ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိုင်ဖုန်း- ဂေးဖြစ်အောင်လုပ်တယ်ဆိုပြီး တရားစွဲခံရ
ရုရှားနိုင်ငံက လူတစ်ယောက်ဟာ အိုင်ဖုန်းက သူ့ကို ဂေးဖြစ်အောင် လုပ်တယ်ဆိုပြီး Apple ကုမ္ပဏီကို တရားစွဲ လိုက်ပါတယ်။
ဒီလိုဖြစ်ခဲ့တာဟာ GayCoin ဂေးကွိုင် ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးတစ်ခုကို စသုံးမိခဲ့ရာကနေ စခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် သူ့ စိတ်ဓာတ်ပိုင်း ပျက်ပြားတယ်လို့ ခံစားလာရတဲ့အတွက် ရုရှား ရူဘယ် တစ်သန်း (အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ) လျော်ကြေး တောင်းထားပါတယ်။
ရုရှားမှာ ၁၉၉၃ ခုနှစ်ကတည်းက လိင်တူချင်း နှစ်သက်တာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့ပါဘူး။
ဒါပေမယ့် ဂေးတွေကို ခွဲခြားမြင်တာမျိုးတွေက အခုထိ အများကြီး ရှိနေတုန်းပါ။
ဒီတရားစွဲဆိုတာကို စက်တင်ဘာ ၂၀ ရက်မှာ လုပ်ခဲ့တာပါ။
သူက Bitcoin ဒစ်ဂျယ်ငွေကြေးကို သုံးဖို့မှာယူလိုက်ပေမဲ့ သူ့ဖုန်းထဲက အက်ပလီကေးရှင်းမှာ Bitcoin အစား GayCoin တွေ ရောက်လာတယ်လို့ဆိုပါတယ်။
သူ့ဆီကို GayCoin တွေရောက်လာတဲ့အခါ မသုံးကြည့်ဘဲနဲ့ မဆုံးဖြတ်ပါနဲ့ဆိုတဲ့ စာတစ်စောင်နဲ့အတူ ရောက်လာခဲ့တာပါ။
ကျွန်တော်ကလည်း မသုံးကြည့်ဘဲ ဘယ်လို အကဲဖြတ်မလဲဆိုပြီး လိင်တူချင်း ဆက်ဆံရေးကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တရားစွဲသူက သူတရားဝင် တိုင်တန်းတဲ့စာမှာ ရေးထားပါတယ်။
"အခုတော့ ကျွန်တော့်မှာ ချစ်သူတစ်ယောက်ရနေပြီ။ အဲဒါကို မိဘတွေကို ဘယ်လို ရှင်းပြရမယ်မှန်း မသိတော့ဘူး" လို့ သူက ပြောပါတယ်။
နောက်သူ့ဘဝက ပိုဆိုးသွားခဲ့ပြီး ဘယ်တော့မှ ပုံမှန် ပြန်ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Apple ကသူ့ကို လိင်တူလောကထဲရောက်အောင် လှည့်ဖြား တွန်းပို့ခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီအပြောင်းအလဲက သူ့ကို ကိုယ့်ကျင့်တရားအရရော စိတ်ဓာတ်ပိုင်းရော ပျက်ပြားစေခဲ့တယ်လို့ ဆိုပါတယ်။
Apple က ထုတ်တဲ့ အက်ပလီကေးရှင်းကြောင့် တိုက်ရိုက်မဟုတ်ဘဲ ပြင်ပ အက်ပလီကေးရှင်းကြောင့် ဖြစ်တာဆိုပေမဲ့ ကုမ္ပဏီက သူတို့ဖုန်းပေါ်က ပရိုဂရမ်တွေအတွက် တာဝန်ယူရမယ် လို့ တရားစွဲသူရဲ့ ရှေ့နေSapizhat Gusnieva က ပြောပါတယ်။
ဒီအမှုကို တရားရုံးက အောက်တိုဘာ ၁၇ ရက်မှာ ကြားနာမှာ ဖြစ်ပါတယ်။
ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး Apple ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ အခုထိ ပြန်မဖြေသေးပါဘူး။