ဗီယက်နမ်မှာ ကလေးဘဝ လိင်စော်ကားခံခဲ့ရသူတွေ ထုတ်ပြောလာကြ

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တိုက်ခန်းတစ်ခုရဲ့ ဓာတ်လှေကားထဲမှာ ၈ နှစ်အရွယ် ကလေးမလေး တစ်ဦးကို အစိုးရ ထိပ်တန်း အမှုလိုက်ရှေ့နေဟောင်း တစ်ဦးဖြစ်သူ ငုယန် ဟူလင်း က မဖွယ်မရာ လုပ်ခဲ့တယ် ဆိုတဲ့ အမှုတွဲကြောင့် နိုင်ငံတဝန်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။

သူ့နဲ့ မသိတဲ့ အဲဒီ ကလေးမလေးကို ငုယန် ဟူလင်းက သိုင်းဖက်ထားပြီး ဖက်နမ်းနေတာကို ရိုက်ထားတဲ့ CCTV ပုံကို လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ပြန်ဝေမျှခဲ့ကြပါတယ်။

Mr Nguyen Huu Linh hugging a girl in a elevator.

ဓာတ်ပုံ ရင်းမြစ်, CCTV

ဓာတ်ပုံ ပုံစာ, ဓာတ်လှေကားထဲမှာ ကလေးမလေးကို ငုယန် ဟူလင်း က အတင်းဖက်နေတဲ့ CCTV ပုံ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွား

၁၆ နှစ်အောက် အရွယ်မရောက်သေးသူကို မဖွယ်မရာ လုပ်ခဲ့မှုနဲ့ သူ့ကို တရားစွဲခဲ့ပြီး မေလ ၂၅ ရက်နေ့မှာ ရုံးတင် စစ်ဆေးခဲ့ပါတယ်။ တရားရုံးက ၂ နာရီလောက်ပဲ ကြားနာ စစ်ဆေးခဲ့ပြီး အထောက်အထား မပြည့်စုံဘူး ဆိုပြီး အမှုကို ရပ်နားလိုက်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အုတ်အော်သောင်းတင်း ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒီအမှုကြောင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ လုပ်မှုတွေအကြောင်း ဗီယက်နမ်နိုင်ငံမှာ မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးကို လူတွေအကြား ထုတ်ပြောလေ့ မရှိတဲ့ ထုံးစံကြောင့် ဒီပြဿနာကို လျစ်လျူရှုထားကြတာ ကြာပြီလို့ အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေက ပြောပါတယ်။

"လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျား မ အခြေခံတဲ့ အကြမ်းဖက်မှုအကြောင်း ညီလာခံတစ်ခု ကျင်းပစဉ်တုန်းက ဒီကိစ္စဟာ ဗီယက်နမ်နိုင်ငံမှာ ပြဿနာ မရှိဘူး ဆိုပြီး အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောခဲ့တယ်" လို့ ကျား မ၊ မိသားစု၊ အမျိုးသမီးနဲ့ လူငယ် ဆိုင်ရာ လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဗန် အန် ငုယန် က ပြောပြပါတယ်။

အခု ဒီအမှုအကြောင်း အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာအပြီးမှာ ဗီယက်နမ် လူမှုအသိုင်းအဝိုင်းအကြား အကြီးအကျယ် တုန်လှုပ် ချောက်ချားသွားကြတယ်လို့ ဆိုပါတယ်။

"လူထုဆီက ဖိအားပေး ပြောဆိုမှုတွေ၊ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကြောင့် အဆုံးမှာ ဒီကိစ္စကို အာရုံစိုက်စရာ ဖြစ်လာခဲ့တယ်" လို့ သူက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ဝေမျှလာခဲ့ကြပြီး အဲဒီထဲက တချို့က သူတို့ရဲ့ အကြောင်းတွေကို ဘီဘီစီ ဗီယက်နမ် ဌာနကို တိုက်ရိုက် ဖွင့်ဟ ပြောခဲ့ကြပါတယ်။ တချို့ကတော့ သူတို့ရဲ့ အမည်ကို ထိန်ဝှက်ထားခဲ့ကြပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာ တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါကောင်းပါနိုင်ကြောင်း ကြိုတင် အသိပေး ထားပါရစေ။

