ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာတိတ်စက်ဝိုင်းထဲ ဒီဇယ်ဆီဖိတ်စဥ်မှု ရုရှား အရေးပေါ် အခြေအနေကြေညာ
အာတိတ်စက်ဝိုင်း ဧရိယာထဲက မြစ်တစ်စင်းမှာ ဒီဇယ်ဆီ တန်နှစ်သောင်း ယိုစိမ့် မျောပါသွားတဲ့အတွက် ရုရှားသမ္မတ ပူတင်က အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ဒီဇယ်ဆီတွေ ဖိတ်စဥ်မှုဟာ သောကြာနေ့တုန်းက နာရိစ်ခ်မြို့နားက ဓာတ်အားပေးစက်ရုံတစ်ရုံမှာ လောင်စာဆီကန် ပြိုလဲကျမှုကနေ ဖြစ်ခဲ့တာပါ။
ဖိတ်ကျယိုစိမ့်လာနေတဲ့ လောင်စာဆီတွေဟာ မတော်တဆ ဖြစ်ခဲ့တဲ့နေရာကနေ ခုနစ်မိုင်ခွဲလောက်အထိ မျောပါနေပါတယ်။ အဲဒါကြောင့် ဆီတွေမျောပါနေတဲ့ အမ်ဘန်နာယာ မြစ်ထဲမှာ ကြက်သွေးရောင် စီးကြောင်းတွေ ပေါ်လာပါတယ်။
အရေးပေါ်အခြေအနေကြေညာလိုက်တယ်ဆိုတာက အဲဒီနေရာမှာ ကူညီ ရှင်းလင်းရေးလုပ်ငန်းအတွက် တပ်ဖွဲ့တွေ ထပ်ပို့ဖို့ ဖြစ်ပါတယ်။
ဒီလို ဖြစ်ပျက်ခဲ့တာကို နှစ်ရက်ကြာပြီးမှ သိရတဲ့အတွက် တာဝန်ရှိသူတွေကို သမ္မတက စိတ်ဆိုးဒေါသထွက်နေပါတယ်။
ဒီစက်ရုံကို နော်ရိစ်ခ် နစ်ကယ် Norilsk Nickel လုပ်ငန်းက ပိုင်ဆိုင်တာ ဖြစ်ပြီး အဲဒီ လုပ်ငန်းက ကမ္ဘာ့ထိပ်တန်း နီကယ်နဲ့ ပလေဒီယမ် သတ္တု ထုတ်လုပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က လုပ်တဲ့ ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ ကုမ္ပဏီရဲ့ တုံ့ပြန်ဆောင်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီ အကြီးအကဲကို မစ္စတာ ပူတင်က အပြင်းအထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
"ဒီအခြေအနေတွေကို ဘာလို့ နှစ်ရက်ကြာမှ အစိုးရ ဌာနတွေက သိရတာလဲ။ အရေးပေါ်အခြေအနေတွေဖြစ်နေတာကို ဆိုရှယ်မီဒီယာကနေမှ သိရတော့မှာလား" လို့ ကုမ္ပဏီ အရာရှိ ဆာဂေး လီပင်းကို ပူတင်က မေးခွန်းထုတ်ပါတယ်။
ဒီဇယ်ဆီ ယိုဖိတ်မှုကို ဆိုရှယ်မီဒီယာတွေမှာ သတိပေးတဲ့ သတင်းတွေ တက်လာပြီးနောက်ပိုင်း တနင်္ဂနွေနေ့မှ သိရတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန္ဒား အပ်စ်က သမ္မတပူတင်ကို အစောပိုင်းက ပြောခဲ့ပါတယ်။
ဒီယိုဖိတ်မှုကြောင့် စတုရန်း ၁၃၅ မိုင် ညစ်ညမ်းကုန်တယ်လို့ အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။
ဒီမတော်တဆမှုကို စုံစမ်း စစ်ဆေးဖို့ မစ္စတာပူတင်က အမိန့်ပေးထားပြီး ဓာတ်အားပေးစက်ရုံ မန်နေဂျာကို အဲဒီ အချိန်ကတည်းက ထိန်းသိမ်းထားပါတယ်။
နော်ရိစ်ခ် နစ်ကယ်က ထုတ်ပြန်ချက်မှာတော့ ဒီဖြစ်စဥ်ကို အချိန်နဲ့တပြေးညီ သင့်လျော်တဲ့နည်းလမ်းနဲ့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီမတော်တဆမှုဟာ လောင်စာဆီ သိုလှောင်ကန်တစ်ခုရဲ့ ထောက်တိုင်တွေ ကျွံဝင်သွားရာကနေ ဖြစ်ခဲ့တာပါ။
