ကေအန်ယူ အပါအဝင် အပစ်ရပ် အဖွဲ့တွေ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့တွေ့မယ်

မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားလို့ တွေ့ဆုံတာ မဟုတ်ဘဲ ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင်ကတည်းက တွေ့ဆုံဖို့ ကြိုတင်စီစဉ်ထားတာ ဖြစ်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားလို့ တွေ့ဆုံတာ မဟုတ်ဘဲ ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင်ကတည်းက တွေ့ဆုံဖို့ ကြိုတင်စီစဉ်ထားတာ ဖြစ်တယ်လို့ဆို

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူအပါအဝင် တခြားအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ သြဂုတ်လ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုဟာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ဖို့ အကြိုညှိနှိုင်းဆွေးနွေးတဲ့သဘောဖြစ်တယ် လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၈ အောက်တိုဘာ ၁၅ ကနေစရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ၁၀ လ လောက် ဆိုင်းငံ့ထားသလို ဖြစ်နေလို့ NCA မှာ ပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကို အမြန် ပြန်ပြီး ဆောင်ရွက်နိုင်ဖို့ အဓိက တွေ့ဆုံတာဖြစ်တယ်လို့ အဲဒီတွေ့ဆုံပွဲကို ကိုယ်တိုင်ပါဝင်တက်ရောက်မယ့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အခု တွေ့ဆုံမှုဟာ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားလို့ တွေ့ဆုံတာ မဟုတ်ဘဲ ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင်ကတည်းက တွေ့ဆုံဖို့ ကြိုတင်စီစဉ်ထားတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"ဒါက NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားဖို့ အားလုံးက stakeholder တွေ သဘောတူတဲ့အတိုင်း လုပ်တာပါ" လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ကေအန်ယူက အခု သြဂုတ်လထဲမှာ ကျင်းပခဲ့တဲ့ ကေအန်ယူ ကွန်ဂရက် ပထမပိုင်း အပြီးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အပေါ်ရပ်တည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါတဲ့ အစုအဖွဲ့ (stakeholders) တွေနဲ့အတူ ညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မယ်လို့ သြဂုတ်လ ၉ ရက်မှာ ကြေညာချက်ထုတ်ထားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးမူကို ကေအန်ယူက စွဲကိုင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် အခု တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့က တပ်မတော်က အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စဲရေး စာချုပ် မူကြမ်းကို ဆွေးနွေးဖို့ တရုတ် နိုင်ငံ နဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC တို့ကိုလည်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့လိုကြောင်း ညှိနှိုင်းပေးဖို့ မေတ္တာ ရပ်ခံထားဖူးတယ်လို့ TNLA ပြောခွင့်ရ တာအိုက်ကျော်က ပြောထားပါတယ်။