ကိုရိုနာဗိုင်းရပ်စ် - တရုတ်နဲ့အိမ်နီးချင်း ဖြစ်တာတောင် သေသူမရှိသေးတဲ့ ဗီယက်နမ်ကို အတုယူနိုင်မလား

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နေချိန်မှာ နိုင်ငံတစ်နိုင်ငံမှာတော့ ကူးစက်မှုက ရာဂဏန်းပဲ ရှိပါသေးတယ်။

လူဦးရေ ၉၇ သန်း ရှိတဲ့ ဗီယက်နမ်ဟာ ပိုးစပျံ့ခဲ့တဲ့ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိနေတာတောင် ကူးစက်ခံရသူ ၂၆၈ ယောက်ပဲရှိသေးပြီး ဧပြီ ၂၃ အထိ သေသူ တစ်ယောက်မှ မရှိသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်တိုက်နေတယ်လို့ သဘောထားပြီး တိုက်ထုတ်ကြရအောင်လို့ အစိုးရက သူ့နိုင်ငံသားတွေကို တပ်လှန့်ထားခဲ့တာပါ။ ဒီနိုင်ငံမှာ အခုဆိုရင် ပိတ်ထား၊ ကန့်သတ်ထားတာတွေကို စပြီးဖြေ လျှော့နေပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်ခိုင်းလိုက်ပါပြီ။

ဒီတော့ သူတို့ ဘယ်လို လုပ်ခဲ့ကြပါသလဲ။ သူတို့နဲ့ အခြေအနေချင်းနီးစပ်တဲ့ နိုင်ငံတွေက ဗီယက်နမ်ပုံစံမျိုး လိုက်လုပ်သင့်ပါသလား။

နယ်စပ်တွေပိတ်ပစ်

ဇန်နဝါရီလကုန်မှာ ပိုးရှိသူတစ်ယောက် ပထမဆုံး စတွေ့တာနဲ့ လုပ်ရမှာတွေကို ခပ်မြန်မြန် လုပ်ပါတယ်။ တရုတ်နဲ့ နယ်စပ်တွေကို ချက်ချင်း ပိတ်ချလိုက် ပါတယ်။ အဓိကလေဆိပ်ကြီးတွေက ဝင်လာသမျှ ခရီးသည်တိုင်းကို ကိုယ်အပူချိန်တိုင်းပါတယ်။

သူ့နိုင်ငံထဲက ကူးစက်ခံရတာတွေ အားလုံးနီးပါးက နိုင်ငံခြားကဝင်လာသူတွေဆီက ကူးစက်တာလို့ သိလိုက်တဲ့ အချိန်မှာတော့ တခြားနိုင်ငံက ဝင်လာသူ အားလုံးကို ၁၄ ရက် ကွာရန်တင်း ဝင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

တချို့ ဟိုတယ်တွေကို အစိုးရက ငှားပြီး ကွာရန်တင်းလုပ်ခံရသူတွေကို ထားတာလည်း ရှိပါတယ်။

မတ်လကုန်မှာတော့ ပိုပြီး တင်းကြပ်လိုက်ပါပြီ။ နိုင်ငံခြားသားအဝင် လက်မခံတော့ပါဘူး။ ဗီဇာမလိုတဲ့ ဗီယမ်နမ်နွယ်ဖွား မိသားစုတွေပါ ဒီလို အပိတ်ခံရတဲ့အထဲ ပါပါတယ်။

ကွင်းဆက်လိုက်တယ်

ပိုးရှိသူတွေကို ခွဲထားပါတယ်။ ဒီလူတွေနဲ့ ထိတွေ့ဖူးတဲ့သူမှန်သမျှ လိုက်ရှာပြီး ပိုးစစ်ပါတယ်။

ဗီယက်နမ်ဟာ တန်ဖိုးနည်း ပိုးစစ်ကိရိယာကို ဒီဇိုင်းထုတ်ပြီး ပြည်တွင်းမှာတင် ထုတ်နိုင်တဲ့ အခြေအနေကိုလည်း ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးစ နိုင်ငံတစ်ခုပဲ ဖြစ်ပြီး အရင်းအမြစ်ကလည်း သိပ်မရှိလို့ လူတွေ အများကြီး ကို ဆေးစစ်ပေးရတဲ့ အကုန်အကျများမယ့်နည်းကို သူတို့ မတတ်နိုင်ပါဘူး။ ဂျာမနီနဲ့ တောင်ကိုရီးယားကတော့ ပိုးစစ်တာတွေ အများအပြားလုပ်တဲ့ ကုန်ကျစရိတ်များတဲ့ နည်းကို သုံးခဲ့ပါတယ်။

အဲဒီအစား ဗီယက်နမ်ကတော့ စရိတ်သက်သာတဲ့လမ်းကြောင်းကို ရွေးခဲ့ပါတယ်။ ခုနက ပြောခဲ့တဲ့ ပိုးကူးတဲ့သူတွေကို ဖိဖိစီးစီး ရှာပြီး ခွဲထားတဲ့နည်းပါ။

လူထုကို လှုံ့ဆော်

တစ်နိုင်ငံလုံးကိုလည်း အစိုးရက ပညာပေးတွေ လုပ်ထားပါတယ်။ ဗီယက်နမ်စစ်ပွဲတုန်းကလို သူရဲကောင်းစိတ်မွေးခိုင်းတဲ့ လူစိတ်ဝင်စားမယ့် ဗီဒီယိုနဲ့ ပိုစတာတွေ ဖြန့်ပါတယ်။

