အသက်ရှူစက်ပေါ်က ကိုဗစ်လူနာငါးဦး ရုရှားဆေးရုံမီးလောင်မှုမှာ သေဆုံး

မီးလောင်မှုက ခြောက်ထပ်မှာ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီးလောင်မှုက ခြောက်ထပ်မှာ ဖြစ်ခဲ့

ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က ဆေးရုံတစ်ရုံမှာ မေလ ၁၂ ရက် အင်္ဂါနေ့မှာ မီးလောင်ခဲ့လို့ အထူးကြပ်မတ်ကုသဆောင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာ ငါးဦး သေဆုံးသွားပါတယ်။

ဒီမီးလောင်မှုဟာ အသက်ရှူစက်တစ်ခုမှာ လျှပ်စစ်ရှော့ခ် ဖြစ်ခဲ့ရာက စလောင်ခဲ့ဖွယ် ရှိတယ်လို့ ရုရှား သတင်းအေဂျင်စီတွေက ပြောပါတယ်။

အခု သေဆုံးခဲ့တဲ့ လူနာ ငါးဦးစလုံးဟာ အသက်ရှူစက်ပေါ်တွေ တင်ထားတဲ့ လူနာတွေ ဖြစ်ပါတယ်။

မီးလောင်မှုကို လျင်လျင်မြန်မြန် ငြှိမ်းသတ်ခဲ့ပြီး လူ ၁၅၀ ကို ဆေးရုံကနေ ကယ်ထုတ်ခဲ့တယ်လို့ ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လူနာဘယ်လောက် ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

အသက်ရှူစက်တွေ အပြည့်အလုပ်လုပ်နေကြတော့ မီးအား အဆွဲလွန်ပြီး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ ကနဦး စစ်ဆေးမှုတွေမှာ တွေ့ရတယ်လို့ ရုရှားက သတင်းတွေအရ သိရပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ပြတင်းပေါက်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ပြတင်းပေါက်တွေ

မီးလောင်မှုက ခြောက်ထပ်မှာရှိတဲ့ ကိုဗစ်-၁၉ လူနာဆောင် အသေးတစ်ခုမှာပဲ ဖြစ်ခဲ့ပြီး အဲဒီကနေ တခြားနေရာကို ဆက်မကူးခဲ့ဘူးလို့ ရုရှား NTV သတင်းဝက်ဘ်ဆိုက်က ပြောပါတယ်။

အသက်ရှူစက်မှာ ရှော့ခ်ဖြစ်ခဲ့ရာက အောက်ဆီဂျင် ဖိအားဖြစ်ပြီး စက်ပေါက်ကွဲခဲ့တယ်လို့ ဆရာဝန်တွေကို ကိုးကားပြီး အဲဒီသတင်းက ဆိုပါတယ်။

အဲဒီနောက် အဆောင်ထဲမှာ မီးခိုးတွေ ပြည့်သွားပြီး လူနာတွေ အသက်ရှူကြပ်ကုန်တယ်လို့ ဆိုပါတယ်။

လူ ငါးသန်းနီးပါးရှိတဲ့ စိန့်ပီတာစဘာ့ဂ်မှာ ကိုဗစ် လူနာတွေအတွက် ကုတင် ငါးထောင့်လေးရာကျော်ရှိပါတယ်။

ဒီမီးလောင်မှုကို အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုဖွင့် စစ်ဆေးနေပါတယ်။

ဒီအမှုက ရာဇဝတ်မှုမြောက်တဲ့ ပေါ့လျော့မှုလား၊ စက်ရဲ့ ဒီဇိုင်းမှားယွင်းမှုလားနဲ့ ဆေးရုံရဲ့ အရေးပေါ်မီးသတိပေးစနစ် ချို့ယွင်းချက်ကြောင့်လား စတာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

စိန့်ပီတာစဘာ့ဂ်မြို့ဟာ ရုရှားမှာ ကူးစက်မှု တတိယ အများဆုံးမြို့ဖြစ်ပါတယ်။ လူ ၇၇၀၀ ကို ကူးစက်ထားပြီး သေဆုံးသူ ၅၆ ယောက် ရှိပါတယ်။

ဗီးဘော့ဂ်ခရိုင်က စိန့်ဂျော့ချ်ဆေးရုံကို မတ်လတုန်းက ကိုဗစ်လူနာတွေကုသတဲ့ ဆေးရုံအဖြစ် ပြောင်းဖွင့်ခဲ့တာပါ။

ဒီဆေးရုံမီးလောင်မှုကို မီးသတ်သမား ၁၀၅ ယောက်၊ မီးသတ်ကား ၅၅ စီးနဲ့ ငြှိမ်းခဲ့ပါတယ်။

နိုင်ငံအတွင်း ကန့်သတ်ပိတ်ဆို့ထားတာတွေ စဖြေလျှော့ချိန်မှာ ဒီမီးလောင်မှု ဖြစ်ခဲ့တာပါ။

ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ စက်ရုံအလုပ်ရုံတွေ လုပ်ငန်းတွေ ပြန်စနေကြပါပြီ။

အခုလက်ရှိ ရုရှဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက ကူးစက်မှု ၁၁,၆၅၆ အထိ စံချိန်တင် တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး ကူးစက်သူ ၂၂၁,၃၄၄ ရှိလာပါပြီ။

အဲဒါကြောင့် အခုဆိုရင် ရှရှားဟာ အီတလီနဲ ယူကေတို့ထက် ကူးစက်သူ ပိုများသွားခဲ့ပါပြီ။ အမေရိကန်နဲ့ စပိန်တို့က ကူးစက်မှု အများဆုံး အဆင့် တစ်နဲ့ နှစ် နေရာမှာ ရှိနေပါတယ်။