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာကို ရေထဲတွန်းချခဲ့တဲ့ တံတား

ခရစ္စတိုဖာထွက်သွားပြီးနောက်ပိုင်းမှာ သူဟာ အာဖရိကက သူ့ညီအစ်မနဲ့ ဖုန်းပြောနေတုန်း တံခါးခေါက်သံထွက်လာတယ်။ တံခါးခေါက်သူဟာ သတင်းဆိုးကို သယ်လာတဲ့သူပါပဲ။

“ကျွန်မတို့ကစကားတွေပြော၊ ရယ်မောနေတဲ့အချိန်မှာ သူကသေလုမျောပါးဖြစ်နေတဲ့အချိန်လေ”လို့ အယ်လီနာဟာ မျက်ရည်လည်ရွဲနဲ့ ပြောပြတယ်။

သတင်းလာပြောတဲ့သူက ခရစ္စတိုဖာရဲ့ အားကစားနည်းပြဆရာပါ။ ခရစ္စတိုဖာကို ခုထိ မတွေ့သေးဘူး။ သူက တံတားပေါ်က ခုန်ချသွားတာလို့ အယ်လီနာကို ပြောပါတယ်။

အဲဒီနောက်ပိုင်း အဖြစ်တွေက အယ်လီနာ့စိတ်ထဲမှာ ခပ်ဝါးဝါးပဲ။ သူဟာ ခရစ္စတိုဖာကို နောက်ဆုံးတွေ့ခဲ့ရတယ်ဆိုတဲ့ တံတားကနေ မြစ်အောက်ဖက် အတိုင်းစုန်ဆင်းပြီး လိုက်ရှာပါတယ်။

ဒါပေမယ့် လမ်းကို ပိတ်ထားပြီး အိမ်ကပဲစောင့်ဖို့ ရဲတွေက ပြောပါတယ်။

ရဲတွေဆီက တော်တော်နဲ့ သတင်းမကြားရပါဘူး။ အယ်လီနာလည်း အလုပ်မရှုပ်ရှုပ်အောင် ပန်းကန်တွေပဲ ဖိဆေးနေပါတယ်။ နောက်ဆုံးတော့ သတင်းရောက်လာပါတယ်။ သူ့ကိုတွေ့ထားပြီ။ ဆေးရုံလာခဲ့ပါတဲ့။

သူ့ကို အောက်မေ့သတိရတဲ့အထိမ်းအမှတ် ချိုးငှက်လွှတ်

ခရစ္စတိုဖာကို အောက်မေ့သတိရတဲ့အထိမ်းအမှတ် ချိုးငှက်လွှတ်
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာကို အောက်မေ့သတိရတဲ့အထိမ်းအမှတ် ချိုးငှက်လွှတ်

အယ်လီနာကို ခပ်မှောင်မှောင် အခန်းတစ်ခုထဲ ခေါ်သွားတယ်။ ပတ်ဝန်းကျင် အငွေ့အသက်က သိပ်ဆိုးတာပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကိုလာပြီး သတင်းစကား ပြောမပြကြဘူး။ နောက်ဆုံးတော့ စိတ်ညစ်ဒေါသထွက်ပြီး ဆေးရုံစင်္ကြန်လမ်းဘက်ထွက်လာခဲ့တယ်။ ဘယ်ကိုရယ်လို့ မရည်ရွယ်ဘဲ ထွက်လာရင်းက သူသွားရမယ့်နေရာကို ရောက်လာပါတယ်။

အဲဒီမှာ အကုန်တန်းစီနေကြပါတယ်။ “ကျွန်မအနားတိုးသွားလေ၊ သူတို့ခေါင်းငုံ့သွားလေပါပဲ။ ခရစ္စတိုဖာကတော့ အိပ်ပျော်နေတယ်။ ခါတိုင်းနဲ့ မတူတာဆိုလို့ မျက်မှန်မပါတာတခုပါပဲ။” သူ့နာမည်ကိုခေါ်ချင်လိုက်တာ။

ခါတိုင်းဆိုရင် သူက “ဟုတ်ကဲ့မေမေ၊ ကျွန်တော်ဘာမှ မဖြစ်ပါဘူး။ စိတ်ပူမနေပါနဲ့။ အဲဒါ ကျွန်တော်လုပ်တာမဟုတ်ဘူး မေမေ။ ကျွန်တော့်ကြောင့် မဟုတ်ဘူး” အဲသလိုတွေ ပြောမှာပါ။ အခုတော့ ဒါမျိုးတွေ ကြားရမှာ မဟုတ်တော့ဘူးဆိုတာ သူသိနေတယ်။

