ချစ်တယ်လို့ပုံဖော်တဲ့ K-pop လက်သင်္ကေတ လုပ်ပြတဲ့ ကင်ဂျုံအွန်း

ချစ်တယ်လို့ပုံဖော်တဲ့ K-pop လက်သင်္ကေတ လုပ်ပြတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်

ဓာတ်ပုံ ရင်းမြစ်, SOUTH KOREA BLUE HOUSE TWITTER

ဓာတ်ပုံ ပုံစာ, ချစ်တယ်လို့ပုံဖော်တဲ့ K-pop လက်သင်္ကေတ လုပ်ပြတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ပြုလုပ်ခဲ့တဲ့ တောင်- မြောက် ကိုရီးယားနှစ်နိုင်ငံ တွေ့ဆုံမှုအပြီး ထွက်ပေါ်လာတဲ့ ဓာတ်ပုံတပုံဟာ တောင်ကိုရီးယား နိုင်ငံသားအတွက် စိတ်ပျော်ရွှင်စရာ ဖြစ်စေပါတယ်။

အဲဒီဓာတ်ပုံဟာ နှစ်နိုင်ငံခေါင်းဆောင်တွေက မြောက်ကိုရီးယားနိုင်ငံက သမိုင်းဝင် ပေ့ခ်တူ တောင်ပေါ်မှာ စုပေါင်းရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ ခေါင်းဆောင်ကင်က တောင်ကိုရီးယားသမ္မတ အဖွဲ့တွေလို K-pop အဆိုတော်တွေရဲ့ ချစ်တယ်လို့ ပုံဖော်တဲ့ လက်သင်္ကေတမျိုး လုပ်ခဲ့တာပါ။

K-pop အဆိုတော်တွေ သီချင်းသီဆိုချိန်မှာ ပရိသတ်တွေကို လက်အမူအယာနဲ့ လုပ်ပြလေ့ရှိတဲ့ ချစ်ပါတယ်ဆိုတဲ့ သင်္ကေတပုံစံမျိုး မြောက်ကိုရီးယား ခေါင်းဆောင်ကင်က လုပ်ခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဆောင်ကင်က အဲဒီ လက်သင်္ကေတမျိုးလုပ်ဖို့ ဘယ်လိုလုပ်ရတာလဲ၊ ထပ်တူကျတဲ့ပုံစံ လုပ်နိုင်ပါ့မလားလို့ ပြောခဲ့တယ်လို့ တောင်ကိုရီးယား အိမ်ပြာတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒီလက်သင်္ကေတဟာ တောင်ကိုရီးယားနိုင်ငံမှာ K-pop အဆိုတော်တွေက စင်မြင့်မှာ တေးသီချင်း သီဆို ဖျော်ဖြေချိန် အားပေးနေတဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားတဲ့ သင်္ကေတ ဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ပြောပါတယ်။

ခေါင်းဆောင်ကင် လုပ်ဆောင်ခဲ့တဲ့ လက်သင်္ကေတကနေ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဖို့အတွက် တိုးတက်မှုတွေ ရှိလာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က စပြီး မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ နျူကလီးယား ဖျက်သိမ်းရေးအတွက် တောင်-မြောက်ကိုရီးယားခေါင်းတွေ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုအတွင်း နျူကလီးယား ဒုံးလက်နက် စမ်းသပ်တဲ့ နေရာတွေထဲက တခုကို အပြီးသတ် ပိတ်ပစ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်းက သဘောတူခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်း

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မြို့ကို မကြာတော့တဲ့ အနာဂတ်မှာ သွားရောက်ဖို့ မျှော်လင့်တယ်လို့ ခေါင်းဆောင်ကင်က အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီနှစ်အစောပိုင်း ဧပြီနဲ့ မေလတွေမှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်တို့ တောင်နဲ့ မြောက် နှစ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံခဲ့ပေမယ့် နျူလီးယား ဖျက်သိမ်းရေး ကိစ္စကို ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။

ပြုံးယမ်းမြို့က ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက် ကျေနပ်စရာ ဖြစ်ခဲ့ပြီး အပေါင်းလက္ခဏာ ဆောင်လာတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။