အင်ဒိုမှာ ငလျင်အပြီး အပူတပြင်း ရှာဖွေကယ်ဆယ်ရေး စတင်

indonesia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လေးလံတဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့ စက်ကိရိယာ အကန့်အသတ်လည်း ရှိနေ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ စက်တင်ဘာလ ၂၈ ရက်က လှုပ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ အပြီးမှာ ပိတ်မိနေသူတွေကို အပူတပြင်း ရှာဖွေ ကယ်ဆယ်ဖို့ လုပ်နေပေမယ့် လူအများအပြား ပိတ်မိနေနိုင်တဲ့ ဟိုတယ်နဲ့ ဈေးဝယ်စင်တာလို နေရာတွေက အပြိုအပျက်တွေကို ဖယ်ရှားဖို့အတွက် လိုအပ်တဲ့ စက်ကိရိယာတွေကို ကယ်ဆယ်ရေး သမားတွေက စောင့်မျှော်နေကြပါတယ်။

အင်ဒိုနီးရှားရဲ့ နိုင်ငံတော် သဘာဝဘေးအန္တရာယ်ဒဏ် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ ကလည်း ဆက်သွယ်ရေး အကန့်အသတ် အပြင် လေးလံတဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့ စက်ကိရိယာ အကန့်အသတ်လည်း ရှိနေပြီး ပြိုကျနေတဲ့ အပျက်အစီး အရေအတွက်နဲ့ မကာမိပဲ ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတဂျိုကို ဝီဒိုဒို ကလည်း ငလျင်ဒဏ်နဲ့ ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ အကူအညီကို လက်ခံဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကတဆင့် ရောဂါပြန့်ပွားမှာ စိုးရိမ်ရလို့ အစုလိုက် အပြုံလိုက် မြှုပ်နှံမှုတွေ လုပ်မယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, စက်ကိရိယာ အကန့်အသတ် ရှိနေပြီး ပြိုကျနေတဲ့ အပျက်အစီး အရေအတွက်နဲ့ မကာမိဘဲ ဖြစ်နေ

သီးခြား ခွဲမထားနိုင်တဲ့ လူနာတွေနဲ့ အလောင်းတွေ

ဆူလာဝေဆီကျွန်းက ပါလူမြို့ရဲ့ မမ်ဘိုရိုဆေးခန်း အပြင်ဘက်မှာ ခြေထောက်ကျိုးနေတဲ့ ငါးနှစ်အရွယ် ကလေးငယ် တဦးကို လူကြီးမိဘတွေ မပါဘဲ တွေ့ရှိခဲ့တဲ့အတွက် ကုသပေးနေရတယ်လို့ ဒေါက်တာ ဆာစိုနိုက ဘီဘီစီကို ပြောပါတယ်။

အဲဒီကလေးရဲ့ မိဘတွေ ဘယ်မှာလဲဆိုတာ မသိရဘဲ ဒီကလေး ကိုယ်တိုင်လည်း မမှတ်မိဘူးလို့ သူက ပြောပါတယ်။

ဒေါက်တာ ဆာစိုနိုရဲ့ ဆေးခန်း ပျက်စီးနေတဲ့အတွက် အဲဒီကလေးကို အပြင်ဘက်မှာပဲ ထမ်းစင်နဲ့ ထားရပြီး လျှပ်စစ်မီးလည်း မရှိတဲ့အတွက် ညမှောင်မှောင်ပဲ ဒီအတိုင်းထားရသလို ဘေးပတ်ပတ်လည်မှာတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေ ထည့်ထားတဲ့ အထုပ်တွေရှိနေတယ်လို့ ဆိုပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒဏ်ရာမရပဲ အသက်ရှင် ကျန်ရစ်သူတွေကလည်း အလောင်းတွေနဲ့ အပျက်အစီးတွေ ရှိနေတဲ့ကြားမှာ ယာယီ တဲထိုးပြီး နေထိုင် နေရ

အဲဒီ ရုပ်အလောင်းတွေရဲ့ ပိုင်ရှင် မိသားစုဝင်တွေ လာယူဖို့ စောင့်ချင်ပေမယ့် အနံ့အသက်တွေလည်း ထွက်လာတဲ့အတွက် မစောင့်နိုင်ဘဲ မြှုပ်ရတော့မယ်လို့လည်း ဒေါက်တာ ဆာစိုနိုက ပြောပါတယ်။

