ကမ္ဘောဒီးယား ရွေးကောက်ပွဲ မဲ အပြတ်အသတ် အနိုင်ရလို့ ဟွန်ဆန် ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘောဒီယား နိုင်ငံမှာ ကျင်းပ နေတဲ့ အထွေထွေ ရွေးကောက်ပွဲကို အပြတ် အသတ် အနိုင် ရရှိကြောင်း ၁၉၈၅ ခုနှစ် ကတည်း က နိုင်ငံကို အုပ်ချုပ် နေခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန် က ပြောပါတယ်။
ကမ္ဘောဒီယား ပြည်သူ့ပါတီ CPP ဟာ လွှတ်တော် အမတ် ၁၂၅ နေရာ အနိုင် ရရှိပြီး မဲရလဒ် ၇၇.၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ် က ကျင်းပ ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ကျဉ်းမြောင်းတဲ့ မဲရလဒ် နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ကမ္ဘောဒီးယား နိုင်ငံ ပြန်လည် ကယ်တင်ရေး ပါတီ ကတော့ ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခြင်း မရှိခဲ့ပါဘူး။
အခု ရွေးကောက်ပွဲ ဟာ အယောင်ပြ အရေခြုံရွေးကောက်ပွဲ ဖြစ်ပြီးတော့ မဲရလဒ် ကို ပယ်ဖျက် ပေးဖို့ကိုလည်း သူတို့ က တောင်းဆို ထားပါတယ်။ ကမ္ဘောဒီယား နိုင်ငံ ပြန်လည် ကယ်တယ်ရေး ပါတီဟာ နိုဝင်ဘာလမှာ တရားရုံးချုပ်ရဲ့ အမိန့်နဲ့ ဖျက်သိမ်းခြင်း ခံထား ရတာ ဖြစ်ပြီး ဒီတစ်ကြိမ် ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ သူတို့ ဟာ လွှတ်တော် အမတ် ၅၅ နေရာ အထိ အနိုင် ရရှိခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ CPP ပါတီက ၆၈ နေရာ အနိုင် ရရှိခဲ့တာပါ။ အခုတကြိမ် ရွေးကောက်ပွဲမှာတော့ CPP က ၁၂၅ နေရာ နဲ့ မဲအပြတ် အသတ် ရရှိခဲ့တယ် လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကမ္ဘောဒီယား ရွေးကောက်ပွဲဟာ မသမာမှုတွေနဲ့ ပြည့်နှက်နေကြောင်း အမေရိကန် တာဝန် ရှိသူတွေက ဆိုပါတယ်။ နောက်ပြီး ကမ္ဘောဒီယား အပေါ် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
သမ္မတ ထရမ့် အစိုးရ အနေနဲ့ ကမ္ဘာဒီယား အရာရှိ တွေကို ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုတွေ ချမှတ် အရေးယူဖို့ စဉ်းစား နေကြောင်းလည်း အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။
အခု အထွေထွေ ရွေးကောက်ပွဲမှာ မဲလာ ပေးသူ ရာခိုင်နှုန်း ၈၂ ရာခိုင်နှုန်း အထိ ရှိခဲ့ပေမယ့် ကျေးလက် နဲ့ တောရွာက အလုပ်သမား၊ လယ်သမား အများစု ဟာ မဲပေးဖို့ ဖိအားပေး ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ် နေပါတယ်။
အမေရိကန် တို့ ရဲ့ စွပ်စွဲ ပြောဆို မှု တွေကို ကမ္ဘောဒီယား တာဝန် ရှိသူတွေက ငြင်းဆို ခဲ့ကြပြီး ရွေးကောက်ပွဲ ကို အခြား နိုင်ငံရေး ပါတီ ၁၉ ပါတီ က ကိုယ်စားလှယ် တွေလည်း ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြတယ်လို့ ပြောပါတယ်။