အယ်လီနာတို့ မိသားစုမှာ အဖြေမသိရတဲ့ ပုစ္ဆာတွေအများကြီး ရှိနေပါတယ်။ သူဘာလို့တံတားပေါ်က ခုန်ချသွားတာလဲ။ အခု သူ့အလောင်းမှာ တွေ့ရတဲ့ အဝတ်အစားတွေဟာ ဘာလို့ သူအိမ်ကထွက်သွားတုန်းက ဝတ်သွားတဲ့ အဝတ်အစားတွေ မဟုတ်ဘဲ တခြားအဝတ်အစားတွေ ဖြစ်နေရတာလဲ။ ခရစ္စတိုဖာ မြစ်ထဲကျသွားတဲ့အချိန် အနားမှာ လူဘယ်နှယောက်ရှိသလဲ။

သူ့သားသေဆုံးမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ ရဖို့ ခုနစ်လ စောင့်ရပါတယ်။သံသယတရားခံဟာ ခရစ္စတိုဖာကို လက်နှစ်ဖက်နဲ့ နောက်ကျောကနေ မြစ်ထဲတွန်းချခဲ့ကြောင်း ထင်ရှားတဲ့ သက်သေအထောက် အထားတွေ့ခဲ့ပါတယ်လို့ စီပီအက် တော်ဝင်တရားစွဲအဖွဲ့က စာထဲမှာ ရေးထားပါတယ်။

သူငယ်ချင်းနဲ့ မိသားစုတွေက သူ့ကိုသတိရတဲ့ စာတွေရေးထားတဲ့ ပူဖောင်းတွေ
ဓာတ်ပုံ ပုံစာ, သူငယ်ချင်းနဲ့ မိသားစုတွေက သူ့ကိုသတိရတဲ့ စာတွေရေးထားတဲ့ ပူဖောင်းတွေ

အဲသလိုတွန်းချတာဟာ ဥပဒေနဲ့ မညီဘူး။ အန္တရာယ်ရှိကြောင်းလည်း ထင်ရှားတယ်။ ဒါပေမဲ့ သက်သေအထောက်အထားတွေ အရ လူတစ်ယောက်ကို ဘေးအန္တရာယ်ကျရောက်အောင် အားထုတ်ဆောင်ရွက်တာ မဟုတ်ဘဲ၊ ဆင်ခြင်တုံတရားမဲ့တာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

တရားခံဟာ သူ့အသက်အရွယ်အရ ဒါကိုသိလောက်အောင် ရင့်ကျက်အသိဥာဏ်ရှိပြီး ကျောင်းပညာရေးမှတ်တမ်းလည်း ကောင်းမွန်သူဖြစ်ပါတယ်။ သံသယတရားခံဟာ အဆိုးဝါးဆုံးသင်ခန်းစာကို ဒီအတွေ့အကြုံကနေ ရခဲ့ပြီဖြစ်လို့ နောင်ဒါမျိုးမဖြစ်အောင် အလိုလိုဟန့်တားပြီး ဖြစ်ပါတယ်လို့ စာမှာ ရေးသားခဲ့ပါတယ်။

တရားမစွဲဖို့ ဆုံးဖြတ်တာဟာ သံသယတရားခံလူငယ်ရဲ့ အကျိုးစီးပွားကို အကောင်းဆုံးစဥ်းစားပြီး သူ့အနာဂတ်မှာ ဆိုးကျိုးတွေ ဆက်ဖြစ်မလာဖို့ ရည်ရွယ်ဆုံးဖြတ်တာပါလို့ စာထဲမှာရှင်းပြပါတယ်။

“ခရစ္စတိုဖာဟာ လူ့လောကထဲက မောင်းထုတ်ခံခဲ့ရပြီး တခြားလူတစ်ယောက်ရဲ့ အနာဂတ်ဟာ သူ့ဘဝထက် ပိုတန်ဖိုးရှိတယ်လို့ အပြောခံရတာကတော့ သိပ်နာကျင်ထိခိုက်ရပါတယ်ရှင်”လို့ အယ်လီနာက ဘီဘီစီကို ပြောပါတယ်။

သူတို့မိသားစုဟာ လန်ဒန်ကနေ ဝေလပြည်ကို ပြောင်းလာကာစကတည်းက အသားအရောင်ခွဲခြားဆက်ဆံခံခဲ့ရတယ်လို့ အယ်လီနာကဆိုပါတယ်။

ခရစ္စတိုဖာကို အောက်မေ့သတိရ အထိမ်းအမှတ်တက်လာတဲ့ သူ့မိသားစု
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာကို အောက်မေ့သတိရ အထိမ်းအမှတ်တက်လာတဲ့ သူ့မိသားစု

အမုန်းစကားရေးသားထားတဲ့ စာမျိုးကို သူလက်ခံရခဲ့တယ်။ သူ့ကလေးတွေကို သေးနဲ့အပန်းခံရတယ်။ တစ်ခါက ခရစ္စတိုဖာဟာ စျေးဆိုင်တစ်ဆိုင်မှာ ဝိုင်းတိုက်ခိုက်တာခံရပြီး သွေးချင်းချင်းနီပြီး အိမ်ပြန်လာဖူးတယ်လို့ သူကဆိုပါတယ်။