ဝန်ကြီးချုပ် ငုယင် စွမ်းဖုက နွေဦးတိုက်ပွဲရှည်ကြီးကို အတူတိုက်ကြဖို့ နိုင်ငံသားတွေကို လှုံ့ဆော်ပါတယ်။ ၁၉၇၅ အစပိုင်းတုန်းက အမေရိကန် စစ်တပ်တွေကို အောင်အောင်မြင်မြင် တိုက်ထုတ်ခဲ့တုန်းက အခြေအနေကို ပြန်ကိုးကားပြီး ဒီလို တိုက်တွန်းထားတာပါ။

ဗီယက်နမ်တွေက တစ်သွေး၊ တစ်သံ၊ တစ်မိန့် လုပ်ကြတဲ့သူတွေလို့ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ ကားလ် သာယာက ပြောပါတယ်။

"သူက တစ်ပါတီစနစ် ကျင့်သုံးတဲ့ နိုင်ငံ၊ သူ့မှာ လူထု အရန်တပ်ကြီးတွေရှိတယ်။ စစ်တပ်နဲ့ ပါတီကလည်း ပါတယ်။ အစိုးရက အထက်အောက် အမိန့်ပေးတဲ့ စနစ်။ ဒီစနစ်မျိုးက သဘာဝဘေးကို တုံ့ပြန်တာ ကောင်းတယ်"လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီလို လုပ်ပုံကိုင်ပုံတွေကို တခြားနိုင်ငံတွေက လိုက်လုပ်လို့ ဖြစ်နိုင်ပါ့မလား။

သူတို့နည်းက အောင်မြင်နေတယ်ဆိုပေမဲ့ ဒီမဟာဗျူဟာမှာ ဆိုးကွက်တွေလည်း ရှိပါတယ်လို့ ဘီဘီစီ ဗီယက်နမ်ဌာနက အယ်ဒီတာ ဇန်ငုယင်က ပြောပါတယ်။

လူတွေကို အိမ်နီးနားချင်း အချင်းချင်း စောင့်ကြည့်ခိုင်းထားတယ်။ ဒီလိုနဲ့ အတင်းအကြပ် ကွာရန်တင်းလုပ်ခံရမှာ ကြောက်ပြီး ပိုးကူးသူတွေက ပုန်းနေတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပြီးတော့ သူတို့လုပ်တဲ့နည်းလမ်းတွေက တိုင်းပြည်စီးပွားရေးကိုလည်း ထိတော့ ထိခိုက်ခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အများကြီးပိတ်ရတယ်။ အစိုးရပိုင် ဗီယက်နမ် လေကြောင်းဆိုရင် အမေရိကန်၊ ဥရောပနဲ့ အရှေ့အာရှ ခရီးစဉ်တွေ ဖျက်လိုက်ရလို့ ဒေါ်လာသန်းရာပေါင်းများစွာ အရှုံးပေါ်သွားတယ်။

ကွာရန်တင်း အတင်းအကြပ်ဝင်ခိုင်း

သူတို့ရဲ့ အောင်မြင်တဲ့ ရောဂါထိန်းချုပ်နည်းကြောင့် တချို့နေရာတွေမှာ လူတွေ အရင်လို လွတ်လွတ်လပ်လပ် မနေကြရတော့ဘူး။

စီမံခန့်ခွဲမှုကောင်းတဲ့ ဒေသခံ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ်သုံးပြီး ပိုးမပြန့်အောင် ခရိုင်ကြီးတွေကို ကွာရန်တင်း လုပ်ပစ်ခဲ့တယ်။

ဒါပေမဲ့ သူတို့လုပ်တဲ့ ပုံစံက ဥရောပနိုင်ငံတွေကလို လုံးဝ လော့ဒေါင်း ပိတ်ချလိုက်တာမျိုးတော့ မဟုတ်ပါဘူး။

ဧပြီ ၂၃ မှာ မြို့တော် ဟနွိုင်းနဲ့ မြို့ကြီး ဆယ်ဂဏန်းကျော်ကျော်မှာ အဲဒီလို ပိတ်ထားတာတွေကို ပြန်ဖွင့်ခဲ့တယ်။ ဒါပေမဲ့ လူ လေးသိန်းခွဲလောက်ရှိတဲ့ ခရိုင်သုံးခုမှာ ဆက်ပိတ်ထားသေးတယ်။

သူတို့ကို ဒေသခံ အရပ်သားတပ်ဖွဲ့တွေ အစောင့်ချထားတယ်။ ဘယ်သူမှ အပြင်ထွက်လို့ မရ။

အစိုးရက(မူဝါဒကို)တကယ်လုပ်ချင်စိတ်ရှိတာ၊ စနစ်ကျတဲ့ အဖွဲ့အစည်းရှိတာနဲ့ ပေါ်လစီကို လူတွေက လိုက်လုပ်ကြလို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးထိခိုက်မှာကို ရှောင်နိုင်ခဲ့တယ်လို့ အယ်ဒီတာ ဇန်ငုယင်က ပြောပါတယ်။