ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၁၈ မယ်စကြဝဠာ ပြိုင်ပွဲ အသက် ၂၄ နှစ် အရွယ် ဖိလစ်ပိုင် အလှမယ် ဗိုလ်စွဲ
ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ ဖိလစ်ပိုင် အလှမယ် ကက်ထရီအိုနာ ဂရေး က မယ်စကြဝဠာဆု ကို ဆွတ်ခူး သွားခဲ့ ပါတယ်။
အဲဒီနောက်မှာ ဖိလစ်ပိုင် နိုင်ငံတဝန်းမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ ပြီး ဂုဏ်ပြု ထောက်ခံ သူတွေ ရှိသလို အလှမယ် ပြိုင်ပွဲတွေဟာ တကယ့် လူမှုပတ်ဝန်းကျင် နဲ့ ကင်းကွာ နေတယ် ဆိုတဲ့ ဝေဖန်ဆန့်ကျင်သူတွေလည်း ရှိပါတယ်။
ဖိလစ်ပိုင် အင်တာနက် အသုံးပြုသူ အများစု ကတော့ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးတဲ့ မစ္စ ဂရေး ကို ချီးကျူး ထောက်ခံ နေကြပါတယ်။
ဘန်ကောက်မှာ ကျင်းပတဲ့ မယ်စကြဝဠာ ပြိုင်ပွဲ ကို နိုင်ငံပေါင်း ၉၃ နိုင်ငံက အလှမယ် တွေ ပါဝင် ယှဉ်ပြိုင် ခဲ့ကြပါတယ်။ ဒုတိယ ဆု ကိုတော့ တောင်အာဖရိက အလှမယ် တာမန် ဂရင်း က ရရှိခဲ့ပြီး တတိယ ဆု ကိုတော့ ဗင်နီဇွဲလား အလှမယ် တက်ဖနီ ဂွီတာရက်စ် က အသီးသီး ရရှိခဲ့ကြပါတယ်။
မယ်စကြဝဠာ ဆု ကို ရရှိသွားတဲ့ ဖိလစ်ပိုင် အလှမယ် ဟာ ကန်းစ် မြို့မှာ ကြီးပြင်း ခဲ့တာဖြစ်ပြီး ဩစတြေးလျ နိုင်ငံသား ဖခင် နဲ့ ဖိလစ်ပိုင် မိခင် ဖြစ်သူ တို့ကနေ မွေးဖွားလာသူ တဦးလည်းဖြစ်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ က အလှမယ် ပြိုင်ပွဲတွေဟာ ထင်ရှား ကျော်ကြားပါတယ်။ ရပ်ကွက်တွေ၊ ကျောင်းတွေနဲ့ မြို့နယ် တိုင်းမှာ ကိုယ်စီ ကိုယ်စီ အလှမယ် ပြိုင်ပွဲတွေကို ကျင်းပလေ့ ရှိပါတယ်။ အဲဒီ ပြိုင်ပွဲတွေက တဆင့် ကမ္ဘာ့ အဆင့် ပြိုင်ပွဲတွေကို တက်ရောက် ယှဉ်ပြိုင် နိုင်အောင် လေ့ကျင့် ကြပါတယ်။
မယ်စကြဝဠာ ပြိုင်ပွဲမှာ ပထမ ဆု ကို ဆွတ်ခူး ရရှိခဲ့တဲ့ အတွက် နိုင်ငံတွင်း က လူတွေနဲ့ ကမ္ဘာ အရပ်ရပ် ကို ရောက်ရှိနေကြတဲ့ ဖိလစ်ပိုင် လူမျိုးတွေဟာ ဝမ်း မြောက်ဂုဏ် ပြုစကားတွေ ပြောဆို နေပါတယ်။
ဒီပြိုင်ပွဲ ကို မြန်မာ အလှမယ် နှင်းသွေးယုအောင်လည်း ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ နိုင်ငံ ကိုယ်စားပြု အနေနဲ့ သနပ်ခါး နဲ့ ကျောက်ပြင် ပုံကို ဒီဇိုင်း ထုတ်ပြီး ဝတ်စား ဆင်ယင် ခဲ့ပေမယ့် ဆုတံဆိပ် ဆွတ်ခူး ရရှိခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီနှစ်ပြိုင်ပွဲမှာ အမျိုးသား ကနေ အမျိုးသမီး အဖြစ် လိင် ခွဲစိတ် ပြောင်းလဲ ပြုပြင် ထားတဲ့ စပိန် အလှမယ် အန်ဂျလာ ပွန်ချေး ဟာလည်း ပထမ ဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။
မယ်စကြဝဠာ ပြိုင်ပွဲမှာ ဖိလစ်ပိုင် အလှမယ် တွေ ဗိုလ်စွဲတာ ယခု အကြိမ် နဲ့ ဆိုရင် စုစုပေါင်း ၄ ကြိမ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဖိလစ်ပိုင် အလှမယ် တွေဟာ ၁၉၆၉၊ ၁၉၇၃၊ ၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ မယ်စကြဝဠာ ဆုတွေကို ဆွတ်ခူး ရရှိထားပါတယ်။
မယ်စကြဝဠာ ပြိုင်ပွဲတွေ တိုင်း မှာ ဗိုလ်စွဲလေ့ ရှိတဲ့ တောင်အမေရိက နိုင်ငံသူတွေကို ကျော်ဖြတ် ဗိုလ်စွဲ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗင်နီဇွဲလား နိုင်ငံ က အလှမယ် တွေဟာ မယ်စကြဝဠာ ပြိုင်ပွဲ ခုနစ် ကြိမ် မှာ ဗိုလ်စွဲထားပြီး မယ်စကြဝဠာ ဆု အများဆုံး ဆွတ်ခူး ရရှိထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။