ခရယ်လားရေကြီးမှုကယ်ဆယ်ရေး ဝန်ကြီးချုပ်စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Image copyrightINDIAN GOVERNMENT
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း ခရယ်လား ပြည်နယ်မှာ ရေလွှမ်းမိုးမှုလို့ ပျက်စီးနေတာကို သွားကြည့်ခဲ့ပါတယ်။
ဒီလိုရေကြီးမှုဟာ ရာစုနှစ်အတွင်း အဆိုးဆုံးရေကြီးမှု ဖြစ်ပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ သောကြာနေ့မှာ အဲဒေသကို ရောက်သွားပြီး အဆိုးဝါးဆုံး ထိခိုက်တဲ့နေရာတွေကို လိုက်ကြည့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က မိုးရွာ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၃၂၄ ယောက် သေဆုံးခဲ့ပြီး လူနှစ်သိန်းထက်မနည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
စစ်တပ်ရဟတ်ယဉ်တွေက ဒီမိုးကြီးမြေပြိုမှုတွေမှာ ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုမှာ ကူညီခဲ့ကြပါတယ်။
လာမယ့် စနေနေ့နဲ့ တနင်္ဂနွေနေ့တို့မှာ အဲဒီဒေသမှာ မိုးပိုရွာပြီး လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဇွန်လက စတင်ခဲ့တဲ့ မိုးရာသီအတွင်းမှာ အိန္ဒိယကို ဖြတ်ပြီး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအတွင်း လူအယောက် တထောင်နီးနီး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ စက်လှေတွေနဲ့ စစ်တပ်တွေကို ဒီထက်ပိုတိုးပြီး ရေဘေးသင့်ဒေသကို လွှတ်နေပါတယ်လို့ ပြည်နယ် အစိုးရအရာရှိတဦးဖြစ်တဲ့ ပီအိတ်ချ် ကူရိန်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေနဲ့ သောက်သုံးရေတွေ သယ်ဆောင်လာတဲ့ အထူးရထားနဲ့ ရဟတ်ယာဉ် အများအပြား အဲဒီနေဒေသကို ရောက်နေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီရေကြီးမှုဟာ နှစ်ပေါင်းတရာအတွင်း မမြင်ဖူးခဲ့တဲ့ အဆိုးဆုံးရေကြီးမှု ဖြစ်တယ်လို့ ခရယ်လား ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ပင်နရာရီ ဗီဂျာယမ်က ပြောပါတယ်။
လူပေါင်း ၂၂၃, ၀၀၀ ကျော်နေထိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေး စခန်း ၁၅၀၀ ကျော်ကို ဖွင့်ထားတယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ခရယ်လားပြည်နယ်ရဲ့ အဓိက စီးပွားရေးမြို့တော် ကိုချင်မြို့မှာတော့ လမ်းတွေ မီးရထားလမ်းတွေဟာ ရေနစ်မြှုပ်နေပြီး သွားလာရခက်ခဲနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။
တချို့ဒေသတွေမှာတော့ ဒေသခံတွေရဲ့ ရော်ဘာစိုက်ခင်းတွေ ၊ ကော်ဖီ ၊လက်ဖက်စိုက်ခင်းတွေအပြင် အမွှေးအကြိုင်ထုတ်တဲ့ စက်ရုံတွေရေနစ်မြှုပ် ပျက်စီးခဲ့ရတယ်လို့ သတင်းတွေထဲရေးသားထားကြပါတယ်။
ဒီလိုရေကြီးနစ်မြှုပ်မှုတွေကြောင့် ပြည်နယ်ထဲက စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပြီး လုံခြုံရေးတွေ တိုးမြှင့်ထားခဲ့ရပါတယ်။








