ကိုဗစ်ကာကွယ်ရေး ပြင်းထန်တဲ့ဆောင်ရွက်ချက်တွေက ဗီယက်နမ်ကို အောင်မြင်စေခဲ့သလား

ရောဂါအသစ်ကူးစက်မှုတွေကို မတွေ့ရတော့တဲ့ အတွက် ဗီယက်နမ်မှာ ပိတ်ဆို့မှုတွေကို စတင်ဖွင့်လှစ်

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

ဓာတ်ပုံ ပုံစာ, ရောဂါအသစ်ကူးစက်မှုတွေကို မတွေ့ရတော့တဲ့ အတွက် ဗီယက်နမ်မှာ ပိတ်ဆို့မှုတွေကို စတင်ဖွင့်လှစ်

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ရှည်ရှည်လျားလျား ထိစပ်နေတဲ့အပြင် လူဦးရေ ၉၇ သန်းတောင်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူ ၃၀၀ ကျော်ပဲရှိပြီး သေတဲ့သူ တယောက်မှ မရှိပါဘူး။

တလကြာတဲ့အထိ နောက်ထပ် အသစ်ကူးစက်မှု ဖြစ်မလာတဲ့အတွက် အခုအခါမှာ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်နေပါပြီ။

အမြောက်အမြားကူးစက်၊ အမြောက်အမြားသေဆုံးနေတဲ့ တခြားနိုင်ငံတွေနဲ့ မတူတဲ့အချက်က ကြိုကြိုတင်တင် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလေးဟာ သိုးကာသီကာမျှသာရှိတာကို ဗီယက်နမ်ကမြင်ပြီး အဲဒီအခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ခဲ့တဲ့ အချက်ပါပဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဗီယက်နမ်နည်းဟာ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုလည်း ရှိပေမယ့် လူအင်အားအများအပြား အသုံးပြုခဲ့ရပါတယ်။ ဗီယက်နမ်ရဲ့ အောင်မြင်မှုနဲ့ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ကတော့ နိုင်ငံတော်တော်များများအတွက်က အချိန်နောက်ကျသွားပါပြီ။

အစွန်းရောက်ပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ဆောင်ရွက်ချက်များ

“အသစ်အဆန်းဖြစ်ပြီး အန္တရာယ်ကြီးတဲ့ ဒီလိုဗိုင်းရပ်စ်မျိုးကို ရင်ဆိုင်တဲ့အခါ ပိုပိုသာသာ လုပ်တာကောင်းတယ်”လို့ ဟနွိုင်းမြို့မှာ ဗီယက်နမ်နဲ့ ကျန်းမာရေး တွဲဖက်ဆောင်ရွက်တဲ့ ဟားဗတ်တက္ကသိုလ်အဖွဲ့က ဒေါက်တာ တော့ဒ်ပေါလတ်ကဆိုပါတယ်။

ဗီယက်နမ်ကို ကိုဗစ်-၁၉ ရောက်လာရင် ရောဂါပြန့်ပွားမှု သိပ်မဆိုးဝါးရင်တောင် သူတို့ရဲ့ကျန်းမာရေးစနစ်က တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်ထားတဲ့အတွက် ကြိုတင်ကာကွယ်တာက အကောင်းဆုံး၊ တင်းတင်းကျပ်ကျပ် ကာကွယ်တာက အကောင်းဆုံးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလဆန်းက ဗီယက်နမ်မှာ ကူးစက်သူ တယောက်မှ မရှိသေးပါဘူး။

ဝူဟန်မှာတောင် သေတဲ့သူ ၂ ယောက်ပဲရှိပါသေးတယ်။ အဲဒီအချိန်ကတည်းက ဗီယက်နမ်ဟာ ထူးဆန်းတဲ့ နမိုးယားဆန်ဆန်ရောဂါသစ်အတွက် ပြတ်သားတဲ့ ကြိုတင် ကာကွယ်တားဆီးမှုစီမံကိန်းကို စတင်ခဲ့ပါတယ်။

ဗီယက်နမ်မှာ ပညာပေးမှု အများအပြားဆောင်ရွက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်မှာ ပညာပေးမှု အများအပြားဆောင်ရွက်ခဲ့