"ကိုယ့်ကိုယ်ကိုယ် အရမ်း ရှက်မိတယ်"

ဒေါက်တာ ခွတ်သူဟွန်း ဟာ လူမှုဖွံ့ဖြိုးမှု လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ သူကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ မဖွယ်မရာ အလုပ်ခံခဲ့ရတဲ့ အတွေ့အကြုံကို နှစ်ပေါင်း ၅၀ အကြာမှာ ပထမဆုံးအကြိမ် ပြန်ပြောပြခဲ့ပါတယ်။

ကျွန်မ အသက် ၁၃ နှစ်အရွယ်မှာ ကုန်စုံဆိုင်တစ်ခုထဲမှာ မဖွယ်မရာ အလုပ်ခံခဲ့ရပါတယ်။ ဆိုင်ပြူတင်းပေါက်မှာ အလှပြထားတဲ့ ပစ္စည်းတချို့ကို ကြည့်နေတုန်း ယူနီဖောင်း ဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် လူတစ်ဦး ကျွန်မ အနောက်တည့်တည့်မှာ လာရပ်တာကို သတိထားမိလိုက်တယ်။ အဲဒီနောက် ကျွန်မကိုယ်အနောက်ပိုင်းကို မာမာ အရာတစ်ခုခု လာဖိတာကို ခံစားလိုက်ရတယ်။

၁၃ နှစ်အရွယ် ကလေးမလေးကို လူကြီးတစ်ဦးက အနောက်ကနေ အတင်းလိုက်ကပ်နေပုံ

ဓာတ်ပုံ ရင်းမြစ်, BBC/Davies Surya

ဓာတ်ပုံ ပုံစာ, ကလေးမလေးနောက်နားကပ်ရပ်ပြီး ကိုယ်ချင်းပွတ်နေတဲ့ လူကြီး

ဘာမှန်းတော့ မသိခဲ့ဘူး။ ဒါပေမဲ့ တစ်ခုခုတော့ မှားနေပြီ ဆိုတာ ခံစားမိတယ်။ နောက်တစ်နေရာကို ရွှေ့ဖို့ ကျွန်မ ကြိုးစားတော့ အဲဒီလူက အနောက်က လိုက်လာပြီး ကျွန်မကို အနောက်ကနေ ဆက်ပွတ်တိုက်နေခဲ့တယ်။

ကျွန်မ အရမ်းရှက်ပြီး ဆိုင်ထဲကနေ ပြေးထွက်ခဲ့မိတယ်။ အဲဒီနေရာကို ဘယ်တော့မှ ပြန်မသွားတော့ဘူး။

ကျွန်မ အသက် ၁၈ နှစ်အရွယ်ရောက်တော့ နောက်တကြိမ် ကြုံရပြန်ရော။ ၁၉၇၈ ခုနှစ်က ဟနွိုင်း တက္ကသိုလ် နိုင်ငံခြားဘာသာဌာနမှာ ကျောင်းတက်နေချိန်မှာပေါ့။

ကျွန်မနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က အနားက တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေတဲ့ သူ့အစ်ကိုဝမ်းကွဲနဲ့ ကျွန်မကို မိတ်ဆက်ပေးတယ်။ သူက မိသားစုနဲ့ ဝေးနေတော့ ကျွန်မနဲ့ ခင်ချင်တယ်လို့ ပြောတယ်။

တစ်ညနေ ကျွန်မတို့ ဆုံကြအပြီး အိမ်ပြန်ဖို့ အချိန်ရောက်တော့ သူ့စက်ဘီးနဲ့ လမ်းကြုံ လိုက်မလားလို့ မေးတယ်။ စိတ်ထဲက သိပ်မသေချာပေမဲ့ လိုက်မယ်လို့ ကျွန်မ သဘောတူခဲ့တယ်။

