ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတွေက ဘယ်သူတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ သူ့ဇနီးတို့ ကွာရှင်းပြတ်စဲကြပြီဆိုတော့ သူတို့ခွဲခြမ်းကြမယ့် ငွေကြေး ကိန်းဂဏန်းကလည်း များပြားလှပါတယ်။
အခု တစ်ပတ်အတွင်းသတင်းထွက်လာတဲ့ အမေဇုန် အွန်လိုင်းစျေးကွက်လုပ်ငန်းနဲ့ နည်းပညာကုမ္ပဏီ တည်ထောင်သူ ဂျက်ဖ် ဘီဇော့နဲ့ သူ့ဇနီး မက်ကန်ဇီ ဘီဇော့တို့ ခွဲဝေယူကြမယ့် ငွေပမာဏက ခုနလို များပြားတာကို ဖော်ပြနေပါတယ်။
မက်ကန်ဇီ ဘီဇော့က အွန်လိုင်းလက်လီ အရောင်းလုပ်ငန်းစုကြီးရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်းကို ဆက်ယူထားမှာ ဖြစ်ပါတယ်။ အဲဒါက အမေရိကန် ဒေါ်လာ ၃၅.၆ ဘီလျံ ရှိပြီး အဲဒါက သူ့ကို ကမ္ဘာ့တတိယ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာစေပြီး၊ အမျိုးသား၊ အမျိုးသမီး သူဌေးကြီးအားလုံးထဲမှာဆိုရင် ကမ္ဘာ့အချမ်းသာဆုံး ၂၄ ယောက်မြောက် ဖြစ်လာစေမှာပါ။
သူ့အပြင် တခြား ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးတွေကရော ဘယ်သူတွေလဲ ကြည့်ရအောင်ပါ။
၁) ဖရန်ဆွာ ဘက်တာကူးဝါ မိုင်ယာ

ဓာတ်ပုံ ရင်းမြစ်, AFP
ပိုင်ဆိုင်မှု - ဒေါ်လာ ၄၉ ဒသမ ၃ ဘီလျံ။ သူဌေးကြီးအားလုံးထဲမှာ အဆင့် ၁၅ နေရာရှိသူ
သူက လော်ရယ် အလှကုန်ရဲ့ အမွေဆက်ခံသူ ပြင်သစ်အမျိုးသမီးပါ။ အဲဒီ ပိုင်ဆိုင်မှုတွေကို သူ့မိသားစုနဲ့အတူ ပိုင်ဆိုင်ထားတာဖြစ်ပြီး ကုမ္ပဏီ ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
သူဟာ အသက် ၆၅ နှစ်ရှိပြီ ဖြစ်ပါတယ်။ အဲဒီအမွေတွေကို သူ့အမေဆီကနေ ရတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူ့အမေ အသက် ၉၄ နှစ်မှာ ကွယ်လွန်သွားတော့ သူအမွေဆက်ခံခဲ့တာပါ။
သူဟာ ပညာရှင် တစ်ယောက်လည်း ဖြစ်ပြီးတော့ ဂရိနတ်ဘုရားတွေ အကြောင်းနဲ့ ဂျူးနဲ့ခရစ်ယာန်ဘာသာ ဆက်နွှယ်ပုံအကြောင်း စာအုပ်တွေကို ထုတ်ဝေထားပါတယ်။
၂) အဲလစ် ဝေါ်လ်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပိုင်ဆိုင်မှု - အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄ ဘီလျံ။ ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၁၇
အသက် ၆၉ နှစ်ရှိပြီ ဖြစ်တဲ့ သူဟာ အမေရိကန် ဆူပါမားကက်ကြီးတွေ ဖြစ်တဲ့ Walmartကို တည်ထောင်တဲ့ ဆမ်ဝေါ်လ်တာရဲ့ သမီး ဖြစ်ပါတယ်။
သူက သူ့အစ်ကိုနှစ်ယောက်လို မိသားစုလုပ်ငန်းတွေ မလုပ်ဘဲ အနုပညာဘက်ကို အာရုံကျသူပါ။ ဒါကြောင့် အခုဆိုရင် သူဟာ သူ့တို့ မွေးဖွားရာ အာကန်ဆော ပြည်နယ် ဘန်တန်ဗီးလ်မြို့က Crystal Bridges အနုပညာ ပြတိုက်ရဲ့ ဥက္ကဌ အဖြစ် လုပ်ကိုင်နေပါတယ်။
၃) မက်ကန်ဇီ ဘီဇော့

ဓာတ်ပုံ ရင်းမြစ်, Reuters
ပိုင်ဆိုင်မှု - အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၆ ဘီလျံ