အဲဒီကလေးအပါအဝင် တခြားလူနာတွေကို ကုသဖို့အတွက် ဆေးဝါးပစ္စည်းတွေလည်း မလောက်မင ဖြစ်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ဒဏ်ရာမရဘဲ အသက်ရှင် ကျန်ရစ်သူတွေကလည်း အလောင်းတွေနဲ့ အပျက်အစီးတွေ ရှိနေတဲ့ကြားမှာ ယာယီ တဲထိုးပြီး နေထိုင် နေရတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး ဘယ်လောက် ခက်နေသလဲ

ငလျင်အပြီးမှာ ပျက်စီး ပိတ်ဆို့နေတဲ့ လမ်းတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် ပါလူမြို့အပြင်ဘက်က မြို့ရွာတွေက အခြေအနေကို အခုအချိန်အထိ မသိရသေးဘဲ ဖြစ်နေပါတယ်။

ပါလူမြို့တွင်းရဲ့ တချို့နေရာမှာတော့ လက်ကိုင်ဖုန်းလိုင်း မိတာရှိတယ်လို့ ဒေသခံ သတင်းဌာနတွေက ပြောပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အပျက်အစီးတွေအောက် ရောက်နေသူတွေထဲက တွေ့ရှိ လက်လှမ်းမီသူတွေကို အစားအစာနဲ့ ရေပေးထား

မြို့တွင်း ဟိုတယ်တခုဖြစ်တဲ့ ရိုအာ-ရိုအာ ဟိုတယ် အပျက်အစီးတွေအောက်က ကလေးငယ်တွေရဲ့ အသံ အပါအဝင် အော်ဟစ်နေတဲ့ အသံတွေကို ကြားခဲ့ရပြီးမှာ လူ သုံးယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် လူ ၅၀ ကျော် အထိ ပိတ်မိ နေနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတဦးက AFP သတင်းဌာနကို ပြောပါတယ်။

အခုလို အပျက်အစီးတွေအောက် ရောက်နေသူတွေထဲက တွေ့ရှိ လက်လှမ်းမီသူတွေကို အစားအစာနဲ့ ရေပေးထားပြီး အပြိုအပျက်တွေ ဖယ်ရှားဖို့ စက်ကိရိယာတွေ ရောက်မလာသေးတဲ့အတွက် စိတ်မပျက်အောင် အားပေးနေရတယ်လို့လည်း သူက ပြောပါတယ်။

တခြား ဘာအခက်အခဲတွေ ရှိနေလဲ

ငလျင်နဲ့ ဆူနာမီဒဏ်ကို တိုက်ရိုက်မခံရတဲ့အတွက် မပျက်စီးဘဲ ကျန်ခဲ့တဲ့ အိမ်ရှင်တွေကလည်း အိမ်ပြန် မနေဝံ့ကြဘဲ ပြင်ပက အပျက်အစီးတွေကြားမှာပဲ နေကြတဲ့ အခြေအနေကိုလည်း တွေ့ရပါတယ်။

ဆေးရုံ ဆေးခန်းတွေ ပျက်စီးနေတဲ့ အတွက် လူနာတွေကို အဲဒီ အဆောက်အအုံတွေရဲ့ အပြင်ဘက်မှာပဲ တဲထိုး ကုသပေးနေရတဲ့ ပြဿနာတွေ ရှိနေပါတယ်။

အဲဒီ ပြဿနာတွေအတွက် အင်ဒိုနီးရှား စစ်တပ်က မြေပြင် ဆေးရုံ ထူထောင်ပေးထားတဲ့အပြင် မပျက်စီးတဲ့ ကျန်နေတဲ့ လေဆိပ်က လေယာဉ်ပြေးလမ်းမှာ နေရာယူပြီး အကူအညီတွေ သယ်လာပေးတာနဲ့ ဒဏ်ရာ ပြင်းထန်သူတွေကို ဆေးရုံကြီးတွေမှာ ကုသပေးဖို့အတွက် လေယာဉ်နဲ့ သယ်သွားပေးတာတွေ လုပ်နေပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒဏ်ရာ ပြင်းထန်သူတွေကို ဆေးရုံကြီးတွေမှာ ကုသပေးဖို့အတွက် လေယာဉ်နဲ့ အင်ဒိုနီးရှား စစ်တပ်က သယ်သွားပေး

ဒဏ်ရာရသူတွေ အပါအဝင် အသက်ရှင်ကျန်ရစ်သူတွေအတွက် ကျန်းမာရေးအထောက်အပံ့နဲ့ အမိုးအကာတွေ မလုံမလောက်ဖြစ်နေပြီး ဒါတွေကို ထောက်ပံ့ပေးနေတယ်လို့ Save The Children အဖွဲ့က ကြီးကြပ်သူတဦးက ပြောပါတယ်။