သူက နောက်ဖေးလမ်းကြားကနေ စက်ဘီးနင်းသွားတယ်၊ အပြင်မှာ မှောင်နေပေမဲ့ လရောင်ကြောင့် လမ်းကြားကို ကောင်းကောင်း မြင်နေရတယ်။ ဘာလို့ ဒီလမ်းကို ရွေးတာလဲလို့ သူ့ကို မေးတော့ ကားတွေ ရှုပ်နေလို့လို့ ပြောတယ်။ ၁၀ မိနစ်လောက် သွားပြီးချိန်မှာ သူက စက်ဘီးကို ရုတ်တရက် ရပ်လိုက်တယ်။

သူ့ကို စော်ကားဖို့ ကြိုးစားတဲ့ လူကို ဟွန်က ကန်ကျောက် ဖယ်ထုတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, BBC/Davies Surya

ဓာတ်ပုံ ပုံစာ, ကျွန်မ အသားကုန် အားသုံးပြီး သူ့ကို ကန်ကျောက် ဖယ်ထုတ်ပစ်ခဲ့တယ်။

သူက စက်ဘီးပေါ်က ခုန်ဆင်းပြီး လမ်းဘေးမှာ ထိုင်ချလိုက်တယ်။ သူ့ဘေးမှာ လာထိုင်ဖို့ ကျွန်မကို ခေါ်တယ်။ အဲဒီအချိန်မှာ ကျွန်မ အတော်လေး ကြောက်နေပြီ၊ သူ့ဘေးမှာ ထိုင်ဖို့ ဝန်လေးနေမိတယ်။

သူက ကျွန်မလက်မောင်းကို အတင်းဆွဲပြီး လှဲချဖို့ ကြိုးစားတယ်။ ကျွန်မ အရမ်း ဒေါသထွက်သွားပြီး ရှိသမျှ အားကုန်သုံး ကန်ကျောက်၊ သူ့မျက်နှာကို ကုတ်ဖဲ့ခဲ့တယ်။

အော်ဟစ် အကူအညီ တောင်းချင်ပေမဲ့ ကျွန်မ ခေါင်းထဲ ပထမဆုံး အတွေးဝင်လာတာက သူ့နဲ့ အချိန်မတော် အပြင်ထွက်လို့ အရေးယူခံရမှာကိုပါ။ သိပ်မကြာသေးခင်တုန်းကပဲ ကျွန်မတို့ တက္ကသိုလ်က ကျောင်းသူကျောင်းသား နှစ်ယောက် အနားက စပါးခင်းထဲ ချိန်းတွေ့လို့ ကျောင်းထုတ်ခံ ခဲ့ရပါတယ်။

သူလုပ်ခဲ့ပုံကို သူ့ဝမ်းကွဲညီမကို ပြန်ပြောပြမယ် လို့ ပြောတော့ သူက ပြန်တောင်းပန်ခဲ့တယ်။ အပြန်လမ်းတလျှောက်လုံး ဘာစကားမှ မပြောခဲ့ကြဘူး။

အဲဒီညက ဖြစ်ခဲ့တဲ့အကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ ပြန်မပြောပြခဲ့ပါဘူး။

တက္ကစီပေါ်မှာ တစ်ယောက်တည်း

ဓာတ်လှေကားထဲက ၈ နှစ်အရွယ် ကလေးမလေး မဖွယ်မရာ အလုပ်ခံရတဲ့ အကြောင်း ထွက်ပေါ်လာခဲ့အပြီးမှာ သူ (နာမည်လွှဲ) ဆိုတဲ့ အမျိုးသမီးကလည်း သူ့အတွေ့အကြုံကို ဝေမျှခဲ့ပါတယ်။ ဘီးတပ်လှည်း အသုံးပြုရတဲ့ သူဟာ တက္ကစီကားနဲ့ပဲ သွားလာလေ့ရှိပါတယ်။