ဇန်နဝါရီလ ၂၃ ရက်နေ့က ဗီယက်နမ်မှာ ပထမဆုံး ရောဂါကူးစက်သူတဦးကို စတင် တွေ့ခဲ့ပါတယ်။ ဟိုချီမင်းမြို့မှာရှိတဲ့ သားဆီကို ဝူဟန်ကတဆင့်ဖြတ်ပြီး အလည်သွားသူ ဖခင်တယောက်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ရောဂါဖြစ်သူ ၁ ယောက်စတွေ့တာနဲ့ ဗီယက်နမ်ဟာ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ အရေးပေါ် စီမံကိန်းကို ချက်ချင်း အသက်သွင်း အကောင်အထည်ဖော်လိုက်ပါတယ်။

“အလွန် လျင်လျင်မြန်မြန်နဲ့ ချက်ချင်း တုံ့ပြန်ဆောင်ရွက်လိုက်တာကို ကြည့်ရင် အဲဒီအချိန်မှာတုန်းကတော့ သိပ်အစွန်းရောက်တယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောင်မှာတော့ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဆိုတာ ပေါ်လွင်လာပါတယ်” လို့ ဟိုချီမင်းမြို့အခြေစိုက် အောက်စဖို့တက္ကသိုလ် ကျန်းမာရေး သုတေသနဌာနရဲ့ ဒါရိုက်တာ ပါမောက္ခဂိုင်းထွိတ်က ဆိုပါတယ်။ သူတို့ သုတေသနအဖွဲ့ဟာ အစိုးရနဲ့ ပူးတွဲပြီး ကူးစက်ရောဂါတားဆီးရေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ လနဲ့ချီ ဆောင်ရွက်ပြီးမှ အကောင်အထည်ဖော်နိုင်တဲ့ ခရီးသွားလာမှု ကန့်သတ်တာ၊ ရောဂါကူးစက်ပြန့်ပွားမှုကို အနီးကပ် စောင့်ကြည့်တာ၊ တရုတ်နဲ့ နယ်စပ်ကိုပိတ်တာ၊ နယ်စပ်တလျှောက်နဲ့ အရေးကြီးတဲ့နေရာတွေမှာ ကျန်းမာရေးစစ်ဆေးမှု လုပ်တာတွေကို ဗီယက်နမ်က ချက်ချင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီလကုန် တရုတ်နှစ်သစ်ကူး မတိုင်ခင်ကတည်းက ကျောင်းတွေကို မေလလယ်အထိ တခါတည်း ပိတ်ပစ်လိုက်ပါတယ်။ ရောဂါကူးစက်သူ ရှာဖွေ နောက်ယောင်ခံရေး အတွက် လူအင်အား အများအပြား သုံးပြီး စစ်ဆင်ရေး တခုလို ဆောင်ရွက်ခဲ့ပါတယ်။

“ဗီယက်နမ်ဟာ ရောဂါကပ်ဘေးကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးတဲ့ နိုင်ငံပါ”လို့ပါမောက္ခထွိတ်က ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ ဆားစ်နဲ့ ကြက်တုပ်ကွေး၊ ၂၀၁၀ မှာ ဝက်သက်နဲ့ သွေးလွန်တုပ်ကွေး တိုက်ဖျက်မှုတွေ ဆောင်ရွက်ခဲ့ဖူးပါတယ်။

ပြည်ပလေဆိပ်ကပြန်လာသူတွေကို ဘတ်စ်ကားနဲ့ ကွာရန်တင်းစင်တာတန်းပို့

ဓာတ်ပုံ ရင်းမြစ်, ANH PHONG

ဓာတ်ပုံ ပုံစာ, ပြည်ပလေဆိပ်ကပြန်လာသူတွေကို ဘတ်စ်ကားနဲ့ ကွာရန်တင်းစင်တာတန်းပို့

“အစိုးရရော ပြည်သူရောဟာ ကူးစက်ရောဂါ တိုက်ဖျက်နှိမ်နင်းရေး အတွေ့အကြုံမှာ ချမ်းသာတဲ့ နိုင်ငံကြီးတွေထက် အတွေ့အကြုံ အများအပြားရှိခဲ့ပြီး အလေးအနက်လည်း ထားကြတယ်။ ဘယ်လို တုံ့ပြန်ဆောင်ရွက်ရမယ်ဆိုတာကိုလည်း နားလည်ကြတယ်”လို့လည်း ပါမောက္ခထွိတ်က ဆိုပါတယ်။

မတ်လလယ်လောက်မှာ နိုင်ငံခြားက ဝင်လာသူမှန်သမျှနဲ့ ပြည်တွင်းမှာ ရောဂါရှိသူနဲ့ ထိတွေ့သူ မှန်သမျှကို အစိုးရက ၁၄ ရက် သီးခြားခွဲခြားထားရှိခဲ့တယ်။

