လူကိုးဆယ်ကျော် အရိုးစုတွေ သီရိလင်္ကာမှာ တွေ့လာ

သီရိလင်္ကာ
ဓာတ်ပုံ ပုံစာ, သေမှု သေခင်း ကျွမ်းကျင် ပညာရှင်တွေက အရိုးစုတွေကို စစ်ဆေးကြပြီ

သီရိလင်္ကာ နိုင်ငံ အနောက် မြောက်ပိုင်း Mannar မန်နာ မြို့မှာ လူကိုးဆယ်ကျော်ရဲ့ အရိုးစုတွေ မြုပ်ထားတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ၂၀၀၉ ပြည်တွင်း အဆုံးသတ်ပြီး နောက်ပိုင်းလူအစုလိုက် အပြုံလိုက် မြုပ်နှံထားတာကို ဒုတိယ အများဆုံး တွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာဟာ စစ်မက် ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပြီး အသေးစိတ် တူးဖော် စစ်ဆေးဖို့ တရားသူကြီး တယောက်က အမိန့်ထုတ်ထားပါတယ်။

ဒီနေရာဟာ တချိန်တုန်းက လူအများအပြား မြုပ်နှံထားတဲ့ နေရာ ဖြစ်နိုင်ပြီး လူအရိုးစု အပိုင်းအစကို ဆောက်လုပ်ရေး လုပ်သားတွေက တွေ့ခဲ့ရာက သတိထားမိလာတာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူတွေလဲ ၊ သူတို့ကို သတ်ဖြတ်သူ တွေကကော ဘယ်သူတွေလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ခုလို အလောင်းအများအပြား တစုတည်း တွေ့ရတဲ့ အပေါ် မေးခွန်းထုတ်နေကြပါတယ်။

သီရိလင်္ကာမှာ ကာလရှည်ကြာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူသောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ထောင်နဲ့ချီ ပျောက်ဆုံးလျက် ရှိတာ ဖြစ်ပါတယ်။

၂၆ နှစ် ကြာခဲ့တဲ့ စစ်ပွဲ အတွင်း အနည်းဆုံး လူ ၁ သိန်း သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာ
ဓာတ်ပုံ ပုံစာ, တူးဖော်ရတဲ့ လူအရိုးစု

သီရိလင်္ကာ နိုင်ငံမှာ အစိုးရ စစ်တပ်နဲ့ တမီလ်ကျား သူပုန်တွေ အကြား တိုက်ခိုက်မှုတွေ အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် အထူးခုံရုံး တစ်ခု ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ဖူးပါတယ်။

အချိန် အတော်ကြာပြီးမှ ထွက်လာတဲ့ အစီရင်ခံစာ ထဲမှာ ကြမ်းကြုတ် ရက်စက်မှုတွေ အတွက် (အထူးသဖြင့် စစ်ပွဲတွေ အဆုံးသတ်တဲ့ ၂၀၀၉ ခုနှစ်က နောက်ဆုံး စစ်ပွဲတွေ အတွင်း ကြမ်းကြုတ်မှုတွေ အတွက်) သီရိလင်္ကာ စစ်တပ်နဲ့ တမီလ် ကျား သူပုန် နှစ်ဘက်စလုံးကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက စွပ်စွဲ ထားပါတယ်။

စစ်ရာဇဝတ်မှုတွေကို စစ်ဆေးမယ့် အထူး ခုံရုံးမှာ နိုင်ငံတကာက စုံစမ်း စစ်ဆေးသူတွေနဲ့ တရားသူကြီးတွေ ပါဝင်ဖို့လည်း အဲဒီ အစီရင်ခံစာက ပြောပါတယ်။

သီရိလင်္ကာ အစိုးရကတော့ နိုင်ငံတကာက လူတွေနဲ့ ခုံရုံးဖွဲ့ဖို့ ငြင်းဆန်ထားပါတယ်။

ကုလသမဂ္ဂ ခန့်မှန်းချက် တစ်ခုအရ သီရိလင်္ကာ စစ်တပ်ရဲ့ နောက်ဆုံး ထိုးစစ် အတွင်းမှာ တမီလ် ကျားသူပုန် ၄ သောင်းလောက် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

အခု သီရိလင်္ကာ အစိုးရသစ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်ရာဇဝတ်မှု စွဲချက်တွေကို စုံစမ်း စစ်ဆေးဖို့အတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်းမယ့် အစီအစဉ်တွေကို ချပြ ခဲ့ပါတယ်။

အရင် သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာ လက်ထက်တုန်းကတော့ စစ်ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတကာရဲ့ ဖိအား ပေးမှုတွေကို ခုခံ ချေပ ခဲ့ပါတယ်။