အသက် ၄၈နှစ် ရှိပြီ ဖြစ်တဲ့ သူဟာ အမေဇုန်တည်ထောင်သူ ဂျက်ဖ် ဘီဇော့နဲ့အတူ သားသမီး ၄ ယောက်ရှိပါတယ်။ သူတို့ဟာ ငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုမှာ အတူလုပ်ခဲ့ကြပြီးနောက် ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မွေးခဲ့တဲ့ သူဟာ အမေဇုန်စတည်ထောင်စကတည်းက အဲဒီမှာ စအလုပ်လုပ်ခဲ့တဲ့သူ တစ်ယောက်ပါ။ အဲဒီတုန်းက စာရင်းကိုင် တစ်ယောက်အနေနဲ့ အမေဇုန်ကို ရောက်လာခဲ့ပါတယ်။ သူဟာ ဝေဖေန်သုံးသပ်သူတွေဆီက သုံးသပ်ချက်ကောင်းကောင်းရခဲ့တဲ့ ဝတ္ထုစာအုပ်နှစ်အုပ်ကိုလည်း ထုတ်ဝေထားပါတယ်။ အဲဒီ စာအုပ်တွေကို စာရေးဆရာ တိုနီ မောရစ်ဆင်ရဲ့ လေ့ကျင်သင်ကြားမှုနဲ့ ထုတ်ဝေနိုင်ခဲ့တာပါ။ အဲဒီစာရေးဆရာက မက်ကန်ဇီဟာ သူတွေ့ဖူးသမျှထဲက အတော်ဆုံး တပည့်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်တယ်လို့ ချီးကျူးခံရသူလည်း ဖြစ်ပါတယ်။
မစ္စ ဘီဇော့ဟာ လူသားချင်း အနိုင်အထက်ကျင့်တာကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း Bystander Revolution ကိုတည်ထောင်တားပြီး အဲဒီအဖွဲ့အစည်းဟာ ကြင်နာတတ်ဖို့၊ သတ္တိရှိဖို့၊ အာလုံးအတူပါစေဖို့ ဆိုတဲ့ လွယ်ကူ ရိုးရှင်းတဲ့ အလေ့အထတွေကို အားပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
၄) ဂျက်ကလင်း မားစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပိုင်ဆိုင်မှု - အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၉ ဘီလျံ။ ကမ္ဘာ့ အဆင့် ၃၃ ယောက် မြောက် အချမ်းသာဆုံးသူ
အသက် ၇၉ နှစ် ရှိပြီ ဖြစ်တဲ့ သူဟာ ကမ္ဘာ့အကြီးဆုံး ချောကလက်လုပ်ငန်းကြီးဖြစ်တဲ့ မားစ် ချောကလက် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု သုံးပုံ တစ်ပုံကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီကို သူ့အဖေက ၁၉၁၁ ခုနှစ်မှာ စပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
လူသိပ်မသိတဲ့ အချက်တစ်ချက်က မားစ်ဟာ အမေရိကန်မှာ တိရစ္ဆာန်အစာထုတ်တဲ့ အကြီးဆုံး ကုမ္ပဏီကြီးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီမှာ သူဟာ အနှစ် ၂၀ လောက် အလုပ်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ လုပ်ကိုင်ခဲ့တာပါ။
အခုတော့ လူမှုရေးလုပ်ငန်းတွေကို လုပ်နေသူဖြစ်ပါတယ်။ ဝါရှင်တန် အမျိုးသား ပြဇာတ်လုပ်ငန်းနဲ့ အမျိုးသားမော်ကွန်းမှတ်တမ်းလုပ်ငန်းတွေမှာ ဝင်ရောက် ကူညီလုပ်ကိုင်နေတပါတယ်။
၅) ယန် ဟွေယန်
ပိုင်ဆိုင်မှု - အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၁ ဘီလျံ။ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးနဲ့ ကမ္ဘာ့ အဆင့် ၄၂ ယောက် မြောက် အချမ်းသာဆုံးသူ
သူဟာ အသက် ၃၇ နှစ် ရှိသူပါ။ တရုတ် အိမ်ခြံမြေလုပ်ငန်းကြီး ဖြစ်တဲ့ Country Garden ကုမ္ပဏီ ရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ အဲဒီလုပ်ငန်းကို တရုတ်မှာ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း ဈေးကွက်ကောင်းစဉ်မှာ ဈေးကွက်လှိုင်းစီး လုပ်ကိုင်ရင်း အောင်မြင်သွားခဲ့တာပါ။
အဲဒီကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့တတိယ အကြီးဆုံး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းကြီး ဖြစ်ခဲ့ပါတယ်။
ယန် ဟွေယန်ဟာ အမေရိကန် အိုဟိုင်းယိုး တက္ကသိုလ်က ဘွဲ့ရထားသူ ဖြစ်ပါတယ်။ သူ့ရှယ်ယာတွေထဲက ၅၇ ရာခိုင်နှုန်းကို သူ့အဖေဆီက အမွေဆက်ခံခဲ့တာ ဖြစ်ပါတယ်။
၆) ဆူဆန်နီ ကလက်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပိုင်ဆိုင်မှု - အမေရိကန် ဒေါ်လာ ၂၁ ဘီလျံ၊ ၄၆ ယောက် မြောက် အချမ်းသာဆုံးသူ
အချမ်းသာဆုံး အမျိုးသမီး စာရင်းထဲမှာ ဥရောပက နေ ဒုတိယမြောက် အမျိုးသမီးအဖြစ် ပါဝင်လာသူပါ။ သူဟာ အသက် ၅၆ နှစ်အရွယ် ဂျာမန် အမျိုးသမီးဖြစ်ပါတယ်။ မော်တော်ကားနဲ့ ဆေးဝါးလုပ်ငန်းတွေကနေ သူ့ ငွေကြေးဓနတွေ တိုးပွားလာသူဖြစ်ပါတယ်။
Altana AG ဆေးဝါးကုမ္ပဏီရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို သူ့မိဘတွေ ကွယ်လွန်ချိန်မှာ သူက အမွေဆက်ခံရခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ သူ့အစ်ကိုတို့ဟာ BMW မော်တော်ကား လုပ်ငန်းမှာလည်း ရှယ်ယာ ၅၀ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ကြပါသေးတယ်။
သူဟာ Altana ရဲ့ ရှယ်ရာတွေကို သူတစ်ယောက်တည်းပိုင်ဖြစ်အောင်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ တခြား ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကိုလည်း ဝယ်ယူခဲ့ပါတယ်။ သူဝယ်တဲ့ ရှယ်ယာတွေထဲမှာ လေအားလျှပ်စစ်ထုတ်တဲ့ ကုမ္ပဏီကနေ ခဲဆန်ကျောက်ထုတ်တဲ့လုပ်ငန်းတွေအထိ ပါပါတယ်။
၇) လောရင်း ပါဝဲလ် ဂျော့ဘ်စ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပိုင်ဆိုင်မှု - အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆ ဘီလျံ။ ကမ္ဘာ့ဆင့် ၅၄ ယောက် မြောက် အချမ်းသာဆုံး
အက်ပဲလ်ကုမ္ပဏီ ပူးတွဲ တည်ထောင်ခဲ့တဲ့ ကွယ်လွန်သူ စတိဗ်ဂျော့ဘ်စ်ရဲ့ ဇနီးပါ။ အက်ပဲလ် နဲ့ ဒစ်စနေးတို့မှာ သူနဲ့ သူတို့မိသားစု အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ဆက်ခံရရှိထားပါတယ်။
အခု အသက် ၅၅ နှစ်ရှိပြီ ဖြစ်တဲ့သူဟာ သူ့ပိုင်ဆိုင်မှုတချို့ကို သတင်းမီဒီယာလုပ်ငန်းမှာ မြှုပ်နှံခဲ့ပါတယ်။ သူဟာ အတ္တလန္တိတ်မဂ္ဂဇင်းရဲ့ ရှယ်ယာ အများစုကို ရယူထားပါတယ်။ အလားတူပဲ အကျိုးအမြတ် မယူတဲ့ မီဒီယာလုပ်ငန်းတွေ ဖြစ်တဲ့ Mother Jones နဲ့ ProPublica တို့မှာ ဝင်ရောက် မြှုပ်နှံထားပါတယ်။
ပြီးတော့ ကွန်ပျူတာ ပရိုဂရမ်ရေးသားတဲ့သင်တန်းကျောင်း နဲ့ လူမှုဖောင်ဒေးရှင်းအဖွဲ့တွေမှာလည်း ပိုင်ဆိုင်မှုတွေ ထည့်ဝင်ထားပါတယ်။
မေလ ၂၀၁၈ ခုနှစ်တုန်းက ပါဝဲလ်ဂျော့ဘ်စ်ဟာ Golden Gate တံတားကို လှမ်းမြင်ရတဲ့ နေရာက အိပ်ခန်းခြောက်ခန်းပါ အိမ်ကြီးကို ဒေါ်လာ ၁၈ သန်းနဲ့ ဝယ်ယူထားခဲ့ပါတယ်။