သီးခြားခွဲခြားဌာန ကွာရန်တင်းစင်တာတွေဟာလည်း အကောင်းစားတွေ မဟုတ်ခဲ့ပေမယ့် ကုန်ကျစရိတ် အများစုကို အစိုးရကပဲ ကျခံခဲ့တယ်။

ဗီယက်နမ်ဟာ အလုံခြုံဆုံးနေရာလို့ ယူဆပြီး သြစတြေးလျကနေ လေယာဉ်နဲ့ ပြန်လာတဲ့ အမျိုးသမီးတယောက်က “ပထမညတုန်းကဆိုရင် ဖျာတချပ်ပဲရှိတယ်။ ခေါင်းအုံးနဲ့ စောင်တောင် မရှိဘူး”လို့ ဘီဘီစီ ဗီယက်နမ်ဌာနကို ပြောပြခဲ့တယ်။ ပူအိုက်တဲ့အခန်းထဲမှာ ပန်ကာတောင် မရှိပါဘူးလို့ဆိုတယ်။

လက္ခဏာမပြသူများကိုကြိုတင်ကာကွယ်

ရောဂါပိုးကူးစက်သူတွေရဲ့ တဝက်လောက်ဟာ လက္ခဏာမပြတဲ့ အတွက် သံသယရှိသူ အများအပြားကို သီးခြားခွဲခြား ထားရှိမှုဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ပါမောက္ခထွိတ်က ဆိုပါတယ်။

ကွာရန်တင်းစင်တာတွေမှာ နေထိုင်ရေးက အမြဲတမ်း ပြည့်စုံကောင်းမွန်ဖို့ မလွယ်ပေမဲ့ လိုအပ်တဲ့ ခွဲခြားထားရှိမှုတွေကိုတော့ လုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Lan Anh

ဓာတ်ပုံ ပုံစာ, ကွာရန်တင်းစင်တာတွေမှာ နေထိုင်ရေးက အမြဲတမ်း ပြည့်စုံကောင်းမွန်ဖို့ မလွယ်ပေမဲ့ လိုအပ်တဲ့ ခွဲခြားထားရှိမှုတွေကိုတော့ လုပ်ခဲ့

သီးခြားခွဲ ကွာရန်တင်း လုပ်ထားသူ မှန်သမျှကို ဖျားသည်ဖြစ်စေ၊ မဖျားသည်ဖြစ်စေ ပိုးရှိမရှိ စစ်ဆေးခဲ့ပါတယ်။ တကယ်လို့ စစ်ဆေးမှုသာ မလုပ်ခဲ့ရင် ဗီယက်နမ်မှာ ပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့သူတွေရဲ့ ၄၀ ရာနှုန်းလောက်ဟာ သူတို့မှာ ပိုးရှိမရှိဆိုတာကို ဘယ်တော့မှ သိကြမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်ထားသူတွေကို ထိန်းချုပ်ဖို့ဆိုရင် ဗီယက်နမ်လုပ်တဲ့နည်းဟာ တခုတည်းသောနည်းလမ်းပါ”လို့လည်း ပါမောက္ခထွိတ်ကဆိုပါတယ်။

“သူတို့ကိုသာ ပိတ်လှောင်ထိန်းချုပ်မထားရင် သူတို့ဟာ နေရာအနှံလျှောက်သွားပြီး ရောဂါဟာ အဲသလိုနည်းနဲ့ ပျံ့နှံ့ကုန်မှာပဲ”လို့လည်း သူကဆိုပါတယ်။

ဘာ့ကြောင့်တယောက်မှ ကိုဗစ်-၁၉ ကြောင့်သေဆုံးတာ မရှိခဲ့သလဲဆိုတဲ့ အချက်ကို သူက အခုလိုရှင်းပြပါတယ်။

ပြည်ပကနေ ဗီယက်နမ်ကို ပြန်လာသူ အများစုဟာ ကျောင်းသားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ၊ စီးပွားရေးသမားတွေ ဖြစ်ကြတဲ့ အတွက် သူတို့အများစုဟာ ငယ်ရွယ်ပြီး ကျန်းမာတဲ့သူတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့်သူတို့ဟာ သူတို့ရောဂါကို သူတို့ဘာသာ တိုက်ဖျက်နိုင်ကြပါတယ်။

