ထိုင်း တပ်သား ပစ်ခတ်မှု - ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် လူ ၂၀ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Facebook
ထိုင်းနိုင်ငံ နခွန်ရတ်ချစီမာ မြို့မှာ ဖေဖော်ဝါရီ ၈ ရက် စနေနေ့က စစ်သား တစ်ယောက် ပစ်ခတ်မှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး လူအတော်များများ ဒဏ်ရာရရှိသွားပါတယ်။
ဒီပစ်ခတ်မှုဟာ ဘန်ကောက်မြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့မြို့မှာ ဖြစ်ခဲ့တာပါ။
ကျကဖန်း ထုံမန်းဆိုတဲ့ အသက် ၃၂ နှစ်အရွယ် တပ်သားတစ်ယောက်က တပ်စခန်းမှာ အရာရှိကို သတ်ဖြတ်ပြီး လက်နက်တွေနဲ့ ကျည်တွေ ခိုးယူခဲ့တယ်လို့ ဘီဘီစီ ထိုင်းသတင်းဌာနကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
သူဘာကြောင့် ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းကိုလည်း မသိရသေးပါဘူး။
အဲဒီနောက်သူက ဗုဒ္ဓဘာသာ စေတီပုထိုး တစ်ခုနားနဲ့ မြို့ထဲက ဈေးဝယ်စင်တာ တစ်ခုမှာလည်း ထပ်ပြီး ပစ်ခတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အခုထိတော့ သူ့ကို မမိသေးပါဘူး။
ထိုင်းမီဒီယာတွေက ရုပ်သံပြကွက်မှာတော့ Terminal 21 ဈေးဝယ်စင်တာ ရှေ့မှာ သူ ကားပေါ်က ဆင်းလာပြီး သေနတ်နဲ့ ပစ်လို့ လူတွေ ထွက်ပြေးကုန်ကြတာကို တွေ့ရပါတယ်။
သူပစ်ခတ်လို့ တပ်စခန်းမှာ ဗိုလ်မှူးကြီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၆၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ တပ်ဖွဲ့ဝင် တစ်ဦးတို့လည်း အဲဒီတပ်စခန်းမှာ သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
သူဟာ အဲဒီ အဆောက်အအုံထဲမှာပဲ ရှိနေဦးမယ်လို့ အာဏာပိုင်တွေက ယူဆထားပြီး အဲဒီနေရာကို ပိတ်ဆို့ ရှာဖွေနေပါတယ်။
ဘန်ကောက်ပို့စ်သတင်းမှာတော့ သူက ဓားစာခံတချို့ကို ထိန်းသိမ်းထားတယ်လို့ ပြောပြီး သီးခြား အတည်ပြုချက် တော့မသိရသေးပါဘူး။
သူက အဲလို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတုန်းမှာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ စာတွေ တင်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ် အကောင့်မှာတော့ သူက လက်လျှော့လိုက်သင့်လားလို့ မေးခဲ့ပါတယ်။
အဲဒါမတိုင်ခင်ကတော့ သူက ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေပုံနဲ့အတူ "အခု စိတ်လှုပ်ရှားဖို့ အချိန်ကျပြီ"လို့ ရေးတင်ခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ် နောက်ပိုင်းမှာ သူ့အကောင့်ကို ပိတ်ပစ်လိုက်တာကို တွေ့ရပါတယ်။
ကျန်းမာရေးဝန်ကြီးက ဆေးရုံတွေမှာ သွေးလာလှူပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။