အခုခရစ္စတိုဖာအမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားတာတချို့ကိုလည်း သူ့စိတ်ထဲ မခံစားနိုင်အောင် ဖြစ်ရတယ်လို့ ဆိုပါတယ်။

“အသားအရောင်ခွဲခြားမှု ခေါင်းစဥ်ကိုအသုံးချလိုက်တာက ရွံစရာကောင်းတယ်၊ အရေးပေါ် ဆောင်ရွက်ချက်တွေအပေါ်မှာ လေးစားမှုလုံးဝမရှိတာပဲ၊ ကလေးအသက်ဆုံးရှုံးတာတော့ စိတ်မကောင်းပါဘူး။ သူ့နာရေး အတွက် လူတွေက သောင်းနဲ့ချီပြီး ကူငွေပို့ကြတာကို တစက်ကလေးမှတောင် ကျေးဇူးတင်ဖော်မရဘူး” လို့အမျိုးသမီးတစ်ယောက်က ရေးသားခဲ့ပါတယ်။

“ရေမကူးတတ်တဲ့ ကလေးကို ရေကူးသွားခွင့်ပေးလိုက်တဲ့ အမေရဲ့လုပ်ရပ်က ပိုပြီး စိုးရိမ်စရာကောင်းတယ်။ အဲဒီနေရာဟာ အသက်ကယ်သမားတွေ အဆင်သင့်စောင့်နေတဲ့ ရေကူးကန်မဟုတ်ဘူး” လို့လည်း တခြားတယောက်က ရေးထားပါတယ်။

“ကြားရတာစိတ်မကောင်းပါဘူး။ ဒါပေမဲ့ အသားအရောင်ခွဲခြားမှုကို အသုံးချတာကတော့ အပေါစားဆန်လွန်းပါတယ်။” လို့လည်း အမျိုးသားတစ်ယောက်က ဆိုပါတယ်။

အဲသလိုပြောကြတဲ့သူတွေဟာ မသိတဲ့သူတွေလည်း မဟုတ်ပါဘူး။ အယ်လီနာတို့ အနီးနားဝန်းကျင်က လူတွေပါပဲ။စာနာမှုကင်းမဲ့တဲ့ မှတ်ချက်တွေဟာ အယ်လီနာအတွက် နာလိုခံခက်ဖြစ်ခဲ့ပါတယ်။

ခရစ္စတိုဖာအတွက် တရားမျှတမှုရှာဖွေရေး ဦးဆောင်တောင်းဆိုသူ
ဓာတ်ပုံ ပုံစာ, ခရစ္စတိုဖာအတွက် တရားမျှတမှုရှာဖွေရေး ဦးဆောင်တောင်းဆိုသူ

သူဟာ အသက် ၁၃ နှစ်အရွယ်သားငယ်ဆုံးရှုံးထားရတဲ့ မိခင်တယောက်ပါ။ အဲဒီကလေးဟာ ကိုယ့်သား၊ ကိုယ်ညီ၊ ကိုယ့်တူများဖြစ်ခဲ့ရင် ဘယ်လိုနေမလဲလို့ တွေးကြည့်စမ်းပါ။ ကိုယ့်ကလေးသာဆိုရင် ဒါမျိုးဖြစ်တာ လက်ခံနိုင်မလား။

အယ်လီနာကို အသားအရောင်လူမျိုးခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့အစည်းဖြစ်တဲ့ မော်နီတာဂရုက ထောက်ခံအားပေးခဲ့ပါတယ်။ ဒါဟာ အသားအရောင်ခွဲခြားမှုခေါင်းစဥ်ကို အသုံးချတာမဟုတ်ဘူးလို့ အဖွဲ့ရဲ့ ဒါရိုက်တာ ဆာရေး ဂရုတ်ဗာက ဘီဘီစီကို ပြောပါတယ်။

“တကယ်လို့ အဲဒီအုပ်စုထဲမှာ ခရစ္စတိုဖာဟာ တစ်ဦးတည်းသော လူဖြူလူငယ်တယောက်သာ ဖြစ်ခဲ့ရင် ရဲအဖွဲ့က မတော်တဆအဖြစ်အပျက်ပါလို့ ၂၄ နာရီအတွင်း မြန်မြန်ဆန်ဆန် ကောက်ချက်ချမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

ခရစ္စတိုဖာ မိသားစုက တရားခံကို တရားမစွဲဘူးလို့ဆုံးဖြတ်ထားတဲ့ စီပီအက်စ် တော်ဝင်တရားစွဲအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ ပြောထားပါတယ်။ အခုအချိန်မှာ အဖြေကို စောင့်ဆိုင်းနေဆဲပါ။

တရားရေးစရိတ်အတွက် အလှူခံတဲ့ စာမျက်နှာတစ်ခုမှာ အလှူငွေ ပေါင်နှစ်သောင်းနီးပါးရပါပြီ။ ခရစ္စတိုဖာအတွက် တရားမျှတမှုကို တောင်းဆိုလက်မှတ်ထိုးကြသူတွေက လူပေါင်း ငါးသောင်းရှိပါတယ်။