တစ်နေ့ လမ်းဘေးမှာ ကျွန်မ အကြာကြီး ကားရပ်စောင့်နေတုန်း တက္ကစီ တစ်စင်း ထိုးရပ်လာပြီး တက္ကစီသမားက အိမ်လိုက်ပို့ပေးမယ်လို့ ပြောပါတယ်။ ပထမတော့ ကျွန်မ ငြင်းပါသေးတယ်။ ဒါပေမဲ့ သူက အားတက်သရောနဲ့ ဇွတ်အတင်း ကူမယ်လို့ ပြောပါတယ်။

လမ်းမှာ တက္ကစီသမားက ကျွန်မကို ဘာလို့ အိမ်ထောင်မပြုသေးတာလဲ၊ အဆင်ပြေလား၊ လိင်ဆက်ဆံဖူးလား ဆိုတဲ့ မေးခွန်းမျိုးတွေ စမေးပါတော့တယ်။

graphic

ဓာတ်ပုံ ရင်းမြစ်, BBC/Davies Surya

ဓာတ်ပုံ ပုံစာ, ကားရပ်ပြီး ကျွန်မကို ဗလက္ကာရ ပြုဖို့ ကြိုးစားပါတယ်။

လူသူရှင်းတဲ့ နေရာတစ်ခုဆီ ကားမောင်းသွားပြီး အဲဒီမှာ ကားရပ်လိုက်ပါတယ်။ အဲဒီနောက် ကျွန်မကို ဖက်လားယမ်းလား လုပ်ပါတယ်။

ကျွန်မက အတင်း တွန်းထိုး ရုန်းကန်ခဲ့ပါတယ်။ ကျွန်မရဲ့ ဖုန်းကို ထုတ်ပြီး အိမ်ကို ဖုန်းခေါ်တော့ သူက ကျွန်မရဲ့ ဖုန်းကို ဆွဲလုပါတယ်။

ကံကောင်းချင်တော့ ကျွန်မအိတ်ထဲမှာ နောက်ဖုန်းတစ်လုံး အပိုပါလာတော့ သူငယ်ချင်းဆီ ဆက်လို့ ရသွားပါတယ်။

အဲဒီမှာ ကားသမားက ကြောက်သွားတယ် ထင်တယ်။ ချက်ချင်းပဲ ကျွန်မကို အိမ်ပြန်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ပြန်တောင်းပန်ခဲ့ပါတယ်။

ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မအိတ်ထဲမှာ ဖုန်း ၃ လုံး အမြဲ ဆောင်ထားလေ့ ရှိပါတယ်။

ကျွန်မက မသန်စွမ်းသူ ဖြစ်နေတော့ မကြားဝံ့မနာသာ စကားတွေ၊ ညစ်ညမ်းစကားလုံးတွေနဲ့ လမ်းပေါ်မှာ အမျိုးသားတွေရဲ့ စနောက် နှောင့်ယှက်တာကို ခံရလေ့ ရှိပါတယ်။

"ငါနဲ့ လာအိပ်ပါလား၊ ထမင်းကျွေးမယ်လေ၊ အလုပ်သွားစရာ မလိုဘူး"၊ "ဘယ်နေရာမှာ ဘယ်လိုပဲ ချို့ယွင်းချို့ယွင်း၊ ခါးအောက်ပိုင်းက ကောင်းနေရင် ပြီးတာပဲ"စသဖြင့် အော်ဟစ် စနောက်ကြလေ့ ရှိပါတယ်။

ဗီယက်နမ်မှာ အဓမ္မကျင့် ခံရလို့ ကလေးတွေ မွေးလာကြတဲ့ တခြား မသန်စွမ်း အမျိုးသမီးတွေ ဒုက္ခတွေ့နေကြတာကို ကျွန်မ မကြာခဏ တွေ့ရပါတယ်။

ဒီပြဿနာတွေကို ကျွန်မတို့ လူမှုအသိုင်းအဝိုင်းနဲ့ အစိုးရက ဂရုတစိုက် ဖြေရှင်းပေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မတို့ စောစောစီးစီး ကြားဝင် ကူညီပြီး ပြဿနာရဲ့ အရင်းမြစ်ကို ဖော်ထုတ်သင့်ပါတယ်။

တိတ်တိတ် ကြိတ်ခံစားနေရတယ်

လီ(နာမည်လွှဲ)ဟာ ကလေးအရွယ်မှာ သူ့ဝမ်းကွဲအစ်မရဲ့ ယောက်ျားက မဖွယ်မရာ လုပ်တာကို ခံခဲ့ရပါတယ်။

သူက ကျွန်မကို အမြဲ ဖက်ယမ်း၊ နမ်းရှုံ့၊ ကိုင်တွယ် လေ့ရှိပါတယ်။

ကျွန်မအမေကို တိုင်ပြောတော့ မိသားစုဝင်မို့ ကျွန်မကို ချစ်လို့ လုပ်တာ ဖြစ်မှာပေါ့ ဆိုပြီး အမေက ကျွန်မပြောတာကို လက်မခံခဲ့ပါဘူး။ အဲဒီတော့ ကျွန်မ ဘာမှ မပြောတော့ဘဲ နှုတ်ပိတ်နေခဲ့တယ်။ အဲဒီလူက မဖွယ်မရာ ဆက်လုပ်နေခဲ့တယ်။

ကျွန်မတို့အိမ်ကို သူလာလည်တိုင်း ကျွန်မ ရှောင်ပုန်းဖို့ ကြိုးစားခဲ့တယ်။

graphic

ဓာတ်ပုံ ရင်းမြစ်, BBC/Davies Surya

အဲဒီလူကပဲ ကျွန်မ တူမလေးကို အလားတူ မဖွယ်မရာ လုပ်ခဲ့တာကို နှစ်ပေါင်းအတော်ကြီး ကြာတော့ ကျွန်မ သိခဲ့ရတယ်။

ကျွန်မကို မဟုတ်တာ လုပ်ခဲ့တဲ့ အမျိုးသားတွေရဲ့ မျက်နှာတွေကို ကျွန်မ ခုချိန်ထိ ကောင်းကောင်း မှတ်မိနေပါတယ်။

ကျွန်မ နည်းနည်းကြီးလာတော့ ကျွန်မ မိဘတွေက စားသောက်ဆိုင်ဖွင့်တယ်။ စားသောက်ဆိုင်မှာ ကျွန်မက စားပွဲထိုး ကူလုပ်ပေးရပါတယ်။ ဖောက်သည် အတော်များများက ဆိုင်နားက စစ်တန်းလျားက စစ်သားတွေပါ။

သူတို့က ကျွန်မကို ဆွဲလား ယမ်းလား လုပ်ဖို့ ကြိုးစားလေ့ ရှိပါတယ်။ အဖေ့ကို တိုင်ပေမဲ့ အဖေက ဘာမှ မပြောပါဘူး။

ဒီအတွေ့အကြုံတွေက ကျွန်မ ခေါင်းထဲမှာ အမြဲ မှတ်ထင်နေမယ် ဆိုတာ ကျွန်မမိဘတွေ သဘောပေါက်လိမ့်မယ်လို့ မထင်ပါဘူး။

ဆိုင်ကို လာတဲ့ စစ်သားတွေက ဖက်လားယမ်းလားလုပ်

ဓာတ်ပုံ ရင်းမြစ်, BBC/Davies Surya

ဓာတ်ပုံ ပုံစာ, ဆိုင်ကို လာတဲ့ စစ်သားတွေက ဖက်လားယမ်းလားလုပ်

ကျွန်မမိဘတွေကို အပြစ်မတင်ပါဘူး။ သူတို့ကလည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဘဝမို့ ရုန်းကန်နေကြရတာ ဆိုတော့ သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လို ဖြစ်နေသလဲ ဆိုတာ ဂရုစိုက်ဖို့ အချိန်မရှိခဲ့ပါဘူး။

ကျွန်မအသက် ၁၂ နှစ်အရွယ်မှာ အားကစားဆရာက ကျွန်မကို စော်ကားဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာတွေ အပါအဝင် အားလုံးက အဲဒီလူ နာမည်ပျက် ရှိတာကို သိကြပေမဲ့ ဘယ်သူမှ အရေးလုပ် ဟန့်တားတာမျိုး မရှိခဲ့ပါဘူး။

