လူမျိုးတုံးသတ်ဖြတ်မှုကို သေးသိမ်အောင်လုပ်မှုနဲ့ ဖမ်းခံရတဲ့ အတိုက်အခံ ပြန်လွတ်လာ

ရဝမ်ဒါနိုင်ငံမှာ အကြမ်းဖက်မှု အပါအဝင် တခြားပြစ်မှုတွေနဲ့ ထောင် ၁၅ နှစ် ကျနေတဲ့ အတိုက်အခံ ခေါင်းဆောင် ဗစ်တွား အင်ဂါဘီကို သမ္မတ ပေါလ် ကာဂါမီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

သူနဲ့အတူ တခြား အကျဉ်းသား ၂၀ဝ၀ ကျော်လည်း လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။

အခု လွတ်မြောက်လာတဲ့ ရဝမ်ဒါက ထင်ရှားတဲ့ အတိုက်အခံ Victoire Ingebire ဟာ FDU Inkingi ပါတီ က ဖြစ်ပြီး နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်မှု ၊ ၁၉၉၄ လူမျိုးတုံး သတ်ဖြတ်မှုကို သေးနုပ် သိမ်ငယ် သွားအောင် လုပ်မှု စတဲ့ အမှုကိစ္စတွေနဲ့ ထောင် ၁၅နှစ် ပြစ်ဒဏ် ချခံထားရတာ ဖြစ်ပါတယ်။

သူဟာ သမ္မတ ပေါလ် ကာဂါမီ ကို ထိပ်ဆုံးက ဝေဖန်သူ ဖြစ်ပြီး သူ့အပေါ် ပြစ်ဒဏ် ချမှတ်တာဟာ နိုင်ငံရေး ပယောဂ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

မစ္စတာ ကာဂါမီဟာ နိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အပေါ် ချီးမွမ်း ခံနေရပေမယ့် လူ့အခွင့်အရေး ကိစ္စမှာတော့ စွပ်စွဲ ပြောဆို ခံနေရပါတယ်။

ဒါပေမယ့် သူဟာ မနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၉၈.၈ % နဲ့ တတိယ အကြိမ် သမ္မတ အဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်ခံရပေမယ့် ဒီရွေးကောက်ပွဲဟာ အစစ်အမှန် မဟုတ်ဘူးလို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

စက်တင်ဘာ လဆန်းမှာ ကျင်းပခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲမှာတော့ Democratic Green ပါတီ က အတိုက်အခံ ကိုယ်စားလှယ် နှစ်ယောက် ပထမဆုံး အကြိမ် လွှတ်တော် အမတ်နေရာ ရခဲ့ပါတယ်။

ရဝမ်ဒါမှာ အစိုးရရဲ့ ကတ်ဘိနက် အစည်းအဝေး ကျင်းပပြီးနောက်မှာ အကျဉ်းသား အယောက် ၂၁၄၀ နဲ့ အတိုက်အခံ ခေါင်းဆောင် မစ္စစ် အင်ဂါဘီ တို့ကို ပြန်လွှတ်ပေးဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် အခုလို လွှတ်ပေးသလဲ ဆိုတာ မကြေညာခဲ့ပေမယ့် သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရလို့ ဆိုပါတယ်။

အခုလို လွတ်လာတဲ့ မစ္စစ် အင်ဂါဘီက သမ္မတကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး သူ လွတ်လာတာဟာ ရဝမ်ဒါ နိုင်ငံရေး လမ်းပွင့်မှုရဲ့ အစဖြစ်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ရဝမ်ဒါ တရားရေး ဝန်ကြီးကတော့ ဒီလို ပြန်လွှတ်ဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီလို လွှတ်လာတဲ့ အထဲမှာ သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုနဲ့ ထောင် ၁၀ နှစ်ကျနေတဲ့ နာမည်ကျော် ဂီတ ပညာရှင် ကီဇီးတိုး မီဟီးဂိုး လည်း ပါဝင် ပါတယ်။