တောင်ကိုရီးယားမှာ ညစ်ညမ်း ဝက်ဆိုက် ပူးတွဲ တည်ထောင်သူ အမျိုးသမီး ထောင်ဒဏ် ချခံရ

ခိုးရိုက် ကင်မရာ၊ ညစ်ညမ်း ဝက်ဆိုက်၊ တောင်ကိုရီးယား၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ, ကင်မရာနဲ့ ခိုးရိုက်ထားတဲ့ ပုံတွေကို Sora.net လို ညစ်ညမ်း ဝက်ဆိုက်တွေပေါ် တင်နေတာကို ရပ်တန့်ဖို့ အမျိုးသမီးတွေ လမ်းမပေါ်ထွက် ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံမှာ အကြီးဆုံး ညစ်ညမ်း ဝက်ဆိုက်ကြီး တခုဖြစ်တဲ့ sora.net ဝက်ဆိုက် ပူးတွဲ တည်ထောင်သူ ဆွန်း ဆိုတဲ့ အမျိုးသမီးကို ဆိုးလ်မြို့ တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ် လိုက်ပါတယ်။

မလျော်မကန် ပုံတွေကို ဖြန့်ဖြူးရာမှာ အားပေးကူညီမှုနဲ့ ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

sora.net ဝက်ဆိုက်ကို သုံးသူပေါင်း တစ်သန်းကျော်လောက် ရှိပါတယ်။ ကင်မရာနဲ့ ခိုးရိုက်ထားတဲ့ ဗီဒီယို ထောင်ပေါင်းများစွာကို အဲဒီ ဝက်ဆိုက်ပေါ် တင်ထားပြီး အတော်များများဟာ သက်ဆိုင်သူ အမျိုးသမီးတွေရဲ့ ခွင့်ပြုချက်မပါဘဲ တင်ထားတာပါ။

တောင်ကိုရီးယားနိုင်ငံမှာ ညစ်ညမ်းပုံတွေ ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာဟာ ဥပဒေကို ချိုးဖောက်တာလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လူထုအကြား အုတ်အော်သောင်းတင်း ဖြစ်ခဲ့အပြီး sora.net ဝက်ဆိုက် ပိတ်လိုက်ရတာပါ။

တရားမဝင် ညစ်ညမ်းပုံတွေကို ပိုအလေးအနက်ထား အရေးယူပေးဖို့ အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက အမျိုးသမီးတွေ စုပေါင်းပြီး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အသက် ၄၆ နှစ်အရွယ် ဆွန်းကို ဒဏ်ကြေး ဒေါ်လာ တစ်သန်းကျော် ချမှတ်လိုက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးရေး ပညာပေး သင်တန်း နာရီ ၈ဝ တက်ဖို့ကိုလည်း တရားရုံးက ညွှန်ကြားလိုက်ပါတယ်။

ဆွန်းဟာ ခင်ပွန်းသည် နဲ့ အတူ နောက် လူ ၂ ဦးနဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ sora.net ဝက်ဆိုက်ကို ဖွင့်ခဲ့ပြီး ပြည်ပက လူတွေဆီက ဗီဒီယိုပုံတွေကိုလည်း သူတို့ ဝက်ဆိုက်မှာ သုံးခဲ့တယ်လို့ Korea Herald သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။

သူတို့ ဝက်ဆိုက်ကို ရဲတွေ စစုံစမ်း စစ်ဆေးချိန် ၂ဝ၁၅ ခုနှစ်တုန်းက ဆွန်း နယူးဇီလန်နိုင်ငံကို ထွက်ပြေးသွားခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံကူးလက်မှတ် အသိမ်းခံလိုက်ရတဲ့အတွက် တောင်ကိုရီးယားနိုင်ငံကို မပြန်မဖြစ် ပြန်သွားခဲ့ရပါတယ်။

ဒီဝက်ဆိုက်ကို ဖွင့်လှစ် လုပ်ကိုင်နေသူတွေဟာ သူ့ခင်ပွန်းနဲ့ နောက်ဇနီးမောင်နှံတို့ ဖြစ်တယ် ဆိုပြီး ဆွန်းက သူ့အပေါ် စွဲချက်တွေကို တရားရုံးမှာ ငြင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံခြားသား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ သူ့ခင်ပွန်းနဲ့ ၂ ဦးကတော့ ခုချိန်အထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဝက်ဆိုက်ပေါ် တင်ထားတဲ့ ခိုးရိုက် ဗီဒီယို အတော်များများဟာ အိမ်သာတွေ၊ ကုန်တိုက် အဝတ်လဲခန်းတွေမှာ တိတ်တိတ် ခိုးရိုက်ထားတဲ့ ပုံတွေ ဒါမှမဟုတ် ရည်းစားဟောင်း၊ ခင်ပွန်းဟောင်းတွေက ဂလဲ့စားချေတဲ့အနေနဲ့ တင်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုတွေထဲမှာ ဖော်ပြခံရတဲ့ အမျိုးသမီး တချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံသွားခဲ့ကြပါတယ်။

Skip Facebook post

ကြည့်ရန် မရနိုင်သေးပါ။

Facebook တွင် နောက်ထပ်ကြည့်နိုင်ပါသည်။ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် ဘီဘီစီက တာဝန်မယူပါ။

End of Facebook post