တစ်နေ့တော့ အားကစားအချိန်မှာ အဲဒီဆရာက ကျောင်းသူတစ်ချို့ကို ထိလား ကိုင်လား လုပ်ခဲ့ပါတယ်။

ကျွန်မကို လာလုပ်ဖို့ ကြိုးစားတော့ ကျွန်မ ထွက်ပြေးခဲ့ပါတယ်။ ပြီးတော့ အဲဒီဆရာရဲ့ နာမည်ကို စာသင်ခန်း ကျောက်သင်ပုန်းပေါ်မှာ ရေးခဲ့ပါတယ်။ အဲဒီမှာ သူအရမ်း ဒေါသထွက်သွားခဲ့ပြီး အဲဒီအချိန်က ဒုကျောင်းအုပ် လုပ်နေတဲ့ ကျွန်မ အမေကို သွားတိုင်ပါတယ်။

ကျွန်မအမေက ကျွန်မကိုယ်စား သူ့ကို ပြန်တောင်းပန်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ဆရာကို စော်ကားတယ် ဆိုပြီး ကျွန်မ အဖေက ကျွန်မကို ရိုက်ပါတော့တယ်။

ဒီဝေဒနာကို အမြဲခံစားနေရမှာပါ

ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ကျွန်မ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အကြိမ်ကြိမ် အလုပ်ခံခဲ့ရပါတယ်။ လူကြီးတွေကို ပြောပြခဲ့ပေမဲ့ သူတို့က ရေငုံနုတ်ပိတ် နေခဲ့ကြပါတယ်။

အခုတော့ ကျွန်မမှာ သမီးလေး ရှိနေပါပြီ။ သူ့ကို ဘေးကင်းအောင် နေတတ်ဖို့ ကျွန်မ ကြိုးစားသင်ပေးနေပါတယ်။ သူ့ကိုယ်ကို ဘယ်သူ့ကိုမှ လာကိုင်တွယ် ထိတွေ့တာ မခံဖို့နဲ့ တခုခု ဆိုရင် ကျွန်မကို ပြောဖို့ သင်ထားပါတယ်။

ကျွန်မ အမေလို ကျွန်မလုပ်မှာ မဟုတ်ပါဘူး။ ပါးစပ်ပိတ် နေမှာ မဟုတ်ပါဘူး။

ဓာတ်လှေကားထဲက ဖြစ်ရပ် ပေါ်လာတော့ ကျွန်မရဲ့ အတွေ့အကြုံကိုလည်း ရင်ဖွင့်ဖို့ ဖြစ်လာခဲ့ပါတယ်။ တခြားလူတွေလည်း ကိုယ့်အတွေ့အကြုံတွေကို ရင်ဖွင့် ပြောပြကြပြီး ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးကြပါလို့ ကျွန်မ ပြောချင်ပါတယ်။ ကျွန်မရဲ့ ဒီအတွေ့အကြုံတွေကို ကျွန်မရဲ့ ခင်ပွန်းသည် ကိုတောင် ခုချိန်ထိ ဖွင့်မပြောခဲ့ဖူးပါဘူး။

ကျွန်မ ပါးချင်တဲ့ သတင်းစကားက တကယ်လို့ ကိုယ့်မှာ သားသမီး ရှိတယ်ဆိုရင် ပစ်မထားပါနဲ့၊ အလျှော့ပေးတာတွေ မလုပ်ပါနဲ့၊ နုတ်ဆိတ် မနေပါနဲ့ ဆိုတာပါ။ ဒီဝေဒနာကို ကိုယ့်ဘဝတလျှောက်လုံး ခံစားနေရမှာပါ။

ဇန္နဝါရီလတုန်းက Economist Intelligence Unit ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုနဲ့ မတရား အသုံးချမှုတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံ ၄၀ စာရင်းမှာ ဗီယက်နမ်နိုင်ငံက အဆင့် ၃၇ မှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီအစီရင်ခံစာဟာ ရှင်းလင်းပြည့်စုံမှု မရှိဘူးဆိုပြီး ဗီယက်နမ် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက အဲဒီအချိန်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဗီယက်နမ် လူထု လုံခြုံရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈ ခုနှစ်မှာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုပေါင်း ၁၂၆၉ ခု ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ဒါ့ထက်မက ပိုများနိုင်တယ် ဆိုပြီး အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေက စိုးရိမ်နေပါတယ်။

ဒါဟာ ကလေးသူငယ်တွေအပေါ် လိင်ပိုင်း အကြမ်းဖက်မှု ဆိုင်ရာ ဥပဒေတွေ ရှင်းရှင်းလင်းလင်း ချမှတ်ထားတာမျိုး မရှိတာကြောင့် အပြစ်ပေး အရေးယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ လိင်ပိုင်း မဖွယ်မရာပြုပုံ တချို့ကို ရာဇဝတ်ပြစ်မှုအဖြစ် မသတ်မှတ်ထားသလို ခံရသူတွေဘက်ကလည်း သက်သေ အထောက်အထား ပြရာမှာ အခက်အခဲတွေ ရှိနေပါတယ်။

နိုင်ငံရေး စိတ်ဆန္ဒ

ဗီယက်နမ်နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့အနေနဲ့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ယူနီဆက်ဖ် ဌာနေကိုယ်စားလှယ် ရာနာ ဖလားဝါးစ် က ရှင်းပြပါတယ်။ လက်ရှိမှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဗီယက်နမ် အစိုးရမှာ နိုင်ငံရေး စိတ်ဆန္ဒ တိုးပွားလာနေပေမဲ့ ဥပဒေ ချမှတ်ပြဌာန်းရေးတွေ၊ မဖွယ်မရာ ပြုကျင့်ခံရသူ ကလေးငယ်တွေ အတွက် ကာကွယ် စောင့်ရှောက်ပေးမှုတွေ လစ်ဟင်းနေဆဲပဲလို့ ပြောပါတယ်။

ဗီယက်နမ် ပါလီမန်လွှတ်တော်ကတော့ ၂၀၂၀ ဥပဒေကြမ်း တစ်ခုကို ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ၆ နှစ်နဲ့ ၇ နှစ်အရွယ် ပထမတန်း ကျောင်းသားကျောင်းသူ အရွယ် ကလေးတွေအတွက် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှု တားဆီးရေး သင်တန်းတွေ မသင်မနေရ သင်ပေးဖို့ ဗီယက်နမ် ပညာရေးနဲ့ လေ့ကျင့်ရေး ဝန်ကြီးဌာနက မေလတုန်းက စလုပ်ခဲ့ပါတယ်။

ဒီလို စော်ကားမှုတွေကို ကလေးတွေ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာနဲ့ ကိုယ်ခန္ဓာ ဘယ်အစိပ်အပိုင်းတွေကို တခြားလူတွေကို ပေးမကိုင်သင့်ဘူး ဆိုတာ ဆရာ ဆရာမတွေက ရုပ်ပုံတွေနဲ့ သင်ကြားပေးကြပါတယ်။

ကျောင်းသားတွေကို သတိပေးထားတဲ့ သတင်းစကားတွေထဲမှာ တစ်ခုက "အတွင်းခံဘောင်းဘီ၊ အင်္ကျီ ဖုံးထားတဲ့ နေရာတွေကို ဆရာဝန်ပြဖို့က လွဲလို့ ဘယ်သူ့ကိုမှ ပေးမထိ မကိုင်ဖို့ သတိရပါ" ဆိုတာပါ။

ဒါပေမဲ့ ကိုယ်တိုင် မဖွယ်မရာ အလုပ်ခံခဲ့ရသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ခွတ်သူဟွန်းကတော့ ဒီပညာပေး ဆောင်ရွက်ချက်တွေအရ ကိုယ့်ခန္ဓာကိုယ်ကို အထိမခံဖို့က ကလေးတွေကို ပြောနေတာ ဆိုတော့ ကလေးတွေ အပေါ်မှာပဲ တာဝန်တွေ ပုံချနေဆဲပဲလို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

လင်း ငုယန်နဲ့ လာရာ အိုဝန် ရေးသားသည်။