အဲဒီနေရာဟာ ရေခဲမှတ်အောက် အမြဲအေးတဲ့ မြေလွှာပေါ်မှာ တည်ဆောက်ထားပြီး ရာသီဥတု ပူနွေးလာတာနဲ့အမျှ မြေလွှာတွေပျော်ကျလာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
အခု အဖြစ်အပျက်ဟာ ခေတ်သစ်ရုရှား သမိုင်းမှာ ပမာဏအားဖြင့် ဒုတိယအများဆုံး မတော်တဆမှု ဖြစ်ဖွယ်ရှိတယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့က ပညာရှင် တစ်ယောက်က အေအက်ဖ်ပီ သတင်းအေဂျင်စီကို ပြောပါတယ်။
ဘယ်လိုရှင်းလင်းနိုင်မလဲ
မှောက်ကျခဲ့တဲ့ ပမာဏနဲ့ မြစ်ရဲ့ ပထဝီဝင် အနေအထားအရ သန့်ရှင်းရေးလုပ်ဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒီဖြစ်စဥ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကြီးကြီးမားမား သတိပေးလိုက်ပါတယ်။
ဒီဖြစ်စဥ်ကို ၁၉၈၉ ခုနှစ်က အလက်စကားမှာ ဖြစ်ခဲ့တဲ့ အက်စန် ဗယ်လ်ဒီးဇ် Exxon Valdez ဘေးအန္တရာယ်ကျရောက်မှုနဲ့ ဂရင်းပိစ်အဖွဲ့က နှိုင်းယှဥ်ခဲ့ပါတယ်။
အာတိတ်ဇုန်ထဲမှာ ဒီလို မတော်တဆမှုမျိုး မဖြစ်ဖူးဘူးလို့လည်း ရုရှား သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့ Rosprirodnadzor ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်ဟောင်းက ပြောပါတယ်။
ဒီယိုစိမ့်မှုကို ရှင်းလင်းဖို့ အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ငါးရာလောက်ကုန်ကျပြီး အချိန် ငါးနှစ်ကနေ ၁၀ နှစ်လောက် ကြာလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။
အခု လောင်စာဆီ ယိုဖိတ်မှုဟာ နော်ရိစ်ခ် နစ်ကယ်အတွက် ပထဆုံးတော့ မဟုတ်ပါဘူး။
၂၀၁၆ ခုနှစ်တုန်းကလည်း စက်ရုံနားက မြစ်ရေတွေ နီကုန်တာမှာ သူတို့ စက်ရုံတစ်ရုံက မတော်တဆမှုကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီ ဖိတ်ကျနေတဲ့ လောင်စာဆီတွေကို မီးရှို့ဖျက်ဆီးပစ်တဲ့နည်းကို သဘောမတူဘူးလို့ ရုရှား သဘာဝရင်းမြစ် ဝန်ကြီး ဒီမစ်ထရီ ကော်ဘျဲကီးန်က ပြောပါတယ်။
ဒီလောင်စာဆီတွေကို ဓာတုပစ္စည်းတွေသုံးပြီး အားပျော့ ဖြိုခွဲရှင်းလင်းတဲ့နည်းကို သုံးဖို့ အဆိုပြုထားပါတယ်။
သူပြောတဲ့နည်းကို သုံးမယ်ဆိုရင် စစ်တပ်အကူအညီနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဌာနကပဲ လုပ်နိုင်မယ်လို့ ဆိုပါတယ်။
အမ်ဘန်နာယာမြစ်က တိမ်လွန်းတဲ့အတွက် ရေယာဥ်တွေနဲ့ လိုက်ခပ်ပြီး ဆယ်ယူရေးက မဖြစ်နိုင်ဘူးလို့ သူက သတိပေးပါတယ်။
အနီးအနားက လွင်ပြင်ပေါ်ကို ဆီတွေ စုပ်ထုတ်ဖို့ သူက အကြံပေးပါတယ်။
သမ္မတ ပူတင်ကလည်း အဲဒီနေရာက မြေကြီးတွေဟာ လောင်စာတွေနဲ့ ပျော်ဝင်ပြီးနေလောက်ပြီလို့ ပြောပါတယ်။