တောင်ကိုရီးယား ညစ်ညမ်းဝက်ဆိုက်ထောင်သူကို ရဲဖမ်း

ဓာတ်ပုံ ရင်းမြစ်, YONHAP
တောင်ကိုရီးယား နိုင်ငံမှာ ဆိုရာနက်ဆိုတဲ့ ညစ်ညမ်း ဝက်ဆိုက် တည်ထောင်ခဲ့သူတွေထဲက တယောက်ကို ရဲက ဖမ်းဆီး လိုက်ပြီ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ဗီဒီယို အရိုက်ခံ နေရမှန်း မသိရဘဲ ဖိုမ သဘာဝ နေထိုင်ကြတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ထောင်နဲ့ချီပြီး အဲဒီ ဝက်ဆိုက်ပေါ် ကာယကံရှင် အမျိုးသမီးတွေရဲ့ သဘောဆန္ဒ မပါဘဲ တင်ထားကြတာ ဖြစ်ပါတယ်။
ဒီဝက်ဆိုက်ကို ကိုရီးယား အစိုးရက ၂ဝ၁၆ ထဲက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
မပိတ်ခင်အထိ အသုံးပြု ဝင်ကြည့်သူ တသန်းကျော် ရှိခဲ့ပါတယ်။
မစ္စ ဆောင်းလို့သာ နာမည် အတိုကောက် သိရတဲ့ အခု ဖမ်းခံ ထားရသူကတော့ စွပ်စွဲချက်တွေကို ငြင်းဆန် ထားပါတယ်။
ဒီဆိုက်ကို ဝင်ပြီး ကြည့်ရှုသူတွေကနေ ဒီဗီဒီယိုတွေကို ရတာလို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein.
ညစ်ညမ်းဗီဒီယိုတွေ ထုတ်လုပ်ဖြန့်ချိတာဟာ တောင်ကိုရီးယားမှာ တရားမဝင် လုပ်ငန်းဖြစ်ပြီး မစ္စဆောင်းကို ကလေးသူငယ် လူမမည်တွေနဲ့ လိင်ဆက်ဆံမှုက ကာကွယ်ရေး ဥပဒေနဲ့ စွဲဆိုထားပါတယ်။
သူတို့ လင်မယား နဲ့ တခြား လူ နှစ်ယောက်က ဒီဝက်ဆိုက်ကို ပြည်ပ ဆာဗာတွေ သုံးပြီး ၁၉၉၉ ကနေ ၂ဝ၁၆ အထိ လည်ပတ်ခဲ့ပါတယ်။
ဒီထဲက ပြည်ပ နိုင်ငံကူး လက်မှတ်ကိုင်ထားတဲ့ သုံးယောက်က ခုထိ ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ဆက်စပ်ပြီး မသင်္ကာသူ နှစ်ယောက်ကိုလည်း တောင်ကိုရီးယားမှာ ဖမ်းထားပါပြီ။

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE
ဒီဝက်ဆိုက်ထောင်သူတွေဟာ တရားမဝင် ပြည့်တန်ဆာရုံတွေနဲ့ လောင်းကစား လုပ်ငန်းတွေကနေ ရတဲ့ ကြော်ငြာတွေနဲ့ ချမ်းသာနေတာလို့ တောင်ကိုရီးယားရဲက ပြောပါတယ်။
အိမ်သာတွေနဲ့ စတိုးဆိုင် အဝတ်လဲခန်းတွေမှာ ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ ရည်းစားဟောင်းတွေက လက်စားချေပြီး တင်ထားတဲ့ ဗီဒီယိုတွေ အများအပြား ပါပါတယ်။
ဒီဗီဒီယိုတွေမှာ ပါသွားတဲ့ အမျိုးသမီးတချို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီအတွက် လူတွေကြားမှာ ပွက်လောရိုက်လာပြီးနောက် ဝက်ဆိုက်ကို ပိတ်ပစ်လိုက်တာပါ။

ဓာတ်ပုံ ရင်းမြစ်, JUNG YEON-JE
မေလမှာ လုပ်တဲ့ အမျိုးသမီး အခွင့်အရေး ချီတက်ပွဲမှာ တောင်ကိုရီးယား အမျိုးသမီး တသောင်းကျော် ဆိုးလ်မြို့တော်မှာ စုဝေးပြီး ဒီလို အင်တာနက်က လိင်မှုခင်းတွေကို ပိုပြီး စုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
အမျိုးသား မော်ဒယ် တယောက်ရဲ့ ကိုယ်လုံးတီးပုံကို ခွင့်မတောင်းဘဲ ရိုက်ပြီး အင်တာနက်မှာ တင်တယ် ဆိုပြီး အမျိုးသမီး မော်ဒယ်တယောက် အဖမ်းခံရပြီးနောက်လည်း အမျိုးသမီး အများအပြား ဒေါသထွက် ခဲ့ကြပါတယ်။
တရားခံက အမျိုးသမီး ဖြစ်နေလို့ ဒီလိုဖမ်းတာ ဆိုပြီး အမျိုးသမီးတွေက သမ္မတဆီ စာရေး ကန့်ကွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto








