ရေနံတင် သင်္ဘောတစ်စင်း အီရန် ထပ်ဖမ်းဆီး

အာရပ်နိုင်ငံတချို့အတွက် လောင်စာဆီတွေ ခိုးတင်လာတယ်ဆိုတဲ့ နိုင်ငံခြား သင်္ဘောတစ်စင်းကို ပါရှန်းပင်လယ်ကွေ့မှာ အီရန် ရေတပ်က ဖမ်းဆီးလိုက်တယ်ဆိုပြီး အီရန် နယ်ခြားစောင့် တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အဲဒီ သင်္ဘောဟာ လောင်စာ လီတာ ခုနစ်သိန်း တင်ဆောင်လာတဲ့ သင်္ဘောဖြစ်ပြီး အဲဒီမှာလိုက်ပါလာတဲ့ သင်္ဘောသား ခုနစ်ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။

အမေရိကန်က အီရန် ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ တင်းကြပ်လိုက်အပြီး တင်းမာမှုတွေမြင့်တက်လာချိန်မှာ အခုလို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို အမေရိကန်က နုတ်ထွက်လိုက်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခု သင်္ဘော ဖမ်းဆီးမှုဟာ လောင်စာတွေ တရားမဝင်တင်ပို့တယ်ဆိုပြီး အီရန်က ဒုတိယ အကြိမ် စွပ်စွဲမှု ဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်တုန်းကလည်း ပနားမား အလံတင် သင်္ဘောကို အီရန် ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လထဲမှာပဲ ငါးဖမ်းသင်္ဘောနဲ့ တိုက်မိတယ်ဆိုတဲ့ ဗြိတိန် ရေနံတင် သင်္ဘောကို ဟော်မုဇ်ရေလက်ကြားမှာ အီရန်က ဖမ်းဆီးခဲ့ပါသေးတယ်။

အခုသင်္ဘောကို ဇူလိုင် ၃၁ ရက်က ဖမ်းဆီးလိုက်တာလို့ဆိုပြီး ဘယ်နိုင်ငံက သင်္ဘောဆိုတာလဲနဲ့ သင်္ဘောသားတွေက ဘယ်သူတွေလဲ ဆိုတာတော့ မသိရသေးပါဘူး။