သူတို့ဟာ သူတို့ရဲ့ သက်ကြီးရွယ်အို ဆွေမျိုးသားချင်းတွေကို အန္တရာယ်မဖြစ်စေချင်ကြပါဘူး။ အဲဒီတော့ အစိုးရဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးပစ္စည်းတွေကို အားနည်းတဲ့လူနည်းစုအတွက် အာရုံစူးစိုက်ထောက်ပံ့နိုင်ခဲ့ပါတယ်။

ဗီယက်နမ်မှာ နိုင်ငံလုံးကျွတ် ပိတ်ဆို့မှု လော့ဒေါင်းမလုပ်ခဲ့ရပေမယ့် ဒေသအလိုက် ကွက်ပြီး အရေးပေါ်ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလထဲမှာ ဟနွိုင်း မြောက်ဘက် ဆန်လွိုင်းမှာ လူလေးလက်တဆုပ်စာ ရောဂါကူးစက်တာကို တွေ့တာနဲ့ အနီးအနားမှာ နေထိုင်သူ လူတသောင်းကျော်ကို ပိတ်ဆို့ပစ်လိုက်ပါတယ်။

မြို့တော်အနီးနား ဟလွိုင်းရပ်ကွက်က လူပေါင်း ၁၁၀၀၀ နဲ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ ကိုလည်း အလားတူပဲ ဆောင်ရွက်ခဲ့ပါတယ်။

နှစ်ပတ်အတွင်းမှာရောဂါကင်းရှင်းကြောင်း မသေချာမချင်း ဘယ်သူတဦးတယောက်ကိုမှ ဝင်ခွင့်ထွက်ခွင့် မပေးခဲ့ပါဘူး။

တကယ်လို့ ပိုးအသစ်တွေ့ခဲ့ရင် အဲသလို ဒေသတခုချင်း ပိတ်ဆို့မှုကို အစက ပြန်လုပ်ပါတယ်။ အဲသလို ဆောင်ရွက်တဲ့အတွက် ဗီယက်နမ်ဟာ နေရာအနှံ့အပြားမှာ အမြောက်အမြား စစ်ဆေးစမ်းသပ်မှုတွေ လုပ်စရာမလိုဘဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အစပိုင်းတုန်းကတော့ ဒါဟာ စွန့်စားမှုများတဲ့ ဗျူဟာပဲလို့ ထင်ခဲ့ကြောင်း ပါမောက္ခထွိတ်က ဆိုပါတယ်။ ဒါပေမယ့်လက်တွေ့ဆောင်ရွက်တဲ့အခါ အောင်မြင်မှု ရခဲ့ပါတယ်။

“ရောဂါရှိသူတွေကို သီးခြားခွဲပြီး ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့လို့ပါ” လို့ဆိုပါတယ်။

အများပြည်သူအတွက် သတင်းစကား

ဒီလိုဗျူဟာအောင်မြင်ဖို့အတွက် အဓိကကျတဲ့အချက်က ပြည်သူလူထုပူးပေါင်း ပါဝင်မှု ဖြစ်ပါတယ်။

အစိုးရဟာ ပြည်သူလူထုနဲ့ ကောင်းကောင်း ဆက်သွယ် ရှင်းပြပြီး ပူးပေါင်းမှု ရအောင်လုပ်နိုင်ခဲ့ပါတယ်လို့ ဒေါက်တာ ပေါလတ်ကဆိုပါတယ်။

ရောဂါစတင်ဖြစ်ပွားချိန်မှာ အများပြည်သူတွေ အနေနဲ့ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာကို မိုဘိုင်းဖုန်းတိုင်းကို မက်ဆေ့ခ်ျပို့ ပညာပေးခဲ့ပါတယ်။ စစ်ပွဲကာလတုန်းက ဓာတ်ပုံတွေနဲ့ အဲဒီတုန်းကသုံးခဲ့တဲ့ “ဘုံရန်သူကို တိုက်ခိုက်ကြ”ဆိုတဲ့ ကြွေးကြော်သံတွေကို ဗီယက်နမ်က အခုကပ်ရောဂါကို လူတွေ သတိရှိရေး အတွက် ပြန်လည် အသုံးပြုခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ပညာပေးသီချင်း

ရန်သူကို နှိမ်နင်းဖို့အတွက် လူ့အဖွဲ့အစည်းဟာ အတူတကွ ဆောင်ရွက်ကြရမယ်ဆိုတဲ့ အသိအမြင်ကို အဲသလိုနည်းနဲ့ ရရှိစေခဲ့တယ်လို့ ဒေါက်တာပေါလတ်က ဆိုပါတယ်။

