ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုမင်းမစွမ်းကနေ သက်ကြီးရွယ်အိုများ ၊ မသန်မစွမ်းဆိုတဲ့နေရာမှာ မသန်စွမ်းဆိုပြီး ပြင်ဖို့ ထောက်ခံမဲရ၊
ဒီကနေ့ မတ်လ ၁၀ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပါအကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ခုကို ပြင်ဆင်ခြင်း လွှတ်တော်အဆုံးအဖြစ်ရယူရာမှာ ပုဒ်မ ၁၄ခုမှာ ၃၂ (က)နဲ့ (ခ) ပုဒ်မ ၂ခုသာ ပြင်ဆင်နိုင်မယ့် အရေအတွက် ၇၅ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ထောက်ခံမဲ ၅၀၀ ကျော်ရရှိခဲ့ပါတယ်။
ပုဒ်မ ၃၂ ၊ ပုဒ်မခွဲ(က)နဲ့ (ခ) မူလပြဋ္ဌာန်းချက်တွေထဲက အိုမင်းမစွမ်းသူများ ဆိုတဲ့နေရာမှာ သက်ကြီးရွယ်အိုများဆိုပြီး ပြင်ဆင်မှု၊ မသန်မစွမ်းဆိုတဲ့နေရာတွေမှာ မသန်စွမ်းဆိုပြီး ပြင်ဆင်မှုတွေပါဝင်တဲ့ နှစ်ချက်မှာတော့ အနိုင်ရရှိခဲ့လို့ ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျန်တဲ့ ပုဒ်မတွေကတော့ ၇၅ရာခိုင်နှုန်း မကျော်တာကြောင့် မူလအတိုင်းထားရှိဖို့ ဒီနေ့ မတ်လ ၁၀ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ပထမဆုံးနေ့ပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ်တဲ့ ပုဒ်မအများစုက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမဆုံးအခန်းက နိုင်ငံတော်အခြေခံမူများအပိုင်းရဲ့ ပုဒ်မ ၁၄ခုဖြစ်ပြီး၊ မိဘမဲ့ကလေးတွေ၊ တပ်မတော်သားတွေကို ကြည့်ရှု့စောင့်ရှောက်ရမယ်၊ သူတို့အသက်မွေးဝမ်းကျောင်းပညာ အခမဲ့သင်ကြားခွင့်စတဲ့ ပုဒ်မ ၂ခုသာ ပြင်ဆင်နိုင်ဖို့ ထောက်ခံတဲ့ ဆန္ဒပြုမဲအရေအတွက် ၄၉၂ မဲထက် ကျော်လွန်ကာ ၅၀၀ ကျော်အထိ ရရှိခဲ့ပါတယ်။
ဒီပုဒ်မတွေဟာ ပြည်လုံးကျွှတ် ဆန္ဒခံယူပွဲ လုပ်ပြီးအတည်ပြု ရမယ့် ပုဒ်မတွေဖြစ်ပြီး မဲပေးနိုင်သူ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံ ရင် အတည်ဖြစ်လာမှာဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေက တပ်မတော်သားတွေပါဝင်မှု လိုပုဒ်မတွေကိုတော့ ထောက်ခံမဲ ၇၅ရာခိုင်နှုန်းကျော်မရလို့ မပယ်ဖျက်နိုင်ခဲ့ပါ။
မတ်လ ၁၀ရက်နေ့မှာတော့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတက်သူ ၆၃၃ ဦးအထိရှိပါတယ်။ ခွင့်ယူသူ ၂၁ ဦးအထိရှိပါတယ်။
အခုလိုမဲခွဲမဆုံးဖြတ်ခင် ဖေဖော်ဝါရီလ ၂၅ရက်ကနေ မတ်လ ၅ရက်အထိမှာတော့ ပြည်ခိုင်ဖြိုး၊ တပ်အပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးအထိ ပြင်ဆင်ချက်တွေအပေါ် အပြန်အလှန်ကန့်ကွက်တာ၊ ငြင်းခုံ တာတွေကို လုပ်ခဲ့ပြီးပါပြီ။
အဓိက ငြင်းခုံကြတာတော့ အရေးပေါ်စီမံခန့်ခွဲမှုကို သမ္မတက ဦးဆောင်သင့်တယ်ဆိုတာရယ်၊ တပ်ချုပ် အပါအဝင် သူ့ကိုယ်စားလှယ်တွေအများစုပါတဲ့အဖွဲ့တွေက ဦးဆောင်သင့်တယ်ဆိုတဲ့အချက်၊ လွှတ်တော် အတွင်း တပ်မတော်နေရာယူထားမှုကိုလျော့ချဖို့၊ နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှုလျော့ချဖို့ အစရှိတာတွေ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်ပေါင်း ၁၄၂ ချက်ကို ပြင်ဆင်မှာဖြစ်ပါတယ်။ အဲဒီထဲမှာ ပြည်ခိုင်ဖြိုးက တင်တဲ့ ၂၈ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်တဲ့ ၄၅ဦးကော်မတီက တင်တဲ့ ၁၁၄ ချက် ကိုပြင်ဆင်ဖို့ဖြစ်ပါတယ်။
အဲဒီပြင်ဆင်မယ့်အချက် ၁၄၂ ချက်ကို ၉ရက်ခွဲကာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၁၀ရက်နေ့ကတော့ ပထမဆုံးမဲခွဲဆုံးဖြတ်တဲ့နေဖြစ်ပါတယ်။
အခုပြင်ဆင်တဲ့ အချက် ၁၄၂ ချက်ကလည်း ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် လွှတ်တော်တွင်းနေရာရထားတဲ့ပါတီအသီးသီးက ၄၅ဦးကော်မတီကို တင်ပြလာတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ထဲက အချက်အချို့သာဖြစ်ပါတယ်။
အခုလို ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နေတဲ့ ပထမဆုံးရက်မှာဘဲ၊ လွှတ်တော်ပြင်ပမှာလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူလို့ အမည်ခံထားကြသူတွေက တပ်မတော်ကို ထောက်ခံတာရယ်၊ ဖွဲ့စည်းပုံကိုမပြင်ဆင်ဖို့၊ ၅၉ (စ) ကိုမပြင်ဆင်ဖို့ဆိုကာ လာရောက်စုရုံးဆန္ဒပြနေကြပါ တယ်။
အဲဒီလိုဆန္ဒပြနေတာကြောင့်လည်း လွှတ်တော်လုံခြုံရေးကို တိုးမြှင့်ထားတာကိုလည်း တွေ့ရပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပါတယ်။ ၆၅၄ ဦးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို တွက်ကြည့်လိုက်ရင် လွှတ်တော်အမတ် ၄၉၁ ဦးကျော် (၄၉၂) ဦးဖြစ်ပါတယ်။
အဲဒီထဲမှာ ရွေးကောက်ခံလွှတ်တော်အမတ်က စုစုပေါင်း ၄၈၈ ဦးရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ရှိပါတယ်။ရွေးကောက်ခံအမတ် ၄၈၈ ဦးထဲမှာ အန်အယ်လ်ဒီက အမတ်ဦးရေ စုစုပေါင်း ၃၉၀ ရှိပြီး အဓိက အင်အားစု အမတ်အရေအတွက်ကိုရထားပါတယ်။