နျုဖျက်သိမ်းရေး တောင်နဲ့မြောက် ကိုရီးယား ခေါင်းဆောင်တွေ ပြုံယမ်းမှာတွေ့

ဓာတ်ပုံ ရင်းမြစ်, Reuters
နျူကလီးယား ဖျက်သိမ်းရေးအတွက် ဆွေးနွေးဖို့ တောင်ကိုးရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
ဒီနှစ် ဧပြီနဲ့ မေလမှာ သမ္မတ မွန်ဂျေအင်းနဲ့ မစ္စတာကင်တို့ တောင်နဲ့ မြောက် နှစ်နိုင်ငံ နယ်စပ်မှာ တွေ့ဆုံခဲ့ပေမယ့် နျူကလီးယား ဖျက်သိမ်းရေး ကိစ္စကို ဆွေးနွေးခဲ့ခြင်း မရှိတာကြောင့် ဒီခရီးစဉ်က အရေးပါတဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ အခွင့်အလမ်းတခုလို့ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒီခရီးစဉ်အတွင်း အရင်က တွေ့ဆုံခဲ့ရာမှာ သဘောတူညီခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်း ကြွယ်ဝရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ ပတ်သက်တဲ့ ပန်မွန်ဂျုံ ကြေညာချက်ကို အကောင်ထည် ဖော်ဖို့ ဖြစ်ပြီး တောင်နဲ့ မြောက်ဆက်ဆံရေး ပိုမို တိုးတက်ကောင်းမွန်စေဖို့လို့လည်း ဆိုပါတယ်။
အခုတော့ တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်းနဲ့ ဇနီး ကင်ဂျွန်ဆုတ် တို့ဟာ ပြုံယမ်းကို အင်္ဂါနေ့ မနက်မှာ သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိသွားပါပြီ။
တောင်ကိုးရီးယားသမ္မတနဲ့ ဇနီးကို မြောက်ကိုရီးယားဘက်က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးနေတာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့အချိန်မှာ မစ္စတာ မွန်ဂျေအင်း ပြုံယမ်းကို သွားခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်နွေရာသီ ဧပြီလက သမိုင်းဝင်တွေ့ဆုံမှုဖြစ်တဲ့ တောင်နဲ့မြောက်ကိုးရီးယားနယ်စပ်မှာ နှစ်နိုင်ငံခေါင်းဆောင် နှစ်ယောက်ရဲ့ တွေ့ဆုံပွဲအပြီး တတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။