ဗီယက်နမ်အစိုးရက အမိန့်အာဏာသုံးပြီး ညွှန်ကြားခဲ့တာ ဖြစ်ပေမယ့် ဒါဟာ အစိုးရအနေနဲ့ သူတို့တတ်နိုင်သမျှ ဆောင်ရွက်နေတာဖြစ်ပြီး အောင်မြင်မှုလည်း ရနေတာကို မြင်ရသလို အများပြည်သူကို ကာကွယ်ဖို့အတွက် ဘာမဆို လုပ်ဆောင်နေတာပဲ ဆိုတာကို သိတဲ့အတွက် လူတွေဟာ နာခံခဲ့ကြတယ်လို့လည်း ဒေါက်တာပေါလတ်က ဆိုပါတယ်။

ဗီယက်နမ်ကိန်းဂဏန်းတွေဟာ ယုံကြည်လောက်ရဲ့လား

အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ အံအားသင့်လောက်အောင် နည်းလွန်းလှတဲ့အတွက် တိကျမှုရှိရဲ့လားလို့ မေးခွန်းထုတ်တာတွေရှိပါတယ်။

ဒါပေမယ့် ဆေးပညာအသိုင်းအဝိုင်း၊ သံတမန် အသိုင်းအဝိုင်းတွေဆီက သဘောထားတွေကို ကောက်ယူကြည့်ရာမှာ သံသယဖြစ်စရာ မရှိဘူးလို့ အများက ဆိုကြပါတယ်။

ပါမောက္ခထွိတ်ရဲ့အဖွဲ့ဟာ အဓိက ကူးစက်ဆေးရုံကြီးမှာ အခြေချ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ “တကယ်လို့ သတင်းမထုတ်ပြန်တဲ့ ရောဂါသည်တွေ၊ ရောဂါမဖော်ထုတ်နိုင်တဲ့ လူနာတွေ၊ အစိုးရ မသိလိုက်တဲ့ လူနာတွေရှိခဲ့ရင် အဲဒီလူတွေကို ဆေးရုံမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသလို မတွေ့ခဲ့ရပါဘူး”လို့ ပါမောက္ခထွိတ်က ဆိုပါတယ်။

သူတို့အဖွဲ့အနေနဲ့ စမ်းသပ်မှုပေါင်း ၂ သောင်းနီးပါး လုပ်ခဲ့ပါတယ်။ သူတို့ရတဲ့အဖြေဟာ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့ ကိုက်ညီတယ်လို့ဆိုပါတယ်။ “တကယ်လို့ အစိုးရမသိလိုက်တဲ့ ရောဂါသည်များရှိခဲ့ရင် အဲဒါဟာ ရောဂါလက္ခဏာ မပြလို့ပဲ ဖြစ်ရမယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်”လို့ သူက ဆိုပါတယ်။

အချင်းချင်း စောင့်ကြည့် သတင်းပို့ စနစ်သုံးပြီး ရောဂါထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အချင်းချင်း စောင့်ကြည့် သတင်းပို့ စနစ်သုံးပြီး ရောဂါထိန်းချုပ်

လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ

ဗီယက်နမ်ရဲ့ အထက်အောက် ခေါင်းဆောင်မှု ပုံသဏ္ဍန်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

လူမှု အလှမ်းခွာရေးနဲ့ သီးခြားခွဲရေးတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ဗီယက်နမ်မှာ ကျင့်သုံးလေ့ရှိတဲ့ ပုံစံဖြစ်တဲ့ အိမ်နီးချင်းတွေရဲ့ သတင်းကို ပါတီကေဒါတွေက စောင့်ကြည့်ပြီး အထက်ကို သတင်းပို့တဲ့ စနစ်ကျင့်သုံးတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဖေးလ် ရောဘတ်ဆန်က ဆိုပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမယ်ဆိုတာ သံသယ မရှိပါဘူး”လို့ ဖေးလ် ရောဘတ်ဆန်က ဘီဘီစီကို ပြောပါတယ်။

“ဒါပေမယ့် အစိုးရက မီဒီယာတွေကို ချုပ်ကိုင်ထားတာမျိုး ရှိတယ်လို့တော့ မကြားရပါဘူး”လို့ သူက ဆိုပါတယ်။

ဗီယက်နမ် သင်ခန်းစာကို ကြည့်ရင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်း ပိုကောင်းသလို ပိုပြီးတော့လည်း အကုန်အကျ သက်သာတယ်ဆိုတာကို တွေ့ရပါတယ်လို့ ပါမောက္ခထွိတ်က ဆိုပါတယ်။