အခုလို အထောက်အပံ့ ပစ္စည်းတွေ မလုံလောက်တဲ့အတွက် ရွေးစရာ လမ်းမရှိတော့ပဲ ပျက်စီးနေတဲ့ ဆိုင်တွေထဲကို ဖောက်ထွင်း ဝင်ရောက်ပြီး ဆေးဝါး၊ အစားအစာနဲ့ ရေတွေ ယူသုံးနေရတယ်လို့ အခုလို လုပ်ခဲ့သူ တဦးက AFP သတင်းဌာနကို ပြောပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, USGS

ဘာဖြစ်လို့ ဒီဆူနာမီကြောင့် အပျက်အစီးများခဲ့တာလဲ

၂၀ဝ၄ ဆူနာမီ ဘေးအန္တာရာယ် ကျရောက်ပြီးနောက်ပိုင်းမှာ ပစိဖိတ်ဒေသတခုလုံး အဆင့်မြင့် ဆူနာမီ သတိပေးစနစ် တပ်ဆင်ထားတဲ့ ကြားက ဒီဆူနာမီအတွက် ဘာ့ကြောင့် သတိပေး ကာကွယ်မှု အားနည်းခဲ့သလဲ ဆိုတာကတော့ မရှင်းလင်းသေးပါဘူး။

အင်ဒိုနီးရှားရဲ့ နိုင်ငံတော် သဘာဝဘေးအန္တရာယ်ဒဏ် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ ကတော့ အဲဒီ သတိပေးစနစ် ကွန်ရက်မှာ အင်ဒိုနီးရှားက တာဝန်ယူရတဲ့အပိုင်းအတွက် ရန်ပုံငွေ အားနည်းတဲ့ ပြဿနာ ရှိနေတယ်လို့ ဆိုပါတယ်။

indonesia

ဓာတ်ပုံ ရင်းမြစ်, NASA/Indonesian Agency for Meteorology

ဓာတ်ပုံ ပုံစာ, ပါလူးမြို့ရှိတဲ့ ကမ်းခြေဟာ ကျဉ်းမြောင်းတဲ့ ပင်လယ်အော်လို ဖြစ်နေတဲ့အတွက် ဆူနာမီလှိုင်းငယ်တွေကို စုပြီး မြှင့်ပေးလိုက်သလို ဖြစ်တာကြောင့် လှိုင်းအမြင့်ကြီးသွားရတာလို့ သုံးသပ်

အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ဘူမိဗေဒနဲ့ ရာသီဥတုဆိုင်ရာ ဌာနရဲ့ ငလျင်အပြီး ဆူနာမီ လှိုင်းအမြင့် ခန့်မှန်းချက်ကလည်း လွဲချော်ခဲ့ပြီး တကယ်တမ်း ၆ မီတာ (၁၈ ပေ) လောက်ရှိတဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့တာကို မီတာဝက်လောက်ကနေ သုံးမီတာအထိ မြင့်တဲ့ ဆူနာမီလှိုင်းလာမယ်ဆိုပြီး သတိပေးချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆူနာမီ ဖြစ်စေခဲ့တဲ့ ငလျင်ဟာ အထောက်အောက် လှုပ်တဲ့ ငလျင် မဟုတ်ပဲ အလျားလိုက် ပြန့်ပြီး လှုပ်တဲ့ ငလျင်ဖြစ်တဲ့အတွက် ဆူနာမီ လှိုင်းကြီးကြီး ဖြစ်စေတဲ့ ငလျင်တော့ မဟုတ်ဘူးလို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းနည်းပညာကျောင်းရဲ့ သမုဒ္ဒရာပိုင်းဆိုင်ရာ ပညာရှင် ဒေါက်တာ ဟန်မ်ဇား လတိဖ်ကတော့ ပါလူမြို့ရှိတဲ့ ကမ်းခြေဟာ ကျဉ်းမြောင်းတဲ့ ပင်လယ်အော်လို ဖြစ်နေတဲ့အတွက် ဆူနာမီလှိုင်းငယ်တွေကို စုပြီး မြှင့်ပေးလိုက်သလို ဖြစ်တာကြောင့် လှိုင်းအမြင့်ကြီးသွားရတာလို့ သုံးသပ်ထားပါတယ်။