ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှု သံသယ တရားခံ ဖလီစီယန် ကဘူဂါကို ဖမ်းမိ

ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အလိုအရှိဆုံး သံသယ တရားခံတယောက်ဖြစ်တဲ့ ဖလီစီယန် ကဘူဂါကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီးမှာ ဖမ်းမိခဲ့ကြောင်း ပြင်သစ် တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ပဲရစ်မြို့လယ်ကနေ အနောက်မြောက်ဘက် ၅ မိုင်လောက်အကွာ စိန်းမြစ်ကမ်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အန်ညားဆော့စိန်းအရပ်မှာ သူဟာ နာမည်ဝှက်နဲ့ နေထိုင်နေတာကို အရန်ရဲတပ်ဖွဲ့က သိရှိဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အခုအခါ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူ့ကို ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားတရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်က တွတ်စီ လူမျိုးပေါင်း ၈ သိန်းကို ဟူတူအစွန်းရောက်တွေက သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်မှာ ဖလီစီယန် ကဘူဂါဟာ အဓိက ဘဏ္ဍာငွေပံ့ပိုးသူ အဖြစ် အစွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ဟူတူအစွန်းရောက်တွေဟာ လူနည်းစု တွတ်စီတွေနဲ့ သူတို့ရဲ့ နိုင်ငံရေး အတိုက်အခံတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ပါတယ်။

ဖလီစီယန် ကဘူဂါကို ဖမ်းမိရင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သန်းချီးမြှင့်မယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

ဖလီစီယန် ကဘူဂါကို ပူးပေါင်းစုံစမ်းစစ်ဆေးမှုတွေ နေရာအများအပြားမှာ လုပ်ခဲ့သလို တပြိုင်တည်း ရှာဖွေမှုတွေကိုပါ လုပ်ပြီး စနေနေ့က ဖမ်းဆီးမိခဲ့တာလို့ သည်ဟိတ်ဂ်မြို့မှာ ရုံးစိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုခင်းလက်ကျန်များဖြေရှင်းရေး တရားရုံးရဲ့ တရားလိုရှေ့နေချုပ် ဆာ့ခ်ျဘရမ်းမတ်ဇ်ကပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုခင်းလက်ကျန်များ ဖြေရှင်းရေး တရားရုံးဟာ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့ရဲ့ မပြီးပြတ်သေးတဲ့ တရားရေးဆိုင်ရာ အလုပ်တွေကို ဆက်လက် လုပ်ဆောင်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ တရားရုံးဖြစ်ပါတယ်။

ဖလီစီယန် ကဘူဂါကို အခုလိုဖမ်းဆီးလိုက်နိုင်တာက လူမျိုးတုံးသတ်ဖြတ်မှုတခုအတွက် တာဝန်ရှိသူတယောက်ဟာ ၂၆ နှစ်ကြာ ပုန်းရှောင်ခဲ့တဲ့တိုင်အောင် မလွတ်မြောက်နိုင်သေးဘူးဆိုတာကို သတိပေးလိုက်တာပဲလို့ တရားလိုရှေ့နေချုပ် ဆာ့ခ်ျဘရမ်းမတ်ဇ်ကဆိုပါတယ်။