ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု ရာနှုန်းပြည့်ရဖို့ ကြိုးစားနေဆဲပဲလို့ ကေအန်ယူဆို

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Maung Win
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းနေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့ နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကိုယ်စားလှယ်အဖွဲ့ တို့ စက်တင်ဘာလ ၇ ရက် ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ ငြိမ်းချမ်းရေး အလွတ်သဘော ဆွေးနွေးပွဲအပြီးမှာ ဘီဘီစီကို ပြောတာ ဖြစ်ပါတယ်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ်ကစပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ လက်မှတ်ထိုးခဲ့တာ အခုဆိုရင် ၄နှစ်ကြာခဲ့ပါပြီ။
ဒါပေမယ့် အစိုးရ၊ တပ်မတော်တိုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှု ရာနှုန်းပြည့် တည်ဆောက်ဖို့ ကြိုးစားနေဆဲပဲလို့ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဘီဘီစီကို ပြောပါတယ်။
"ရေရှည် တည်တံ့ခိုင်မြဲတဲ့ သဘောတူညီချက်တွေ ရတဲ့ တစ်နေ့ကျမှပဲ ယုံကြည်မှု ခိုင်ခိုင်မာမာ ရာနှုန်းပြည့် ရှိတယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
ဒါ့အပြင် စာချုပ်ထဲမှာပါတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်ဖက်က ယူဆချက်တွေ ကွဲလွဲမှု ရှိနေတာနဲ့ ပတ်သက်ပြီး သူက "NCA ဆွေးနွေးတဲ့ အပိုင်းမှာ နှစ်ဘက်က ကောက်ယူတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှု အပိုင်းမှာတော့ ကွဲလွဲမှု ရှိနေတာပေါ့။ ကွဲလွဲမှုကို အခြေခံတဲ့ အခါကျတော့ နောက်ဆုံး Implement လုပ်တဲ့ အပိုင်းမှာတော့ ခုလို ထပ်ညှိရတဲ့ အပိုင်းတွေ ဖြစ်လာတာပေါ့" လို့ ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှောင့်နှေး၊ ရပ်တံ့တာတွေ ဖြစ်လာနိုင်မှာကို ဖြေရှင်းနိုင်ဖို့ အတွက်ကိုလည်း လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတို့ အကြား ဆွေးနွေးတာတွေ လုပ်နေရတယ်လို့ ပဒိုစောတာဒိုမှူးက ပြောပါတယ်။
ဒါ့အပြင် နောင်လာမယ့် အစိုးရ အဆက်ဆက် ကနေပြီးတော့ ဆက်ပြီး အကောင်အထည် ဖော်နိုင်လောက်တဲ့ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး သဘောတူညီချက်တွေ ရအောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Maung Win
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန်လည်တည့်မတ်ဖို့ အလွတ်သဘော အစည်းအဝေးတွေကနေ အဖြေရှာမယ် ဆိုပြီး အစိုးရနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးတွေကို KNU က ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်ပြီးနောက် အလွတ်သဘော ဆွေးနွေးပွဲတွေ ပြုလုပ်လာခဲ့ရာမှာ အမျိုးသားရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ရန်ကုန်မှာ စက်တင်ဘာ ၇ ရက် တွေ့ဆုံမှု အပါအဝင် ၁၁ကြိမ်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၇ ရက် ဆွေးနွေးပွဲမှာတော့ အရင် တွေ့ဆုံခဲ့တဲ့အတိုင်း အစိုးရဖက်က အဆိုပြုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၄ရပ်နဲ့ KNU ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၄ ရပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို အပစ်ရပ်လက်မှတ် ထိုးပြီး ဘယ်လိုဘယ်ပုံ ဖော်ဆောင်ကြမယ် ဆိုတဲ့ နှစ်ဘက်အဆိုပြုချက်တွေကို ထပ်မံ တွေ့ဆုံ ညှိနှိုင်းကြတာ ဖြစ်ပါတယ်။
အစိုးရဘက်ကရော KNU ဘက်ကရော ပြောပြချက်တွေအရတော့ ဒီနှစ်ဘက် အဆိုပြုချက်တွေက ထပ်တူကျဖို့ နီးစပ်နေပြီလို့ သိရပါတယ်။








